* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 11, 2009

ဆင်းရဲသားပပျောက်ရေးတရားတော်... ၅


ဒီမှာ စောစောက ပြောခဲ့တဲ့ ဘုန်းကြီးတပည့် ဦးပဉ္ဇင်းက ဘုန်းကြီးကို စောဒက တက်တယ်။ သူ့ကို ဒီအကြောင်းပြောပြတော့ သူကလည်း စာပြန်ဖတ်တယ်။ ဘုန်းကြီး ပြန်မေးတယ်။ ဘုရင်ကလေးက ဆင်းရဲသားတွေ ပစ္စည်း ပေးတယ်။ ဟုတ်ဘူးလား။ ဟိုပထမ ဆုံး ခိုးတဲ့သူတွေကို ပေးခဲ့တာ ထောက်ပြီး ပြောတာ။ ဘုန်းကြီးကလည်း………… မဟုတ်ဘူး ကွ အဲဒီဘုရင်ကလေး ပေးတာက ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ အရင်းအနှီးပေးတာမျိုးမဟုတ်ဘူး။ ခိုးလို့ နောက်မခိုးအောင် ဆိုပြီး ပေးရှာတာ။ ဒါပေမဲ့ ခိုးလို့ ပေးတာဖြစ်လို့ သူခိုး အားပေးဖြစ်နေတယ်။ ဒါကြောင့် သူခိုးတွေ ပိုများသွားတာ စာထဲမှာ မတွေ့ဘူးလား။ ခိုးလို့ ပေးတာမဟုတ်ဘဲ နှင့် ရိုးရိုးဆင်းရဲသူကို သုံးဖို့ စားဖို့ ပေးတာတောင် အရင်းအနှီးထူထောင်ပေးတာ၊ အရင်းအနှီးထောက်ပံ့တာ မဟုတ်သေးဘူးကွ။ သာမန်ပစ္စည်း ပေးတာက တစ်မျိုး တစ်မျိုးနှင့် တစ်မျိုး မတူဘူး။ အရင်းအနှီး ထောက်ပံ့တယ် ဆိုတာ အစိုးရသူများ အနေနှင့် ဆိုလျှင် စီမံကိန်းကြီးတစ်ရပ်အနေနှင့် စနစ်တကျ ရေးဆွဲပြီးတော့ ရည်မှန်းချက်ရှိရှိ အဘက်ဘက်မှ သုံးသပ် ဆင်ခြင်ပြီး လိုအပ်တာမှန်သမျှကို ကြိုတင် စုဆောင်း ပြင်ဆင်ပြီး အကောင်အထည်ဖေါ်တာ။
တစ်နိုင် တစ်ပိုင် ဆိုလျှင်လည်း စီမံကိန်းကြီးတစ်ရပ် အနေနှင့် မဖြစ်နိုင်တာတောင်မှ လုပ်နည်း လုပ်ဟန် စည်းကမ်းဥပဒေ ကြိုတင်ပြင်ဆင်သည့် အနေနှင့် စာချုပ်စာတမ်းမှ အစ သဘောတူ ကတိဝန်ခံမှုတွေ စသည်ဖြင့် ကြိုတင်ပြင်ဆင်ပြီး ကာယကံရှင်နှင့် အကြေအလည်ဆွေးနွေးပြီး အရင်းအနှီးထူထောင်ပေးတာမျိုးတွေ ဆိုလိုတာ။ လိုရင်းကတော့ အလုပ်လုပ်လို ပါလျက် အလုပ်လုပ်နိုင်ပါလျက် အရင်းအနှီးမရှိလို့ နည်းပညာမတတ်လို့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အလုပ်လုပ်နိုင်အောင် အရင်းအနှီး ထူထောင်ပေးခြင်း နည်းပညာ ကျွမ်းကျင်အောင် အကူအညီပေးခြင်းပဲ။

` အနုပ္ပဒေယျာသိ´ ဆိုတဲ့ ပါဠိရဲ့ အဓိပ္ပါယ်ကိုက အရင်းအနှီး ထူထောင်ပေးရာမှာတောင် တစ်ခါတည်းပေးပြီး ပစ်ထားလိုက်တာမျိုးမဟုတ်ဘူး။ အောင်မြင်မှု မရမခြင်း အဖန်ဖန် အထပ်ထပ် ဖေးမပေးခြင်း၊ ထောက်ကူပေးခြင်း၊ အောင်မြင်မှု ရရှိအောင် နည်းအမျိုးမျိုးသုံး၍ အကူအညီပေးခြင်း၊ ဒီလိုအဓိပ္ပါယ်မျိုးထွက်တယ်။ အသုံးလိုနေလို့ ရော အင်း ဆိုပြီး ပေးတာမျိုး မဟုတ်တာတော့ သေချာတယ်။


နည်းစဉ် - ၂

ဥာဏ်ပါတဲ့ ၀ီရိယ

အကောင်အထည်ဖော်တဲ့နေရာမှာ တို့ဘုရားလက်ထက်တုန်းက အလွန်ငယ်သေးတဲ့ သူကြွယ်သား လေး တစ်ယောက်ဟာ သူ့အဖေ ရင်ခွင်ထဲ တက်ထိုင်နေပြီး သူ့အဖေကို စေ့စေ့ ကြည့်ပြီး မေးသတဲ့။ အဖေ လောကီ လောကုတ္တရာ အကျိုးအားလုံးကို ပြီးစေနိုင်တဲ့ နည်းကို တစ်ခွန်းတည်းနဲ့ ပြည့်စုံအောင် ပြောပါလို့ မေးသတဲ့။ ဖခင်သူကြွယ်က မဖြေနိုင်လို့ ဘုရားထံ သားအဖ နှစ်ယောက်သွားပြီး မေးကြသတဲ့။ မြတ်စွာဘုရားက သူကြွယ် သင့်သားက ယခုဘ၀မှ မေးတာ မဟုတ်ဘူး။ ဟိုး အတိတ် တစ်ဘ၀ ဆီတုန်းကလည်း သူဒီလိုပဲ ငါ့ကိုမေးခဲ့လို့ ``ဥာဏ်ပါတဲ့ ၀ီရိယ ´´ လို့ဖြေခဲ့ဖူးတယ်။ ဘ၀တွေ ဖုံးလွှမ်းသွားလို့ သူမေ့သွားရှာတာလို့ မိန့်တော်မူလိုက်တယ်။
ဒါကြောင့် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော်မည်ဆိုလျှင် `ဥာဏ်ပါတဲ့ ၀ီရိယ´ မရှိဘဲနှင့်တော့ မဖြစ်နိုင်ဘူး။ `ဥာဏ်ပါတဲ့ ၀ီရိယ´ နှင့် အကောင်အထည်ဖော်မှ အောင်မြင်မယ် ဆိုတာလည်း သတိပြုရမယ်။ ဥာဏ်ဆိုတာ ဒီနေရာမှာ နည်းပညာကို ဆိုလိုတယ်။ အပြည့်အ၀ အောင်မြင်ဖို့ အလျင်အမြန်အောင်မြင်ဖို့၊ အလွယ်တကူ အောင်မြင်ဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့အထောက်အကူတွေ တီထွင်ဖို့ စနစ်တကျ အသုံးချနိုင်ဖို့ နည်းပညာလိုတယ်။ နည်းပညာ ဘယ်လောက် အသုံးဝင်တယ်ဆိုတာ တော့ အားလုံး သိကြပြီးသားပါ။ နည်းပညာရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလေး ပြောကြရအောင်။

ပါဠိလို `နယ´ ကို `နည်း´ လို့ မြန်မာပြန်လိုက်ကြတယ်။ အဲဒီ `နည်း´လို့ မြန်မာပြန်လိုက်တဲ့ `နယ´ သဒ္ဒါကို ပါဠိလို အဓိပ္ပါယ်ဖွင့်တော့ `မဂ္ဂေါ´ တဲ့ မြန်မာလို `လမ်း´လို့ အဓိပ္ပါယ်ထွက်တယ်။ ဒါကြောင့်မြန်မာက နှစ်ခုပေါင်းပြီးတော့ `နည်းလမ်း´လို့ သုံးစွဲကြတယ်။ အဲဒီ `မဂ္ဂ´ သဒ္ဒါကို ၀ိဂြိုလ်ဆိုပြတော့ `မဂ္ဂိယတေတိ မဂ္ဂေါ´ ရှာဖွေအပ်သောကြောင့် တဲ့ ၊ ရှာဖွေလျှင် တွေ့ရှိနိုင်သောကြောင့် `နည်း´လမ်းလို့ ခေါ်သတဲ့။ စူးစမ်းရှာဖွေနိုင်လေလေ တွေ့ရှိလေလေပေါ့။ တို့မြန်မာစကားပုံက `လိုလျှင်ကြံဆ နည်းလမ်းရ´ ဆိုတာက အဓိပ္ပါယ်နည်းနည်းမြင့်နေပြီးတော့ ပညာရှိသုံးလို ဖြစ်နေတယ်။ `စူးစမ်း ရှာဖွေနိုင်လေလေ တွေ့ရှိလေလေ ´ ဆိုတာကတော့ လွယ်ကူရှင်းလင်းပြီး အရာရာတိုင်းနှင့် ၀င်ဆန့်နိုင်တဲ့ စကားမျိုးပေါ့။ ဒါကြောင့် မရမနေ မရ ရအောင် ရှာဖွေ တီထွင်လို့ပဲ ဖြစ်ဖြစ် လိုအပ်လာလို့ ကြံဆ လို့ပဲ ဖြစ်ဖြစ် ရရှိနိုင်တဲ့ အတွက်ကြောင့် နည်းပညာဆိုတာ နည်းလမ်းဆိုတာ လက်တစ်ကမ်းမှာပဲ ရှိနေတတ်တာပါပဲ။

ရှာဖွေပုံလေး တစ်ခုလောက် ပြောပါအုံးမယ်။ တစ်ချို့ ကိစ္စတွေမှာ ကိုယ်တစ်ယောက်ထဲ ကြံစည်လို့ ၊ စိတ်ကူးလို့၊ ရှာဖွေ သုတေသနပြုလို့၊ အခက်အခဲဖြစ်နေလျှင် အဲဒီ ပြဿနာကို အများစုရှေ့ ချပြရပါတယ်လို့ ဗုဒ္ဓစာပေတွေထဲ မှာတွေ့ရပါတယ်။ အများစု ဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်တာပေါ့။ ယခုခေတ် စာတမ်းဖတ်ပွဲများ ၊ စာပေနှီးနှောဖလှယ်ပွဲများ လို သဘောတူရာ ပညာရှင်အများစု ဖြစ်နိုင်သလို ဘာမျှ မသက်ဆိုင်ဘူးလို့ ထင်ရတဲ့ သာမန်ပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်ပါတယ်။ အဲဒီအများစုထဲမှာ အဲဒီအဖြစ်ကို သိနိုင်တဲ့သူတစ်ယောက်ယောက် ဒါမှမဟုတ် အဲဒီအဖြေရဲ့ အစအနကို ဖော်ထုတ်ပေးနိုင်သူ တစ်ယောက်ယောက် ပါစမြဲပဲလို့ စာထဲမှာ တွေ့ရပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP