(၃)
သုမနာ ပါးစပ်မှ အရူးမလေးသဖွယ် တတွတ်တွတ် ရွတ်လျက်ရှိသည်။
"..မောင်မောင်ရယ်..၀က်မလေးဘ၀မှ စုတေတော့ သုမနာ သုဝဏ္ဏဘုံမိမှာ ဖြစ်ခဲ့ရပါတယ်။ ဇာတ်ကြောင်းသည်လား။ ဇာတ်ကြောင်းသည်ကတော့ ဆိုခဲ့သလို အပူသည်ဇာတ်သာဖြစ်ပါတယ်။ မပူပဲနေရ မလားကွယ်။ လောကသတ္တ၀ါတို့ဟာ ပူလျက်မွေးသူများသာ မဟုတ်လေလား။ မွေးကတည်းက ပူပန်ခဲ့ရ သောကတွေဖြစ်ခဲ့ရ ငိုကြွေးခဲ့ရ။ ရူးသွပ်မလိုပင် ဖြစ်ခဲ့ရတာပါပဲ။ အိုခြင်း နာခြင်း သေခြင်း ဆင်းရဲကို ခံခဲ့ရတာပါပဲ။
သုဝဏ္ဏဘုံမိမှာ ဖြစ်ခဲ့ပြီး ကွယ်လွန်တော့ ဘုံဘေနယ်ရဲ့ အရှေ့တောင်နားစပ်က ၀န၀ါသီမှာ လူမိန်းမဖြစ်ရပြန်ပါတယ်။ အိုကွယ် အဆင်းလည်း မလှခဲ့ပါဘူး.။ ဥာဏ်လည်း မကောင်းပါဘူး။ သာမာန်တောသူ မိန်းကလေးရယ်ပါ။ ဟုတ်တယ် မောင်မောင်။ သုမနာဟာ ထက်မြက်တဲ့ မိန်းကလေးလည်း ဖြစ်ခဲ့သလို ထုံထိုင်းသူလည်း ဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ ကံကံရဲ့ အကျိုးပါကွယ်။ ဘာတွေများ ပိုထူးခြားလာသလဲလို့ ဆိုရရင်တော့ ဘာမှပိုမထူးပါဘူးကွယ်။ လွမ်းခဲ့ရဆွေးခဲ့ရ မဟုတ်တာတွေ အဟုတ်ထင်ခဲ့ရတဲ့ ဘ၀များစွာထဲက ဘ၀ရယ်ပါပဲ။
ဝန၀ါသီမှာ ဖြစ်ခဲ့ပြီး ကွယ်လွန်ပြန်တော့ ထင်ရှားကြီးကျယ်တဲ့ ဗာရာဏသီ ပြည်မှာ ဖြစ်ခဲ့ရပြန်ပါတယ်။ ဗာရာဏသီပင် ကြီးကျယ်သော်လည်း သုမနာတို့က မကြီးကျယ်မထင်ရှားခဲ့ပါ။ သုမနာရဲ့ ထိုစဉ်က အမည်နာမကိုပင် သိသူ တစ်ဦးမျှ ယခု မရှိတော့ပါ။ အရိုးတို့လည်း ဆွေးကုန်ပါပြီ မောင်မောင်ရဲ့..
ဗာရာဏသီပြည်ကနေ ကွယ်လွန်တော့ ဘုံဘေနယ်ရဲ့ အနောက်မြောက်နားက သုပ္ပါဒက သဘောင်္ဆိပ်မှာ လူမိန်းမ ဖြစ်ခဲ့ရပါတယ်ကွယ်။ အိမ်ထောင်သားမွေးလိုက် မိဘဆုံးလို့ငိုလိုက်။ သားသမီးဆုံးလို့ ငိုလိုက်။ ခင်ပွန်းသည်ဆုံးလို့ငိုလိုက်။ နောက်ဆုံး သုမနာတစ်ဖြစ်လဲ မိန်းမကိုယ်တိုင် ကွယ်လွန်ခဲ့ရပြန်ပါတယ်။
အိန္ဒိယတောင်ဘက်စွန်းက ကာဝီရလှေဆိပ်မှာ ဖြစ်ခဲ့ရပြန်ပါတယ်။ လှေသူကြီးသမီး နောက်တော့ အိမ်ထောင်သားမွေး၍ သွားရိုးလမ်းကိုလျှင် လိုက်ခဲ့ရပြန်ပါတယ်။ အနာရောဂါတို့က ဖိစီး အသက်တစ်ချောင်းအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်လျက် ဤတောင်ကို ကျော်ဖို့ခက်ရခဲ့ပါတယ်။
အဲဒီကနေကွယ်လွန်တော့ သုမနာဟာ သီဟိုဠ်ကျွန်းက အနုရာဓ မြို့ကို ရောက်ခဲ့ပြန်ပါတယ်။ အဲဒီတုန်းက မောင်မောင်တို့ ဘယ်ရောက်နေတယ် မသိ။ မိမိကတော့ အတူလာသူ အဖော်မရှိခဲ့ပါဘူး။ တစ်ဦးတည်း တစ်ဦးတည်းရယ်ပါမောင်မောင်...
ဒီကမှတစ်ဆင့် ယခုပေါက္ကံပြည်ဘ၀ကို ရောက်လာခဲ့ပါတယ်။ သံသရာတစ်လျှောက်လုံး ပျောက်နေခဲ့တဲ့ မောင်မောင်နဲ့ တွေ့ဆုံရပါတယ်။ မောင်မောင်က မိမိကို ချစ်တယ် မြတ်နိုးတယ်လို့ဆိုတယ်။ ဒါဖြင့်ရင် မောင်မောင်ဟာ မိမိကို မသေအောင် တတ်နိုင်ပါ့မလား။ အနည်းဆုံး မိမိသေရင် မောင်မောင်ပါ လိုက်လာနိုင်ပါ့မလား။
အိုကွယ်..မောင်မောင်ရယ်..သံသရာဟာ ကကြိုးရှည်ကြီး တစ်ပုဒ်ရယ်ပါ။ အလွမ်းကဇာတ် ရှည်ကြီးရယ်ပါ။ မိမိတို့က ကချေသည်တွေလေ။ ကံဇာတ်ဆရာအလိုအတိုင်း လက်လှုပ်ဆိုရင် လက်လှုပ် ခြေလှုပ်ဆိုရင် ခြေကိုလှုပ်။ ရယ်ချင်လျက်နှင့်ငို ပျော်ချင်လျက်နှင့်ဆွေး အနှစ်လိုချင်လျက်နှင့် အကာကိုသာ ရခဲ့ရတဲ့ ကချေသည်လေးတွေပါ။
မောင်မောင်ရယ်..ရှေးတုန်းက မိမိဟာ ကြက်မငယ်ဖြစ်သလို မင်းသမီးလည်းဖြစ်ခဲ့ရတယ်။ ၀က်မငယ်ဖြစ်သလို ဗြဟ္မာလည်း ဖြစ်ခဲ့ရတယ်။ သူဋ္ဌေးသမီး ဖြစ်ခဲ့သလို သူဆင်းရဲလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဘ၀တိုင်းဘ၀တိုင်းကို အဟုတ်ကြီးမှတ်လို့ စွဲလန်းနှစ်သက်ခဲ့ပါတယ်။ ဘ၀တိုင်းဘ၀တိုင်းက ဆွေမျိုးမိတ်သင်္ဂဟ များကိုလည်း အလွန်ချစ်ခင်ခဲ့ပါတယ်။ ဒါပေမဲ့ မောင်မောင်ရယ်။ မိမိဟာ အထီးကျန်တဲ့ ခရီးသည်ပါ။ မိမိသေဆုံးတော့ ချစ်သူတွေထဲကလေ ဘယ်သူမှ မလိုက်လာနိုင်ပါဘူး။ ဒါ့အပြင် တစ်ဘ၀က သားငယ်ဖြစ်ခဲ့သူက တစ်ဘ၀မှာ လင်သား။ တစ်ဘ၀က ဖခင်ဖြစ်ခဲ့သူက တစ်ဘ၀မှာ ရန်သူ။ တစ်ဘ၀က သူတော်ကောင်း တစ်ဘ၀မှာ လူယုတ်မာ။ အင်း...ဖောက်ပြန်လိုက်ကြတဲ့ သံသရာ အချည်းနှီးသော သံသရာရယ်ပါ မောင်မောင်...။"
(၄)
သုမနာသည် အမတ်ကြီးကို မော်ကြည့်သည်။ ဤတစ်ကြိမ်အကြည့်တွင်ကား သံယောဇဉ်အငွေ့နှင့် ပူသောဓလေ့တို့ အလျဉ်းမပါရှိ။ မိတ်ဆွေသို့မဟုတ် တိုင်ပင်အပ်သော ဖခင်ကို ကြည့်သော အကြည့်မျိုးသာ ဖြစ်နေတော့၏။
"ဆိုစရာရှိတာ ဆိုပါ နှမငယ်"
အမတ်ကြီး၏ အသံသည် လေးနက်နေသည်။
"အမောင် ဂေါတမ ဘုရားသာသနာ နှင့်ကြုံနေပါတယ်..။အသင်္ချေများစွာ ပါရမီ ဖြည့်ကျင့်ခဲ့သော ဂေါတမဘုရားနှင့် တmကွ ဘုရားရှင်တို့ကို နှမတော်တို့ အားနာရှက်နိုးရပါမယ်။ ဘ၀ဟာ ဘယ်လိုဆိုတာကိုလည်း နှမ ကောင်းကောင်းသိပါတယ်။ လူ့ဘ၀ဟာ သံသရာကို မြတ်နိုးသူတို့အတွက် တမျိုး ဖြစ်ကောင်းဖြစ်ပေမဲ့သံသရာကို စက်ဆုပ်သူတို့အတွက်တော့ တစ်မျိုးဖြစ်ရပါတယ်။ အမောင်..လူ့ဘ၀ဟာ လောကကို ပူဇော်ဖို့ လောကအကျိုးကို ဆောင်ဖို့သာလျှင် ဖြစ်တယ်။ လောကအကျိုးကိုဆောင်ရင်း ကိုယ့်အကျိုးကိုပါ ပါအောင်ဆောင်ယူနိုင်ဖို့ လည်း ရည်ရွယ်ရတယ်။
အမောင်..သွားရိုးလမ်းအတိုင်း သွားလျှင် ဖြစ်ရိုးအတိုင်းပင် ဖြစ်တော့မယ်။ ဖြစ်ရိုးအတိုင်းဆိုတာဟာ တခြားမဟုတ်ပါဘူး။ အိုရိုးသေရိုး နာရိုး ၀မ်းနည်းပူဆွေးရိုး ငိုကြွေးရိုး ကိုယ်ဆင်းရဲရိုး စိတ်ဆင်းရဲရိုး ဒါတွေသာလျှင် ဖြစ်ပါတယ်။ နှမရရှိသော ဘ၀ဟောင်းမြင်ရတဲ့ ဥာဏ်တွေဟာ အမှန်တွေဖြစ်တယ်။ ကိုယ်တိုင်မြင်ခဲ့ရတာတွေဖြစ်တယ်။ သံသရာဆိုတာ ယုံတမ်းမဟုတ်။ တကယ်ရှိတယ် အမောင်။ တကယ်ရှိရုံမက တကယ်ဆင်းရဲရတယ်။ တစ်ဆင့်စကား မဟုတ်သလို။ တစ်ဆင့်ကြားလည်း မဟုတ်။ နှမကိုယ်တွေ့.. ကိုယ်တွေ့တွေသာလျှင် ဖြစ်တယ်။ တွေးခေါ်မြော်မှန်းပြီး ရမ်းပြောသော စကားများမဟုတ်။ ကိုယ်တိုင်မြင်ရသော တကယ့် အဖြစ်တွေသာလျှင် ဖြစ်တော့တယ်။
အမောင်..အမောင့်အပေါ် ကာယကံ ၀စီကံ မနောကံဖြင့် ပြစ်မှားမိသမျှကို ခွင့်လွှတ်တော်မူပါ။ နှမသည်လည်း ခွင့်လွှတ်ပါတယ်။ သံသရာကြွေးတို့ရှိရင်လည်း ကြေပါစေတော့။ နှမကား အဲသည်နေရာကို သွားရတော့မည်။ အဲသည်နေရာကို နှမသည် မြင်ယောင်နေပါသည်။ မြင်ယောင်လျက် ကိစ္စအ၀၀ တို့ကို ပုံဖော်နေမိပါသည်။ ဘုရားသာသနာကို နှမနိုင်သလောက် စောင့်ရှောက်ပါမယ်။ နှမ၏ကိုယ်ကိုလည်း စောင့်ရှောက်တော့မယ်။ .
နှမ ဘိက္ခုနီဝတ်တော့မယ် အမောင်"
(၅)
တစ်နေ့တစ်နေ့တို့သည် ကုန်ဆုံးကုန်ဆုံး သွားသည်။ အရုဏ်တို့သည် တက်တက်လာသည်။ အရုဏ်တက်ပြီးလျှင် တစ်နေ့တာ ကိစ္စတို့ကို ဆောင်ရွက်ရသည်။ ပိုးလောက်တို့သည် တစ်နေ့တာကိစ္စတို့ ဆောင်ရွက်ရသည့်နည်းတူ လူတို့သည်လည်း ဆောင်ရွက်ရသည်။ လူတို့သည် မိမိတို့ဘ၀ကို တခုတ်တရ ထင်မှတ်တတ်သကဲ့သို့ ပိုးလောက်တို့သည်လည်း မိမိတို့ ဘ၀ကို တခုတ်တရ ထင်မှတ်တတ်ကြသည်။ ဤကား ရောက်ရာဘ၀ ကျရာဘ၀၌ ပျော်တတ်သော နန္ဒီရာဂ ၏ လက်ချက်တည်း။ ဂေါတမဘုရားသည် သံသရာနှင့် ခန္ဓာအဆောက်အဦကို တည်ဆောက်သော လက်သည်ကို ရှာတွေ့သည်။ တွေ့သည့်အတိုင်းလည်း ဟောကြားသည်။ ရှာနည်းကိုလည်း ပေးသည်။ သတ်နည်းကိုလည်း ပေးသည်။ သံသရာကို ငြီးငွေ့အောင်လည်း ဟောတော်မူခဲ့သည်။ ငြီးငွေ့သော သံသရာမှ ထွက်မြောက်ရာလမ်းကိုလည်း ပြသည်။ ဤအတိုင်းကြိုးစား ကျင့်ကြံကြ၍ သတ္တ၀ါ ကုဋ္ဋေကုဋ္ဋာမက လွတ်မြောက်ပြီး ကုန်၏။
သုမနာသည် လူဖြစ်သည်။ နောက်ကြက်ဖြစ်သည်။ ကြက်ဘ၀မှ မင်းသမီးဖြစ်သည်။ ဗြဟ္မာဖြစ်သည်။ သူဋ္ဌေးမလေး ဖြစ်သည်။ ဂေါတမဘုရား လက်ထက်ဝယ် ၀က်မကလေးဖြစ်သည်။ နောက် သုဝဏ္ဏဘုံမိမှာ ဖြစ်ခဲ့သည်။ ၀န၀ါသီမှာ ဖြစ်သည်။ ဗာရာဏသီတွင် ဖြစ်သည်။ သုပ္ပါဒက သဘောင်္ဆိပ်တွင် ဖြစ်သည်။ ကာဝီရတွင် ဖြစ်သည်။ အနုရာဓတွင် ဖြစ်သည်။ နောက်ဆုံး သုမနာ ဒေ၀ီဘ၀တွင် ပေါက္ကံပြည်၌ ဖြစ်သည်။ သူများဖြစ်စဉ်များကို မြင်သည်က ကိစ္စမရှိ။ မိမိဖြစ်စဉ်ကို မြင်ရသည်က ကြောက်စရာကောင်းသည်။ သူများတွေ ဒုက္ခရောက်တာက ကိစ္စမရှိ။ အနေသာချည်းပင်။ မိမိ ဆင်းရဲဒုက္ခရောက်တော့ မခံသာ။ ကိုယ်နှင့်ရင်းနှီးချစ်ခင်သော ပုဂ္ဂိုလ်ဒုက္ခဆင်းရဲ ရောက်လျှင်လည်း မနေသာ။ ပူဆွေးရ၊ ငိုကြွေးရပြန်သည်။
(၆)
တစ်ညဥ့်ကုန်ပြန်သဖြင့် တစ်နေ့၏ အရုဏ်သည် ပေါ်စဦးတော့သည်။ အချို့သည် ဘာကိုမှ အလေးမထား အောက်သို့ စုန်မြဲအတိုင်းသာ စုန်ဆင်းလတ္တံ့သည် ဖြစ်၍ အချို့သည်ကား အထက်သို့ ဆန်လတ္တံ့။ အပါယ်မှ အော်သံသည် စကြာဝဠာအလုံးစုံ ကို လျှံနေသလောက် ရဟန္တာတို့၏ တရားဥဒါန်းကြူးသံကား ရံဖန်ရံခါမှ ခပ်ပါးပါး ခပ်လျားလျား။
မည်သို့ဖြစ်စေ တစ်ခုသောနေ့၌ ခမ်းနားကြီးကျယ်သော ရဟန်းခံပွဲမင်္ဂလာကို သီဟိုဠ်တစ်တိုင်းလုံး ကြားသိကြရသည်။ "ရဟန်းမ အလောင်းအလျာကား ငါတို့ဂေါတမ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဗြဟ္မာ့ပြည်မှာ တ၀င်းဝင်း ၀က်စားကျင်းဝယ် တမြုံ့မြုံ့ ဟူသော တရားတော် တစ်ပုဒ်မှ ၀က်မလေးတစ်ဖြစ်လဲ အမတ်ကြီးကတော် သုမနာ ဖြစ်ချေ၏" ဟု သံဝေဂယူကြ၏။ အတုလည်းယူကြကုန်၏။
ရဟန်းပြုရုံမျှနှင့် သုမနာတောင့်တသော သံသရာလွတ်လမ်းကို ရမည်ဟုတော့ ပြော၍မဖြစ်သေး။ ရဟန်းဘ၀ဟူသည် သံသရာထွက်လမ်းနှင့် နီးသည်ကားမှန်၏။ သို့ရာတွင် နီးအောင်ကြိုးပမ်း အားထုတ်မှလည်း ဖြစ်၏။ အားထုတ်မှသာ နီးသည်။ အားမထုတ်လျှင် မနီး။ မည်သို့ဆိုစေ သံသရာအဆက်ဆက် အလွမ်းဇာတ်ရှည်ကြီးကိုကခဲ့သော သုမနာသည် ဤဘ၀၌ တကယ့်ကို ပန်းလှပါပြီ။ ငြီးငွေ့လှပါပြီ။ ဇာတ်လမ်းကို နိဂုံးချုပ်ဖို့ အချိန်တန်ပြီဟု သဘောပိုက်နေလိုက်သည်။ ဤသို့ သဘောပိုက်၍ ကြိုးပမ်းမှုသည် ပါရမီသဘောဆောင်သော ကုသိုလ်ဖြစ်သည်။ ပါရမီသဘောဆောင်သော ကုသိုလ်မည်သည် ပျောက်ပျက်သွားသည် ဟူ၍ မရှိ။ ယခုဘ၀မဟုတ်လျှင် ဒုတိယဘ၀ ဒုတိယဘ၀မဟုတ်လျှင် ဘ၀တစ်ခုခု၌ကား အလိုရှိအပ်သော သံသရာထွက်လမ်း နိဗ္ဗာန်စခန်းကို မျက်မှောက်ပြုရမည် မလွဲမသွေ ဖြစ်ပေတော့သည်။
ဆက်ရန်...

0 comments:
Post a Comment