* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 6, 2009

ဦးကောဝိဒနှင့် စကားပြောဖြစ်ခြင်း

ကွန်ပျူတာကို စသင်ပေးဖြစ်ခဲ့ တာတော့ ကြာပြီ။ ကြာပြီဆိုတာက မနှစ်က ၂၀၀၈ ခုနှစ် လဆန်းပိုင်းလောက်ကနေ စပြီး သင်ဖြစ်ခဲ့တယ်။ စသင်တယ်ဆိုတာက နီးစပ်ရာ အကူအညီလာတောင်းတဲ့ သူတွေကို စသင်ပေးဖြစ်တယ်။

သင်တန်းလို့ အမည်တပ်ဖြစ်လိုက်တာက ၂၀၀၈ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းစပြီး သင်တန်းကို ဆက်ပို့ချဖြစ်ခဲ့ပါတယ်။ အခြေခံသင်တန်းကနေ စပြီး ပို့ချဖြစ်ခဲ့တယ်။ အဲဒီနောက်ကနေစပြီး photo shop ရယ် Video Edit တွေရယ် သင်ပေးဖြစ်တယ်။ A+ သင်တန်း ဆိုပြီး နာမည် မခံသေးဘူး။ စက်တွေ ပျက်တာတွေ window ပြင်တာတွေ Software တွေ install တွေကို လိုက်ကြည့်ခိုင်းပြီး သင်ပေးခဲ့တယ်။ အဲဒီနောက်မှာ မန္တလေးက ၃၅ လမ်း ၆၉ × ၇၀ လမ်းကြားမှာ ဆရာဦးရဲဝင်းနောင်ရဲ့ Pro-Tech Center ကြီး ဖွင့်ဖြစ်ခဲ့တယ်။

အဲဒီအချိန်မှာ ဦးဇင်းရဲ့ ရည်ရွယ်ချက်လေးကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ မန္တလေးမှာ ဦးဇင်းတို့ အင်တာနက်တွေ ကွန်ပျူတာတွေ အသုံးပြုနေကြပေမယ့် Offline မှာ ကွန်ပျူတာကို မမြင်ဖူးတဲ့ သံဃာတွေ အများကြီးပဲ။ ဦးရဲဝင်းနောင်ကိုလည်း ဦးဇင်းရဲ့ ရည်ရွယ်ချက်ကို MICT မီးမလောင်ခင် ကတည်းက ပြောခဲ့ဖူးတယ်။ သံဃာတွေကို ပြန်သင်ပေးဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဦးဇင်း ဒီမှာ ကွန်ပျူတာသင်တန်းလာတက်ရခြင်းဖြစ်ကြောင်း ဆရာကို ပြောခဲ့ဖူးတယ်။ အဲဒီ MICT မှာတုန်းက စစ်ကိုင်းကနေ မန္တလေးကို Casing ပုံးကို ပခုံးပေါ်တင် ဗုဒ္ဓတက္ကသိုလ်အနီးကနေ ကိုးပေမှတ်တိုင်အထိ လမ်းလျှောက်ပြီး စစ်ကိုင်းကား ခေါင်မိုးပေါ်ကနေ မန္တလေးကို သွားခဲ့ရတယ်။ ဒါတွေကို ဦးရဲဝင်းနောင်က ပိုသိပါတယ်။ အဲဒီ အဖြစ်အပျက်တွေကို အသိဆုံးကတော့ အခု အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ဦးညာဏဒီပ အသိဆုံးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဦးဇင်းရဲ့ ဒကာ ဒကာမတွေက ဦးဇင်းကို အိန္ဒိယမှာ BA တက်ဖို့ တွန်းအားပေးနေတဲ့ အချိန်ပေါ့။ ဒါပေမယ့် ဦးဇင်းရဲ့ စိတ်ထဲမှာ အဲဒီကို BA သွားတက်ဖို့ အစီအစဉ် မရှိဘူး။ ဒေါက်တာဘွဲ့လည်း မယူချင်ဘူး။ အဲဒီအချိန်မှာ ဒေါက်တာဘွဲ့ရတဲ့လူတွေကို ကြည့်မိတယ်။ ဒီနည်းပညာကို ဘယ်သူမှ ဖြန့်ဖြူးဖို့ အစီအစဉ် မရှိဘူး။ ဒီအတိုင်းဆိုရင် ဒီနည်းပညာကို ကိုယ်မလုပ်ရင် ဘယ်သူ့မှ လုပ်မှာ မဟုတ်ဘူးဆိုတဲ့ အသိလေး ခေါင်းထဲ ၀င်လာတယ်။ ဒါနဲ့ ဆရာ့ကို အကူအညီတောင်းတယ်။ တောင်းတာက မန္တလေးကသံဃာတွေကို Free သင်ပေးချင်တယ် ဆိုပြီး တောင်းခဲ့တယ်။ ဦးရဲဝင်းနောင်အနေနဲ့ စက်အင်အားတွေ ချိန်ရသေးတယ်။ နောက်ပြီး စက်လေးလုံး နဲ့ ဦးဇင်းတွေ လေးပါးနဲ့ သင်ပေးဖို့ ဦးရဲဝင်းနောင်က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ မဖြစ်နိုင်ဘူးလေ။ ဦးဇင်းဖြစ်ချင်တာက သံဃာတွေအတွက် အချိန်သီးသန့် ဖြစ်ချင်ခဲ့တာ။ အဲဒီမှာ ဦးရဲဝင်းနောင်က သူ့ရဲ့ Center ထပ်ခိုးလေးကို ပေးခဲ့တယ်။ ဦးဇင်းကလည်း ထပ်ခိုးလေးမှာ သံဃာတွေ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ သင်မပေးချင်ဘူး။ Air Con ခန်းမှာ သင်ပေးချင်တာ။ ဒါကလည်း ဦးရဲဝင်းနောင်ရဲ့ စီးပွားရေး တစ်စိတ်တစ်ဒေသဖြစ်နေတာ ဆိုတော့ အတော်လေး အကြပ်ရိုက်ပါတယ်။ ၂၀၀၈ သြဂုတ်လဆန်းလောက်ကပေါ့။ ဒါပေမယ့် ဦးရဲဝင်းနောင်က သူ့ရဲ့စီးပွားရေးကို ပဓာန မထားဘဲ ဦးဇင်းရဲ့ ဆန္ဒကို လိုက်လျောခဲ့တယ်။ အဲဒီ သြဂုတ်လ ၁၈ ရက်နေ့မှာ သင်တန်း စဖွင့်ဖြစ်ခဲ့တယ်။

Free သင်တန်းဖွင့်မယ်ဆိုတော့ ဒီသတင်းကို သတင်းစာထဲ ထည့်လို့ မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက မန္တလေးသံဃာ့အင်အားနဲ့ ဦးရဲဝင်းနောင် ခွင့်ပြုတဲ့ ကွန်ပျူတာ ၁၀ လုံးနဲ့ မဖြစ်နိုင်ဘူး။ ဒီတော့ ဦးဇင်းနဲ့ နီးစပ်တဲ့ ကျောင်းတွေမှာ တကယ် ကွန်ပျူတာ တတ်ချင်တဲ့ ဦးဇင်းတွေကို လိုက်ပြီး အကြောင်းကြားခဲ့တယ်။ အဲဒီရဟန်းသံဃာတွေနဲ့ပဲ သင်တန်းကို စဖြစ်ခဲ့ပါတယ်။

ဒီ အခမဲ့ သင်တန်းကို ပိုဖြစ်ချင်တာကလည်း ဂဇဲ(လ်) မှာ သံဃာတွေ Free သင်ပေးတယ် ဆိုပေမယ့်လည်း ဖြစ်မြောက်အောင်မြင်လာတာကို မတွေ့ရဘူး။ ဦးဇင်းဖြစ်ချင်တာက သံဃာတွေ ကွန်ပျူတာကို တကယ့် Professional ပုံစံမျိုး ဖြစ်စေချင်ခဲ့တယ်။ Professional ဆိုလို့ စီးပွားပညာရှင် ပုံစံမျိုး မဟုတ်ပါဘူး။ တကယ့် သာသနာပိုင်းမှာ အသုံးဝင်မည့် နည်းပညာတွေကို သိစေချင် တတ်စေချင်တာပါ။ အဲဒီမှာ ဆရာရဲဝင်းနောင်ကို အကူအညီတောင်းတယ်။ ဦးဇင်းသင်မယ့် Course ကို သင်ချင်ရာသင်မယ်။ Basic ရယ်လို့ DTP ရယ်လို့ မသတ်မှတ်ဘူး။ သံဃာတွေအတွက် လိုအပ်တာတွေ လုံလုံလောက်လောက် သိသွားအောင် တတ်သွားအောင် သင်မယ်။ ကာလကိုလည်း ဘယ်နှစ်လလို့ မသတ်မှတ်ဘဲ သင်ပေးမယ်။ အဓိကကတော့ တတ်ကျွမ်းမှုပေါ်မူတည်ပြီး သင်တန်းဆင်းပေးမယ်။ အဲဒီမှာ ဆရာဦးရဲဝင်းနောင်က စဉ်းစားတယ်။ အဓိက လိုအပ်ချက်က လျှပ်စစ်မီး။

သင်တန်းစဖွင့်တော့မယ် လုပ်ချိန်မှာ မီးကမှန်နေတယ်။ ဒါကြောင့် ဖွင့်လိုက်ပါတယ်။ ဖွင့်ပြီး ၂ ရက်လောက်လည်းရောက်ရော။ မီးက စပျက်တော့တာပဲ။ အဲအချိန်ကစပြီး ခေါင်းကျိန်းတော့တာပဲ။ ဒါပေမယ့် ဖွင့်ပြီးပြီဆိုတော့ ပိတ်ဖို့ မစဉ်းစားနိုင်တော့ဘူး။ ဆက်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ သီတဂူမှာ ကျောင်းတက်ရင်း တန်းလန်း ကျောင်းတက်တဲ့ စားရိတ်လေးနဲ့ ဆက်လုပ်ရတော့တာပဲ။ အလှူရှင်လည်း မရှိဘူး။ ဒီလိုနဲ့ သင်တန်းတစ်ခု ပြီးအောင် သင်ပေးနိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဂျာနယ်တွေက အင်တာဗျူးတွေ များခဲ့တယ်။ အဲဒီ အင်တာဗျူးတွေကြောင့် ဦးဇင်းကို အထင်ကြီးကြတယ်။ ဦးဇင်း ကိုယ့်န၀ကမ္မလေးနဲ့ကိုယ် ခြစ်ခြုပ်လုပ်ခဲ့ရတာကို ဘယ်သူမှ မသိပါဘူး။ မန္တလေးသွားဖို့ ပိုက်ဆံချွေတာတဲ့အနေနဲ့ ကိုးပေအထိ လမ်းလျှောက်ခဲ့ရတာတွေ အများကြီးပဲ။ စစ်ကိုင်းကား စီးရတာတောင်မှ အမိုးပေါ်မှာပဲ စီးခဲ့ရတယ်။ သင်တန်းဆရာပဲ ဆိုပြီး ရှေ့ခန်းမှာ အခန့်သား မထိုင်နိုင်ပါဘူး။ ဒီလိုနဲ့ သင်တန်းသားတွေကို အင်တာနက် သင်မပေးလိုက်ရဘဲ အမှတ်စဉ် (၁) သင်တန်းလေး ပြီးဆုံးသွားခဲ့ပါတယ်။ အကြောင်းကတော့ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ကတောက်ကဆလေးတစ်ခု ဖြစ်ခဲ့တယ်။ စက်တင်ဘာတစ်နှစ်ပြည့် Case ကြောင့်ပါ။ အဲဒီ Case ကိုပြေလည်အောင် မန္တလေးတိုင်း ဗဟိုသံဃာမဟာနာယကချုပ်ဆီ သွားပြီး လျှောက်ထားခဲ့တယ်။ ဆရာတော် သူ့တပည့်တွေကိုပါ သင်ကြားပေးဖို့ ပြောရင်း လက်မှတ် ထိုးပေးခဲ့ပါတယ်။ ဆရာတော်ရဲ့ လက်မှတ်ကြောင့် သင်တန်းကို ဆက်သင်ခွင့်ရခဲ့ပါတယ်။ ဆရာတော်သာ မကူညီခဲ့ရင် ဦးရဲဝင်းနောင်လည်း ခွင့်ပြုရဲမှာ မဟုတ်ဘူး။

အမှတ်စဉ် (၁) ပြီးဆုံးပြီးတဲ့နောက် အမှတ်စဉ် (၂) အတွက် စဉ်းစားရပါပြီ။ အဲဒီအချိန်မှာ ဦးဇင်းမှာလည်း ဘတ်ဂျက်အခက်အခဲ ဖြစ်နေပါပြီ။ နောက်နှစ်အတွက် ကျောင်းစရိတ်လေးကတော့ မျက်ခုံးလှုပ်ပြီ။ စစ်ကိုင်းမှာလည်း သင်တန်းတွေ သင်နေပြီလေ။ အဲဒီအချိန်မှာ blog တွေကို ၀င်ကလိရင်း blogger တွေကို အကူအညီတောင်းဖြစ်ခဲ့တယ်။ Multiply က ရွက်ဝါ ဆိုတဲ့ blogger တစ်ဦးက သင်တန်းအတွက် စရိတ်ကို စိတ်မပူပါနဲ့။ သူရှာပေးမယ် ဆိုပြီးမှ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း (ရုရှား) နဲ့ ချိတ်ဆက်ပေးခဲ့တယ်။ အသင်းဝင်တစ်ဦးကနေ ညကြီး ဦးဇင်းဆီ ဖုန်းဆက်တယ်။ ဦးဇင်းကိုယ်တိုင်က တစ်ဆင့်ဖုန်းနဲ့ဆိုတော့ စကားအကြာကြီး မပြောရဘူး။ ပြန်လာခဲ့ရတယ်။ မနက်ဖြန် ဦးဇင်းရဲ့ ကိုယ်ပိုင်ဖုန်းဖြစ်တဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်လို့ရတဲ့ G-talk ကနေ ချိန်းခဲ့ရတယ်။ အဲဒီလိုနဲ့ နောက်ရက် ညနေပိုင်း (၄း၀၀) နာရီလောက်မှာ မေးလ်အသစ်တစ်ခု Invite လုပ်လာတယ်။ အဲဒါကို yes လုပ်မိတာက ဦးဇင်းရဲ့ အမှတ်စဉ် (၂) သင်တန်းဖွင့်ဖို့ အခွင့်အလမ်းတစ်ခု ပွင့်သွားခဲ့ပါတယ်။ နှစ်နာရီကြာ စကားပြောပြီးနောက် ဒေါ်လာတစ်ထောင်လှူမယ်ဆိုပြီး သူတို့က လျှောက်ထားခဲ့တယ်။ ဦးဇင်းလည်း သင်တန်းတွေအတွက် အတော်လေး ၀မ်းသာသွားပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ အသင်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ငွေနှစ်သိန်းကို မန္တလေးသင်တန်းမှာ လာလှူတယ်။ အဲချိန်မှာ သင်တန်းက ဖွင့်ဖို့ အတော်လေး ပြည့်စုံသွားတာပေါ့။

အဲဒီချိန် စစ်ကိုင်းမှာလည်း သင်တန်းအမှတ်စဉ် (၂) ဖွင့်ဖို့ အတော်လေး ကြိုးစားနေရတဲ့ အချိန်။ အဲဒီလို အသင်းက လှူမယ်ဆိုတော့ အတော်လေး ၀မ်းသာခဲ့တာပေါ့။ ဒါပေမယ့် အလှူငွေ လေးသိန်းပဲ ရောက်လာခဲ့ပါတယ်။ အဲမှာ ကျောင်းစရိတ်တွေ ပါသွားပြီပေါ့။ အဲလိုနဲ့ စစ်ကိုင်းသင်တန်း အမှတ်စဉ် (၂)မှာ လူတွေကိုပါ အခမဲ့ သင်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါနဲ့ လူတိုင်းအတွက် လိုအပ်နေတဲ့ နည်းပညာ ကို ဘလော့ တစ်ပုဒ်တင်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ကြည်ညိုရင်းစွဲ ဒကာ ဒကာမတွေနဲ့ စိတ်ဝမ်းကွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆန္ဒက တစ်မျိုး၊ ဦးဇင်းဆန္ဒက တစ်မျိုးလေ။ နောက် သင်တန်းနေရာပိုင်ရှင်တွေနဲ့လည်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ သူတို့က လူတွေကို သင်ရင် ပိုက်ဆံယူ။ သူတို့ဆီက ရရ မရရ လူတွေကို သင်တဲ့အတွက် သူတို့ကို ပိုက်ဆံပေး စသဖြင့် တစ်ပူပေါ် နှစ်ပူဆင့်တွေ ဖြစ်လာခဲ့ရတယ်။ တစ်ချို့ သင်တန်းလိုအပ်ချက် တွေကတော့ ကိုညီလင်းဆက်အကူအညီနဲ့ အဆင်ပြေခဲ့ပါတယ်။ ဒီလိုနဲ့ အွန်လိုင်းပေါ်က ဘလော့ဂါတွေ ပိုစ့်တင်ပြီး ကူညီပေးကြတယ်။ ဒီလိုနဲ့ စစ်ကိုင်း သင်တန်းအမှတ်စဉ်(၂) မှာ A+ နှင့် Networking တွေ တိုးချဲ့ သင်ပေးဖြစ်ခဲ့တယ်။ ကုဋီနေရာပြဿနာကြောင့် သင်တန်းက ဖွင့်လိုက် ပိတ်လိုက်နဲ့ သင်တန်းကို ပြီးအောင် ကြိုးစားသင်ရင်း အောင်မြင်သွားခဲ့တယ်။ မန္တလေးသင်တန်းမှာလည်း blogger ကိုပီကေ (ကပ်ပါပေ့ကိုပီကေရယ်) က လာရောက် ကူညီ သင်ကြားပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ အွန်လိုင်းပေါ်က အလှူရှင်တွေ ကောင်းမှုနဲ့ ဆက်ကြိုးစားခဲ့တာ မန္တလေး သင်တန်း အမှတ်စဉ် (၂) ပြီးဆုံးသွားပြီး အမှတ်စဉ် (၃) ကို စင်္ကာပူက ကိုကြီး ကောင်းမှုနဲ့ ဆက်လက် သင်ကြားပေးဖြစ်ခဲ့ပါတယ်။ စစ်ကိုင်း သင်တန်းအမှတ်စဉ် (၃) ကိုတော့ ကြိုးစားဆဲ ပဲပေါ့။ အဲဒီမှာ ကုဋီကိစ္စက တော်တော်လေး ခက်လာပါတယ်။ ဒီကိစ္စကို ကိုရင်ငြိမ်းက ပိုစ့်တင်ပြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မြောက်အောင်မြင်တဲ့အထိ အဆင်မပြေခဲ့ပါဘူး။ အဲဒီကုဋီကိစ္စ စိတ်ညစ်နေတဲ့ အချိန်မှာပဲ http://www.dhammaransi.net က Admin ဖြစ်တဲ့ ကိုမျိုးမှ ဆက်သွယ်ပေးမှုကြောင့် မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န ရဲ့ အကူအညီ ရခဲ့ပါတယ်။ အဲဒီမှာ ကုဋီကိစ္စ အဆင်ပြေသွားခဲ့ပါတယ်။ သင်တန်းကို အဆက်မပြတ်စေချင်တာနဲ့ ရှိတာလေး ခြစ်ခြုပ်ပြီး ရအောင် ဖွင့်ခဲ့ရပြန်ပါတယ်။ ဖွင့်ပွဲကို Blogger ဂျေဂျူဝိုင်နှင့် ညီမင်းခတို့ လာရောက်ကူညီခဲ့ပါတယ်။ ဒီလိုနဲ့ စစ်ကိုင်းသင်တန်း အမှတ်စဉ် (၃) လေးကို တခမ်းတနား ဖွင့်ဖြစ်ခဲ့ပါတယ်။ အဲဒီ သင်တန်းမှာ Auto CAD , 3D Max , A+ သင်တန်းများ တိုးချဲ့ သင်ကြားပေးခဲ့ပါတယ်။ အဲဒီ သင်တန်းမှာ အခက်ခဲဆုံးက လျှပ်စစ်မီးဖြစ်နေတယ်။ သင်တန်းအမှတ်စဉ် (၂) တုန်းက မီးစက်အတွက် Multiply က blogger တွေ လာရောက် လေ့လာကြည့်ရှုပြီး မီးစက်အတွက် ကူညီမယ်ဆိုပြီး လျှောက်သွားခဲ့ကြပါတယ်။ ဦးဇင်းလည်း မီးစက်အတွက်ကို မတည်ငွေ တစ်သိန်း ထည့်ပေးခဲ့တယ်။ မီးစက်က စာရင်းပေးထားတဲ့ အလှူငွေများ မပြည့်စုံသေးတဲ့ အတွက် မီးစက်ကို ငှါးသုံးနေရပါတယ်။ မီးစက်ငှါးခက တစ်လကို ၄၅၀၀၀ ကျပ် ကုန်ကျပါတယ်။ လိုအပ်တာတွေကို ပြောပြနေရင် ပြီးတောင် ပြီးမှာ မဟုတ်ဘူး။ ဘယ်က စပြောလို့ စပြောရမှန်း မသိလောက်အောင်ကို ဒီအမှတ်စဉ် (၃) သင်တန်းမှာ ပိုခက်ခဲလို့ လာပါတယ်။ ဒီအခက်အခဲတွေကြားထဲကနေ မန္တလေး အမှတ်စဉ် (၄) ကိုလည်း ဖွင့်ဖြစ်ခဲ့ပါတယ်။ မန္တလေးသင်တန်း အမှတ်စဉ် (၄) ကိုတော့ သင်တန်းသားဟောင်း ဦးပညာဝံသနှင့် ဘလော့ဂါ ဂျေဂျူဝိုင်တို့က ၀ိုင်းဝန်းထိန်းသိမ်း ကူညီပေးနေကြဆဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ သင်တန်းတွေ ဆက်လက် သင်ကြားဆဲပါ။ နောက်လည်း သင်တန်းတွေ မပြတ်အောင် ဒီထက်မက သင်ကြားပေးနိုင်အောင် နောက်ပြီး အခြား မြို့နယ်များအထိ ဒီလို သင်တန်းမျိုးတွေ ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။

ဒီနှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှာ ဆရာတော် မွေးနေ့ပါ။ အဲဒီမွေးနေ့မှာ ကျွန်တော်တို့ http://friendsdaygroup.ning.com က Member များစုပြီး ရလာတဲ့ အလှူငွေကိုကြည့်ပြီး သင့်တော်တဲ့ ကွန်ပျူတာ သို့မဟုတ် လိုအပ်တဲ့ ပစ္စည်းတစ်ခုခုကို လှူဒါန်းဖို့ ရှိပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP