ဝါဆိုလပြည့်နေ့အတွေးများ (၂)
7 months ago
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းသည် ယခုအခါ၌ ခေတ်စားလျက်ရှိသည်။ ဒီဇင်ဘာ အားကစားလတွင် ရပ်ကွက်အလိုက် အသင်အဖွဲ့အလိုက် လမ်းလျှောက်ပွဲက လေးများကိုပင် စုပေါင်းဆင်နွှဲလျက်ရှိကြသည်။ လမ်း လျှောက်ရခြင်းသည် ကိုယ်လက် လှုပ်ရှားရသဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်သင့်မြတ်လှ သည်။ အေးချမ်းသော ရာသီများ၌ပင် ချွေးများ စို့တွဲလာတက်သည်။ လက်များကို လှုပ်ရမ်း၍ လျှောက်ခြင်း နှင့်အတူ လူမှာ မြူးကြွလန်းဆတ်လာသည်။ ချမ်းမြေ့ပျော်ရွှင်ခြင်းနှင့် အတူ အားသစ်မာန်သစ် ဥာဏ်သစ်များ ၀င်၍ လာနိုင်သည်။ လမ်းလျှောက်ခြင်း အကျိုး ကျေးဇူးများကို ဗုဒ္ဓကိုယ်တိုင်ပင် ဖော်ထုတ် မိန့်ကြားခဲ့သည်။ချစ်သားတို့ လမ်းလျှောက်ခြင်းဖြင့် ……(၁) ကြံ့ကြံ့ခိုင် ခရီးသွားနိုင်ခြင်း၊(၂) ကြံ့ကြံ့ခိုင် ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ခြင်း၊(၃) အနာရောဂါ ကင်းရှင်းခြင်း၊(၄) စားသောက်သမျှ အစာကြေစေနိုင်ခြင်း၊(၅) လမ်းလျှောက်ရင်း ရအပ်သော သမာဓိသည် ပိုမိုခိုင်ကျည်တည်မြဲခြင်းဟု ဆိုအပ်သော အကျိုးငါးမျိုးကို မုချရနိုင်ပေသည်ဟု မိန့်ဆိုခဲ့၏။ (အင်္ဂုတ္တရပါဠိ ပထမပဏ္ဏာသ စင်္ကမသုတ်)လမ်းလျှောက်ခြင်း အကျိုးများကို ဗုဒ္ဓမြတ်စွာကိုယ်တိုင်ကပင် ဤသို့မိန့်ကြားထားပေရာ စာရေးသူအနေဖြင့် အမွှန်းတင်ချယ်လှယ်၍ တင်ပြရန် လိုမည်မထင်ပါ။ သို့ရာတွင် လူသားတို့၏ စိတ်ဆန္ဒမည်သည် ဆန်းကြယ်၏။ အကျိုးထူးများကို ဒိဋ္ဌမြင်တွေ့နေရ သော်လည်း လက်တွေ့ကျင့်သုံးနိုင်သူကား ရှာမှရှားဟု ဆိုရမည်ပင်ဖြစ် သည်။အသိ (၀ိဇ္ဇာ)ရှိသော်လည်း လက်တွေ့ကျင့်သုံးခြင်း (စရဏ)မှကင်းကွာလျက် နေတက် ကြပေသည်။ ပမာ ဆိုသော် လောကီလူသားတို့သည် အမှားပြုသူအား ကဲ့ရဲ့သဂြိုဟ် စကားဆိုတတ်ကြသည်။ သို့သော် ထိုသူ၏ အမှားကို မိမိတို့ထပ်မမှားရလေအောင် သင်္ခန်းစာအဖြစ် မှတ်ယူသူကား ရှာမှရှားသကဲ့သို့တည်။ စာရေးသူ ကိုယ်တွေ့တင်ပြပါမည်။ စာရေးသူကိုယ်တိုင်ပင် အစားမဆင်ခြင်မှုကြောင့် တနေ့တခြား အလေး ချိန်တိုးလျက် နေပါသည်။ ခန္ဓာကိုယ်မှာ ၀ဖြိုးလျက်ဗိုက်ကြီးမှာ တဟုန်တည်း စူတွဲလာနေပါသည်။ လမ်းလျှောက်ရခက်ခြင်း၊ အလုပ်လုပ်ရာတွင် ဖင့်နှေးထိုးမှိုင်းလာခြင်းတို့ကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်လျက်ရှိ ပါသည်။ ပိန်သူက၀ ချင်သလောက် ၀နေသူက၀မချင်၊ အလွန်ပိန်ချင်၏။ ထိုအခါ လူပိန်ဆေး ကို အပူတပြင်း ရှာမိပါသည်။ ဆေးကားတွေ့ပါပြီ၊ လမ်းလျှောက်ရမည်တည်း။ ဆေးဖော်နည်းကား ငွေတပြား မှမကုန်ကြ၊ ငှက်သိုက်၊ ကြံ့သွေးတို့လို ခက်ခက်ခဲခဲ ရှာရန်လည်း မလို၊ နေ့စဉ် အချိန်မှန်မှန်ထား လမ်းလျှောက်ရန်သာ လိုသည်။ဤဆေးကို စာရေးသူ မှန်မှန်စားသလား အစတွင် မစားမိပါ၊ ပျက်ကွက်ခဲ့သည်ကများ ပါသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသကဲ့သို့ ဤအတိုင်းသာ အ၀တိုးနေလျှင် မဖြစ် တော့ပြီဟု စိတ်ကိုတင်း၍ ခရီရှည် ခြေလျင် လျှောက်ခြင်း၊ အချိန်ချိန်မှန်မှန် လမ်း လျှောက်ထွက်ခြင်းများကို စွဲမြဲစွာကျင့်ရပါတော့သည်။ ၀ခြင်းသည်မတိုး၊ ရပ်ဆိုင်းနေခြင်းကို ကိုယ်တွေ့ကြုံနေရပါပြီဖြစ်သည်။ ၀မ်းချုပ် ဆီးချုပ်ခြင်းဘေးမှလည်း တဖြေးဖြေးကင်းဝေးလျက်ရှိပါသည်။ ၀မ်းတလုံးကောင်း ခေါင်းမခဲဆိုသကဲ့သို့ လမ်းလျှောက်ခြင်းကြောင့် အစာကြေညက်လာသည်။ ဆီးဝမ်းမှန် သည်။ ထို့ကြောင့် ၀က်ခြံများ ထူထပ်စွာပေါက်ခြင်း၊ လက်ဆစ်ခြေဆစ် များဖောခြင်း၊ ခေါင်းကိုက် ၀မ်းနာခြင်းဘေးတို့မှလည်း ကင်းရှင်းလျက်ရှိပါသည်။ “ငယ်ငယ်က အတော်ပဲချူချာခဲ့သကွယ်၊ ဒီဆွမ်းခံဝတ်သာ မမြဲခဲ့ဘူးဆိုရင် ခုလိုကျန်းမာ သန်စွမ်းမှာလဲ မဟုတ် ဘူး၊ ခုလောက်လဲ အသက်ရှည်မှာ မဟုတ်ဘူး၊ မိုးရွာနေပူမရှောင် ဆွမ်းခံဝတ် မြဲခဲ့လို့သာ ခုလောက်ထိ ကျန်းမာသန်စွမ်းနေတာပဲ” မြို့သာစမ်းချောင်းတောရ ဆရာဘုရားကြီးက ဤသို့မိန့်ဘူး၏။ မှန်ပါသည်၊ အသက် (၇၀)ပင်ကျော်သော်လည်း ဆရာတော်သည် နုပျိုသန်စွမ်းလျက်နှင့်ပင် ရှိပါသေးသည်။ မြို့သာနှင့်တောရကျောင်းသည် ၂-မိုင်နီးပါး ခန့်ဝေး မည်ထင်ပါသည်။ ဒကာဒကာမများ ကစိုးရိမ်၍ တားမြစ်လျှောက်တင်သော်လည်း ယခုတိုင်ဆွမ်းခံဝတ်ကို မဖျက်သေးပေ။ အိပ်ယာထက်တွင် ဘုံးဘုံးလဲမှသာ ဤပိဏ္ဍစာရိက၀တ်ကို ဖျက်တော့မည်ထင်ပါ၏။ လမ်းလျှောက်မှန်ခြင်းကြောင့် အလုပ်များစွာတွင်ကျယ်အောင် လုပ်နိုင်သော ကျေးဇူး ရှင် မဟာဂန္ဓာရုံ ဆရာတော် (အသျှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ)ကိုဖေါ်ပြလိုပါ သည်။ ဆရာတော်သည် စာချစာရေး ကျိန်းစက်တော်မူချိန်မှတပါး အမြဲပင်လမ်း လျှောက်နေတော်မူတက်သည်။ စာရေးရာတွင်ပင် ထိုင်၍မရေး၊ မတ်တက် စာပွဲရှည် တွင် ရပ်လျက် ကျမ်းစာများကို ရေးသားပြုစုတော်မူ၏။ ဆရာတော်သည် သူ၏ နှစ်ခန်းပတ် လည်ကျောင်းဆောင်လေးကို လမ်းလျှောက် (စင်္ကြ)ဖြစ်အောင် ၄-ဘက် ၄-တန်မှ အဖီချ လျက် အုပ်ဆောင်းမိုး ထား၏။ နံနက်လေး နာရီအချိန် သံဃာအားလုံး အိပ်ရာမှထရန် တုံးခေါက်သည်နှင့် ဆရာတော်လည်း အိပ်ယာ မှထ၍ ကိုယ်လက်သန့်စင်သည်။ ထိုနောက် လမ်းလျှောက်တော်မူ၏။ဒုန်း….. ဒုန်း…….. ဒုန်း……ဟုခပ်ပြင်းပြင်းနင်း၍ လမ်းလျှောက်သံမှာ ခပ်ဝေးဝေးမှပင် ကြားနိုင်ပေသည်။ ဤသို့ လမ်းလျှောက်သည်မှာ နေ့စဉ်အချိန်မှန်ပင် ဖြစ်ပေသည်။ ဤသို့လမ်းလျှောက်မှန်ခြင်းကြောင့် ယနေ့အထိ ဒုက္ခဝေဒနာ ပြင်းပြင်းပြပြ ခံရလောက် အောင်ရောဂါဝေဒနာစွဲကပ်ခြင်း မတွေ့မြင်ဘူးပေ။နံနက်တကြိမ် နေ့လည်တွင်တကြိမ်စာပေသင်ကြား ပို့ချခြင်းဖြင့် အခိုင်အမာ ဘာသာဋီ ကာကျမ်းကြီးများကို ပြုစုလျက်ရှိသည်။ နေ့စဉ်ပင်တပည့်သံဃာတို့အား ဆုံးမသြ၀ါဒချွေ လျက်ရှိသည်။ တခါတရံ (မလွဲသာမရှောင် သာလျှင်) တရားပင်ဟောတော်မူလိုက်သေး သည်။ ဆရာတော်ပြုစုသည့် ဘာသာဋီကာကျမ်း များစွာသည် ၃၀နီးပါးခန့်ပင် ရှိနေ ပြီဖြစ်သည်။သို့သော်ဆရာတော်ကား မရပ်၊ ခြေလှမ်းများသည် ရှေ့သို့တိုး၍ လှမ်းနေသလို ကျမ်းစာ များကိုလည်း ရှေ့သို့ ဆက်လက်ရေးတော်မူဆဲဖြစ်၏။ ကျမ်းစာများ ပုံနှိပ်စက်တင်ရာ၌ ပင် စာမူပရုအကြမ်း အချောများကို ဆရာ တော်ကိုယ်တိုင် စစ်ဆေးကြည်ရှုလျက်ရှိ သည်။ နေရာတိုင်းတွင် မလစ်လပ်ရအောင် သံဃာ ၂၀၀ကျော်ရှိ တိုက်တာကြီးကို အုပ်ချုပ်ကွပ်ကဲလျက်ပင် ရှိပါတော့သည်။စွဲမြဲသော အလေ့အထဟူသည် လေ့ကျင့်ယူမှသာ ရနိုင်ပေသည်။ အပြောလွယ် အရေးလွယ်သလောက် အလုပ် တခုကို စွဲစွဲမြဲမြဲပြုလုပ်ဖို့မှာ အလွန်ခဲယဉ်းတက်သည်။ များသောအားဖြင့် လူတို့သည် ကောက်ရိုးမီးကဲ့သို့ ဟုန်းကနဲခဏပန်းထ၍ တောက်တက်သည်ကများသည်။ ကျန်းမာရွှင်လန်း၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာနေလိုလျှင် နေ့စဉ် အချိန်မှန်မှန် ထား၍လမ်းလျှောက်ပါဟု တိုက်တွန်းလိုက်ရပါသည်။စစ်ကိုင်းမင်းရှိန်(၂၈-၈-၆၉)ဓမ္မဗျူဟာမဂ္ဂဇင်း (အတွဲ-ဂ၊ အမှတ်-၄)Posted by အရှင်နာယကာလင်္ကာရ
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP
0 comments:
Post a Comment