* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 6, 2009

*အမှား မကြီးပါစေနှင့် (ထေရ၀ါဒတို့ သတိထားစေချင်)*


မည်သည့် ဘာသာစကား၌ မဆို နှုတ်မှ ထွက်သော အသံကို အက္ခရာ စာလုံးအဖြစ် ပထမဦးစွာ ဖန်တီးပါသည်။ ထို အက္ခရာ စာလုံးများဖြင့် ဝေါဟာရများ၊ ၀ါကျများ ဖွဲ့၍ ရေးသားပါသည်။ ထို ဝေါဟာရများ၊ ၀ါကျများကိုပင် တစ်ဖန် ပြန်၍ အသံထွက် ရွတ်ဖတ်ကြသည်။

ထို့ကြောင့် အသံထွက်မှန်မှ အရေးအသား မှန်မည်။ အရေးအသား မှန်မှလည်း အသံထွက် မှန်ပေမည်။

အသံထွက်ရာ၌ သတ်ပုံသတ်ညွှန်း မရှိသော်လည်း ရေးသားရာ၌မူ သတ်ပုံသတ်ညွှန်း လိုလာ၏။ “ကျောက်ခဲနဲ့ ထုမှာ ကြောက်တယ်” ဟူသော စကားကို စာဖြင့် ရေးသားရာ၌ “ကျောက်” နှင့် “ကြောက်” ကို ခွဲခြား ရေးရပေသည်။ “ကြောက်ပါတယ်” ဟူသော စကားကို “ကျောက်ပါတယ်” ဟု ရေးမိလျှင် ကျောက်ပွဲစား ဖြစ်သွားပေမည်။

ထို့ပြင် ရေးတော့အမှန် ဖတ်တော့အသံ ဟူ၍လည်း ရှိသေး၏။ “ကြေးထူ” ကို “ဂျီးထူ” ဟု ဖတ်၏။ “မြားပစ်” ကို “မျှားပစ်” ဟု ဖတ်၏။ “တုတ်ချောင်း” ကို “ဒုတ်ချောင်း” ဟု ဖတ်၏။

အချို့ကား အသံ တူသော်လည်း အဓိပ္ပါယ်ကို လိုက်၍ သတ်ပုံ ကွဲကြပြန်သည်။ “သံတူ ကြောင်းကွဲ” ဟု ခေါ်သည်။ “ယင်” ဟူသော အသံထွက်ကို ကြည့်ပါ။ “ယင်” ကောင် “ယဉ်” ကျေးမှု၊ မော်တော် “ယာဉ်”၊ ပန်းဥ “ယျာဉ်” ဟူ၍ ကွဲပြားကြ ပြန်သည်။

အချို့မူကား မိမိ ကိုယ်နှိုက်က လွဲမှားစွာ အသံ ထွက်နေသောကြောင့် စာရေးသားရာ၌ လွဲမှားကြရသည်။ “ဗာဒံပင်” ကို “ဗန်ဒါပင်”၊ “မာလကာသီး” ကို “မာကလာသီး”၊ “ပီလောပီနံ” ကို “ကလောပီနံ” ဟု အပြောမှား အရေးမှားမိ ကြလေသည်။

******************************************************

ဤကဲ့သို့ မြန်မာ စာပေကို ရေးသား ရွတ်ဖတ်ကြရာ ၌ပင် အလွဲအမှားများ ရှိတတ် ရကား ပါဠိ စာပေ၌မူ ပြောဖွယ်ရာ မရှိပြီ။ လူပုဂ္ဂိုလ်များ၌ ပါဠိစာပေ တတ်ကျွမ်းသူ အလွန် နည်းပါးသည်။ ရဟန်း သံဃာများ၌ ပင်လျှင် ပရိယတ္တိ စာပေကို ဆရာကောင်းထံ နည်းခံ၍ စနစ်တကျ လေ့လာ သင်ယူကြသူ များသာ တတ်ကျွမ်းကြ ပါသည်။

သို့သော် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်များသည် ပါဠိဖြင့် ကင်း၍ မရပါ။ ဘုရား ရှိခိုးခြင်း၊ ဂုဏ်တော် ပွားခြင်း၊ ပရိတ်ရွတ်ခြင်း စသည့် ကိစ္စများ၌ ပါဠိစာပေနှင့် ကြုံတွေ့ ကြရပါသည်။

ထိုသို့ နေ့စဉ်လိုလို မကြာခဏ ဆိုသလို ရွတ်ဆို ကြရသည့် ပါဠိစာပေ အချို့ကိုမူ ရဟန်းဖြစ်စေ၊ လူဖြစ်စေ အသေအချာ လေ့လာထားသင့် လှပေသည်။ ရဟန်း သံဃာများကား ပို၍ အရေးကြီးပါ၏။ လူပုဂ္ဂိုလ်များ အနေဖြင့်ကား အနည်းဆုံး အခြေခံကလေးများ လောက်ကိုဖြင့် လေ့လာ ထားသင့် လှပါသည်။

ယခုမူ လေ့လာမှု အားနည်းကြ သဖြင့် မမှားသင့်သည် များကိုပင် မှားယွင်းစွာ ပြောဆို သုံးနှုန်း ရေးသား နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင် ကြားသိနေရ ပါသည်။

ဥပမာ ဆိုရပါမူ “အရုဏ်” နှင့် “အာရုံ”၊ “သဒ္ဓါ” နှင့် “သဒ္ဒါ” တို့ ဖြစ်ကြ ပါသည်။

“အရုဏ်ဆွမ်း၊ အရုဏ်တက်ချိန်” ဟု ရေးရမည့် အစား “အာရုံဆွမ်း၊ အာရုံတက်ချိန်” ဟု ရေးလျှင် အဓိပ္ပါယ် မရှိတော့ပါ။ “စေတနာ သဒ္ဓါတရား” ဟု ရေးရမည့် အစား “စေတနာ သဒ္ဒါတရား” ဟု ရေးမိလျှင်လည်း အဓိပ္ပါယ် မရှိတော့ပါ။ အသုံးအနှုန်း မှန်ကန်သော စာကြောင်းကလေး နှစ်ကြောင်းကို လေ့လာကြည့် စေချင်ပါသည်။

နိဗ္ဗာန်ကို “အာရုံ” ပြု၍ “အရုဏ်” ဆွမ်း ဆက်ကပ်ပါသည်။ “သဒ္ဓါ” တရား ထက်သန်စွာဖြင့် “သဒ္ဒါ” စာအုပ် လှူဒါန်းပါသည်။

***************************************************

ပရိတ်ကြီး (၁၁) သုတ်တွင် “မင်္ဂလသုတ်” နှင့် “မေတ္တသုတ်” တို့သည် အလွန် ထင်ရှား၍ လူအများ ရွတ်ဆိုကြ ပါသည်။ သို့သော် “မင်္ဂလသုတ်” ကို “မင်္ဂလာသုတ်” ဟု မပြောကြဘဲ “မေတ္တသုတ်” ကိုမူ “မေတ္တာသုတ်” ဟု ပြောဆိုကြ ပါသည်။

မေတ္တသုတ်ကို “မေတ္တာသုတ်” ဟု ပြောဆိုရာ၌ “မစ်တာသုတ်” ဟု ဆိုလျှင် တော်သေး၏။ “မြစ်တာသုတ်” ဟု ပြောလျှင်ကား ပို၍ပင် နားမသက်မသာ ဖြစ်ရပါ တော့သည်။

သဝေလည်းထိုး၊ တသတ်မျိုး၊ ဖတ်ရိုး စသတ်သံ” ဟု လင်္ကာ ရှိပါသည်။ “သေတ္တာ” ကို “သစ်တာ” ဟု ဖတ်သကဲ့သို့ “မေတ္တာ” ကို “မစ်တာ” ဟု ဖတ်ရပါသည်။

ထို့ပြင် အချို့သော ပုဂ္ဂိုလ်များသည် “မေတ္တသုတ်” ကို ရွတ်ဆိုရာ၌ အဖြတ်အတောက် မှားယွင်း နေကြ ပြန်သည်။ အပိုဒ်တစ်ပိုဒ်၌ ရပ်ရမည့် နေရာတွင် မရပ်ဘဲ၊ အပိုဒ်ကို ဆုံးအောင် မဆိုဘဲ ရပ်လိုက်ပါသည်။ ယင်း အပိုဒ်ကား…

“သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ၊ သလ္လဟုက ၀ုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ” ဖြစ်ပါသည်။

အချို့ကား “အပ္ပဂဗ္ဘော” ၌ ရပ်လိုက်ကြ၏။ ပြီးမှ “ကုလေသွနနုဂိဒ္ဓေါ” နှင့် ကျန်အပိုဒ်ကို ဆက်ဆို၏။ ၎င်းကိစ္စနှင့် ပတ်သက်၍ သဲကုန်း အရှင် ဉာဏိဿရ၏ “မေတ္တသုတ္တန် တရားတော် စာအုပ်” စာမျက်နှာ (၉၃) တွင် ဤသို့ မိန့်ကြားထား ပါသည်။

“မေတ္တသုတ် ရွတ်ကြတာလည်း တယ် မမှန်ကြဘူး။ ဟိုဘက်ကူး ဒီဘက်ကူးနဲ့ အမျိုးမျိုး ဖြစ်နေတတ်ကြတယ်။ သန္တုဿကော စ က စပြီးရွတ်လာတာ ‘နနုဂိဒ္ဓေါ’ ကျရင်ရပ်။ ‘နစခုဒ္ဒ’ က နောက်တစ်ပိုဒ် ဟုတ်ပြီလား”

ပရိတ် ရွတ်ဖတ်ကြရာ၌ အသံထွက် မှန်ရန် လိုသကဲ့သို့ အဖြတ်အတောက် အချအရပ်လည်း အရေးကြီး ပေသည်။ အဓိပ္ပါယ်လည်း သိရပေမည်။ သို့မှသာ ပရိတ်အစွမ်း ပို၍ ထက်မြက်မည် အဟုတ်ပါလော။

“မေတ္တာ” ကို “မြစ်တာ” ဟု ဖတ်သဖြင့် နောက်ဆက်တွဲ ရှုပ်ထွေးမှုလေး တစ်ခု ဖြစ်ပုံကို တင်ပြချင် ပါသေးသည်။

“မိဘ၀တ်” လင်္ကာ၏ အစတွင် “မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်” ဟု ရေးစပ် ထားပါသည်။ အလျဉ်းသင့်၍ ဖော်ပြ လိုပါသည်။ ထိုလင်္ကာကို အချို့ စာအုပ်များ၌ “မကောင်း မြစ်တာ” ဟု တွေ့ရပြီး အချို့ စာအုပ်တွင် “မကောင်း မြစ်ထာ” ဟု တွေ့ရပါသည်။ အချို့ စာအုပ်၌ကား “မကောင်း မြစ်တား” ဟု တွေ့ရပါသည်။

“မြစ်တာ” နှင့် “မြစ်ထာ” မှာ သဘောချင်း အတူတူပင် ဖြစ်ပါသည်။ “တားမြစ်ခြင်း” ကို ဆိုလိုပါသည်။ “မြစ်” ဟူသည်မှာ တားဆီးခြင်း သဘော ဖြစ်ပါသည်။ “မြစ်ရေ” တို့သည် ကုန်းမြေ နှစ်ခုကို တားဆီး ထား၏။ တားဆီးခြင်း သဘောရှိ၍ “မြစ်” ဟု ခေါ်၏။ သို့သော် “မကောင်းမြစ်တား” ဟူသည်မှာ မှန်သော်လည်း “ကောင်းရာညွှန်လတ်” နှင့် ကာရန် လွတ်နေ ပါသည်။

********************************************************

နိုင်ငံကျော် အဆိုတော် (အမျိုးသမီး) တစ်ဦး၏ မှားယွင်းမှု ကိုလည်း တင်ပြလို ပါသည်။ ဘုရား ဂုဏ်တော်များကို ပူဇော်ထားသည့် ဓမ္မသီချင်း တစ်ပုဒ်၌ ဖြစ်ပါသည်။ ဂုဏ်တော် တစ်ခုကို ရွတ်ဆို သီဆိုရာတွင် သဒ္ဓါတရား ထက်သန်စွာဖြင့် ပီပီသသ ရွတ်ဆိုလိုက် သော်လည်း အသံထွက် မှားသွားခဲ့ ပါသည်။ ၎င်းသီချင်းမှာ ယနေ့တိုင် တွင်ကျယ်နေဆဲ ဖြစ်ပါသည်။ ထိုအမှားကို မည်သို့ ပြင်ဆင်ကြ မည်နည်း။

အဆိုတော် အမျိုးသမီးက “ရွတ်ဆိုစဉ် အခါ၌ အသံထွက် အမှန်ကို သတိ မထားမိခဲ့ဘူး” ဟု ၀န်ခံပါသည်။ “နောင်မှ သိလိုက်ရာ ပြင်မရတော့ သဖြင့် စိတ်မကောင်း ကြီးစွာ ဖြစ်ရပါသည်” ဟုလည်း ဆိုပါသည်။ နားထောင်သူ အများစု ကလည်း အမှားကို သတိမထား မိကြပါ။ သူတို့ ကိုယ်နှိုက်ကပင် ထိုအမှား အတိုင်း ရွတ်ဆို နေကြသလော၊ မပြောတတ်ပါ။

၎င်း ဂုဏ်တော်မှာ “သတ္ထာ ဒေ၀ မနုဿာနံ” ဖြစ်ပါသည်။ အသံထွက် အမှန်မှာ သတ္ထာ (သတ်ထာ) ဟု ဖြစ်သော်လည်း သူမက သတ္တာ (သတ်တာ) ဟု အသံထွက် သွားခဲ့ပါသည်။ လူ အတော်များများပင် ဤကဲ့သို့ အလွယ်တကူ အသံထွက် နေကြသည်ဟု ထင်ပါသည်။

သတ္ထာ (ဆရာ)၊ ဒေ၀ (နတ်)၊ မနုဿ (လူ)။ “သတ္ထာ ဒေ၀ မနုဿာနံ” လူနတ်တို့၏ ဆရာမြတ် အစစ် ဖြစ်တော် မူပေသော မြတ်စွာဘုရား။

ဤနေရာ၌ လွဲမှားခြင်း သည်လည်း “သတ်တာ” နှင့် “သတ်ထာ” ဖြစ်ပါသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သည့် “မြစ်တာ” နှင့် “မြစ်ထာ” ကဲ့သို့ကား သဘောချင်း မတူတော့ပါ။ “သတ္ထာ” ကို “သတ္တာ” ဟု ရွတ်ဆိုလိုက်သည့် အတွက် အဓိပ္ပါယ် လုံးဝ ပျက်စီးသွား ပါတော့သည်။

ဘုရား ဂုဏ်တော် ကိုးပါးသည် ဗုဒ္ဓဘာသာ ၀င်များ အမြဲတစေ ရွတ်ဆိုလေ့ ရှိသော ဘုရားရှိခိုး ဖြစ်ပါသည်။ ဂုဏ်တော် ပုတီး စိပ်သူ များလည်း နေ့စဉ် ရွတ်ပွားကြ ပါသည်။ စာရေးသူကား ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး တို့ကို (မဟာစည် ဆရာတော် ဘုရားကြီး၏ မူအတိုင်း) နေ့စဉ် အနက်ဖွင့်၍ ၀တ်ပြုပါသည်။ ဤဂုဏ်တော် အရောက်တွင် မမှားစေရန် အမြဲ သတိရလျက် နေတော့၏။

********************************************************

ဗုဒ္ဓဘာသာ၌ အတိုဆုံးနှင့် အတွင်ကျယ်ဆုံး ဘုရားရှိခိုး တစ်ခု ရှိပါသည်။ ဥဒါန်းတင် ဘုရားရှိခိုး ဟုလည်း ခေါ်ပါသည်။ ယင်းကား…

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဖြစ်ပါသည်။

၎င်း ဘုရားရှိခိုး၌ “ဘဂ၀ါ၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓ” ဟူသော ဂုဏ်တော်ကြီး သုံးပါး ပါရှိနေသည်ကို သတိ ပြုရပါမည်။ ဤ ဘုရားရှိခိုးကား အများအားဖြင့် အသံထွက် မမှားကြပါ။ သို့သော် အဖြတ်အတောက် မှားယွင်းနေသူ များလှပါသည်။ ဤသို့ မှားယွင်းကြရာ၌ အချို့ကား နားမလည်၍ မှားကြပါသည်။ အချို့ကား နှုတ်ကျိုးနေ၍ မှားကြပါသည်။

ရွတ်ဖတ်ပုံ အမှန်ကား ဤသို့ ဖြစ်ပါ၏။ “နမော” ဟုဆိုပြီး ခဏရပ်ပါ။ ပြီးမှ “တဿ ဘဂ၀သော” ဟုဆိုပါ။ ပြီးမှ “အရဟတော” ပြီးမှ “သမ္မာသမ္ဗုဒ္ဓဿ” ဟု ရွတ်ဆိုရ ပါမည်။ ဥဒါန်းတင် ဘုရားရှိခိုး ဖြစ်သဖြင့် သုံးကြိမ်သုံးခါ ရွတ်ဆိုရ ပါသည်။

“နမော” နှင့် “တဿ” ကို တွဲ၍ မဆိုရပါ။ “တဿ နှင့် ဘဂ၀တော” ကို တွဲဆိုရ ပါမည်။ လူအများသည် “နမောတဿ” ဟု တစ်ဆက်တည်း ဆိုနေကြ ပါသည်။ “နမော်တဿ” ဟု ဆိုသူများလည်း ရှိသေး၏။ ထိုသူတို့ကား “နမော်နမဲ့” နိုင်လွန်းလှ ပါသည်။

“နမော” ဟူသည် “ရှိခိုးပါ၏” ဟု ဆို၏။ “တဿ” ဆိုသည်ကား ဘုရားရှင် ကိုယ်တော်မြတ် ကြီးနှင့် ဂုဏ်တော်များကို ညွှန်းဆိုခြင်း သဘော “ထို” ဟု ဖြစ်ပါ၏။ အမှားအမှန် ခွဲခြားစိမ့် သောငှာ “ပြည်တွင်း ပြည်ပ (အမေရိကန်) သာသနာပြု ဆရာတော်ကြီး” တစ်ပါး၏ အနက်ဖွင့် ဘုရားရှိခိုးကို လေ့လာကြည့်စေ လိုပါသည်။

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” (သုံးခေါက်)

အရဟတော- ဗြဟ္မာ၊ နတ်၊ လူ ခပ်သိမ်းသူတို့၊ အပူဇော် မှန်သမျှ၊ အလှူတော် ခံတော်မူထိုက် ပေထသော။ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန်၊ တရားမှန်ကို၊ ဆရာမရှိ၊ ကိုယ်တော်တိုင် သိတော်မူပေ ထသော။ တဿ ဘဂ၀သော- ထို ဂုဏ်ပေါင်းသခင်၊ ဘုရားရှင် ကိုယ်တော်မြတ် ကြီးအား။ နမော- ဂုဏ်တော်ကိုးအင်၊ စိတ်မှာ ထင်လျက်၊ ယုံကြည်မြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုး ကန်တော့ပါ၏ မြတ်စွာဘုရား။

ဤမျှဆိုလျှင် “နမောတဿ” လား “တဿ ဘဂ၀တော” လား ဟူသည်ကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိအပ်ပါပေပြီ။

ဗုဒ္ဓဘာသာကို အထက်တန်း ကျကျ မျက်နှာပန်း လှလှ ဖြစ်စေလို ပါလျှင် ထိုကိစ္စ ကလေးများကို အသေးအဖွဲဟု မထင်အပ်ပါ။ အလွန် အရေးကြီးလှ ပါသည်။

ဘာသာရေး ဆိုင်ရာ စာအုပ် စာတန်းများ၌လည်း အဆိုပါ ဥဒါန်းတင် ဘုရား ရှိခိုးကို နဖူးစည်း၌ ဦးတင်၍ ဖော်ပြလေ့ ရှိရာ “နမောတဿ” ဟု တစ်ဆက်လည်း မရိုက်နှိပ်မိရန် ဂရုစိုက်သင့် လှပါသည်။

ယခုခေတ်သည် ကွန်ပျူတာခေတ် ဖြစ်ရာ ကွန်ပျူတာ စာစီစာရိုက် လူငယ် မောင်မယ် ကလေးများ ကလည်း အထူး ဂရုစိုက် စေချင်ပါသည်။

ဘုရားရှိခိုး၊ ဂုဏ်တော်၊ ပရိတ်တို့နှင့် ပတ်သက်သည့် ကိစ္စများ တင်ပြ ပြီးသည့်နောက် “သီလ” နှင့် ပတ်သက်သော မှားယွင်းမှု တစ်ခုကို ဖော်ပြ ပါမည်။ အသံထွက် မှားယွင်းမှု ဖြစ်ပါသည်။ ပြီးစလွယ် ရွတ်ဆို၍ လည်းကောင်း၊ နှုတ်ကျိုး နေ၍ လည်းကောင်း မှားယွင်းကြ ပါသည်။ ယင်းကား… “ငါးပါးသီလ” မှ ဒုတိယမြောက် သိက္ခာပုဒ် ဖြစ်ပါသည်။

“အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”

“သူတစ်ပါး မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူ၍ ဖြစ်ပါသည်။ “အဒိန္နာဒါနာ” ကို “အဒိန္နဒါနာ” ဟု ရေးချသံဖျောက်၍ ရွတ်ဆိုသဖြင့် လုံးဝ မှားယွင်းသွား ပါသည်။ မည်သည့် အဓိပ္ပါယ်မျှ ဖော်၍ မရတော့ပါ။ အထူး သတိပြု စေလိုပါသည်။

********************************************************

ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့အား အထူး မေတ္တာရပ်ခံ လိုသည်မှာ မိမိတို့၏ ဗုဒ္ဓဘာသာ၊ သာသနာတော်ကို အဓွန့်ရှည်အောင် ထိန်းသိမ်း စောင့်ရှောက် လိုပါလျှင် ရွတ်ဖတ်ခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ကွန်ပျူတာ စီခြင်းတို့တွင် အမှားအယွင်း ကင်းရှင်းအောင် သတိပြုကြ စေလိုပါသည်။

အကယ်၍ အသံထွက်များ၊ အက္ခရာ အနေအထားများ၊ သတ်ပုံများ မှားယွင်းခဲ့သော် အနက် အဓိပ္ပါယ်တို့ သည်လည်း မှားယွင်းကြ ပေလိမ့်မည်။

အများညီ ‘ဤ’ ကို ‘ကျွဲ’ ဖတ်” ဟူသော စကားကို စာရေးသူ မနှစ်သက်ပါ။ (ဟုတ်ကဲ့ ကျွန်တော်လည်း မကြိုက်ဘူး ခင်ဗျ။) အများညီညီ မညီညီ “ဤ” ဟာ “ဤ”၊ “ကျွဲ” ဟာ “ကျွဲ” သာ ဖြစ်ရပါမည်။

အမှားကြာ၊ အမှန်ဖြစ်” ဟူသော စကားကိုလည်း မနှစ်သက်ပါ။ “အမှား မကြာခင်၊ အမှန်ပြင်” နိုင်အောင် ကြိုးစားကြ ရပေမည်။ နားမလည်၍ မှားကြသူ များကိုလည်း နားလည် တတ်ကျွမ်းသော သူများက အခါအခွင့် သင့်တိုင်း ရှင်းလင်း ပြသပေးရပေမည်။

စာပေ ပရိယတ္တိ လုပ်ငန်းများကို ရဟန်း သံဃာတော် များက စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိကြသကဲ့သို့ သီလရှင်များ၊ လူပုဂ္ဂိုလ်များ ကလည်း ၀ိုင်းဝန်း ဆောင်ရွက်ကြရ ပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင် တိုင်းသည် နေသာသလို မနေကြဘဲ အခြေခံမျှ လောက်ကိုဖြင့် လူကြီး လူငယ်မရွေး လေ့လာထားအပ် ပါသည်။

ဒုကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော် ကြီး၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ဤသို့ သတိပေးစကား မြွက်ကြားသွားတော် မူပုံကို ဖတ်ရှု နာယူရ ပါသည်။

ရဟန်းတို့၊ ဤတရား နှစ်မျိုးတို့သည် သူတော်ကောင်း တရားဟု ဆိုအပ်သော ငါဘုရား၏ သာသနာတော်ကို ပျက်စီးခြင်းငှာ၊ ကွယ်ပသွားခြင်းငှာ ဖြစ်ကုန်၏။ အဘယ် နှစ်ပါးတို့နည်း ဟူမူကား… အက္ခရာ၊ ပုဒ်၊ ဗျည်းကို မှားယွင်းစွာ ထားခြင်းသည် တစ်မျိုး၊ ဆိုလိုသော အနက် အဓိပ္ပါယ်ကို သိရခက်ခြင်း သည်လည်း တစ်မျိုး ဤ နှစ်မျိုးတို့ ပေတည်း။

“အမှား မကြာခင် အမှန်ပြင်ကြပါ သူတော်စင် အပေါင်းတို့”

မင်းတံခွန်

+++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

6/5/2009, FRI:, 9:39:26 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP