* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 14, 2009

သံသရာ,ကဇာတ်-နောက်ဆုံးပိုင်း


၇)

အိုက်စပ်သော ညချမ်းဖြစ်၏။ လေရူးတို့ အသော့နှင်ခိုက်တွင်သာ နွေညသည် အအိုက် လျော့ရသည်။ ကိလေသာ များသော မိမိ၏ သန္တန်သည်လည်း ပူအိုက်သော နွေညပမာ သာတည်းဟု သုမနာထေရီသည် တွေးနေမိသည်။ တရားရှုမှတ်မှသာ အေးမြသက်သာခွင့် ရလေသည်။ ခွေးအနှင့် ၀ံပုလွေတို့၏ အော်သံတို့သည် လေထန်သော ကွင်းပြင်ကို ဖြတ်၍ တိဿမဟာဝိဟာရ ကျောင်းကြီးဘက်သို့ ပျံ့နှံ့လာသည်။ တစ်ခြမ်းမျှ ကွေးသော ယုန်ငွေလသည်ကား ကျောင်းကြီးအနီးရှိ ထုံးသင်္ကန်းဖွေးနေသော စေတီတော်ကို ဆင်စွယ်ရောင် တောက်ပသည်အထိ အားပါးတရပင် ဆီမီး ပူဇော်နေသည်။ ထီးတည်း ဖြစ်သော တိဿမဟာဝိဟာရ ကျောင်းကြီးကား စေတီတော်ကို ဦးခိုက်နေသည်။

"သတိပဋ္ဌာန်ဆိုတာဟာ သတိမပြတ်ဖြစ်မှု၊ စွဲမြဲတဲ့အမှတ်ရမှု တွေပါပဲတဲ့။ ဘာတွေကို အမှတ်ရရမလဲ ဆိုတော့ ထင်ရှားဖြစ် ပေါ်လာတဲ့ ကိုယ်အမူအရာ ရုပ်အပေါင်း ကို ဖြစ်ခိုက်ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ထင်ရှားဖြစ်ပေါ်လာတဲ့ ခံစားမှုဝေဒနာ အပေါင်းကိုလည်း ဖြစ်ခိုက်ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ထင်ရှားဖြစ်ပေါ်လာတဲ့ ကြံစည်စဉ်းစားမှု-စိတ် ကိုလည်း ဖြစ်ခိုက်ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ထင်ရှားဖြစ်ပေါ်လာတဲ့ သဘောတရား တွေကိုလည်း ဖြစ်ခိုက်ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ဒီလိုအမှတ်ရအောင် မပြတ်လဲ ကြောင့်ကြစိုက် ပေးနေရမယ်။"

နေ့လည်က နာကြားခဲ့ရသော သတိပဋ္ဌာနသုတ် တရားတော်ကြီး ဖြစ်ပေ၏။ သုမနာထေရီကို ကမ္မဋ္ဌာနာစရိယ ဆရာတော် တစ်ပါးက ဤသတိပဋ္ဌာနသုတ်ကြီးကို အခြေခံ၍ ကမ္မဋ္ဌာန်း ပေးတော်မူသည်။ ဤတရားတော်ကြီးကား ဗုဒ္ဓသာသနာတော်တွင် လိုရင်းတရားတော်ကြီး ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤတရားတော်ကြီးတွင် ပုဗ္ဗဘာဂမဂ်ဟုခေါ်သော ၀ိပဿနာ တရားအားထုတ်ပုံများကို အပြည့်အစုံပြထားသည့်အပြင် ဥာဏ်အထူးများ ဖြစ်ပုံကိုလည်း ထင်ရှားစွာ ပြထားသောကြောင့် ဖြစ်သည်။

"သွားလျှင်လည်း သွားတယ်လို့ သိရမယ်။ ရပ်လျှင်လည်း ရပ်တယ်လို့ သိရမယ်။ ထိုင်လျှင်လည်း ထိုင်တယ်လို့ သိရမယ်။ လှဲလျောင်းလျှင်လည်း လှဲလျောင်းတယ်လို့ သိရမယ်။ ရုပ်ကိုယ်ဟာ ဘယ်လိုပဲ တည်တည် အဲဒီတည်နေတဲ့ အတိုင်း ရုပ်ကိုယ်ကို သိရမယ်။ ရှေ့သွားလျှင်လည်း ရှေ့သွားတယ်လို့ သိရမယ်။ နောက်ပြန်လျှင်လည်း အသိနဲ့ ပြုရမယ်။ ယိမ်းယိုင်သွားရင်လည်း ယိမ်းယိုင်သွားတယ်လို့ သိရမယ်။"

"ကြည့်တာမြင်တာ ကြားတာ ထိတွေ့တာတွေ ခံစားလို့ကောင်းတာ မကောင်းတာတွေ ကိုလည်း စေ့စေ့စပ်စပ် မှတ်ရမယ်။ စားတိုင်းသောက်တိုင်းလည်း စေ့စေ့စပ်စပ် မှတ်ရမယ်။ ကျင်ကြီးကျင်ငယ် စွန့်ရင်လည်း ထင်ရှားတဲ့ ကိုယ်အမူအရာတွေကို စေ့စေ့စပ်စပ် မှတ်ရမယ်။ စိတ်ကူးစဉ်းစား ကြံစည်တာတွေကိုလည်း မှတ်ရမယ်။ စိတ်ပျက်မှု ပျင်းရိထိုင်းမှိုင်းမှု၊ စိတ်ပျံ့လွင့်မှု တွေကိုလည်း မှတ်ရမယ်။ ပူမှုအေးမှု နာမှုကျင်မှုတွေကိုလည်း မှတ်ရမယ်။"

အချုပ်ကား ကိုယ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်း စိတ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်ခိုက်မှာပင် မလွတ်တမ်း ရှုမှတ်ရမည်ဟူ၍ ဖြစ်သည်။ ကိုယ်အမူအရာ စိတ်အမူအရာများကို အရပ်သုံးစကားဖြင့်ပင် သွားသည် ရပ်သည် စိတ်ကူးသည် စသည်ဖြင့် ရှုမှတ်ရန် ဆိုသည်မှာ အင်မတန်လွယ်သည်။ မြတ်စွာဘုရားကလည်း လွယ်အောင် ဟောထားခြင်း ဖြစ်ပေလိမ့်မည်။ လူကြီးလူငယ် ယောကျာ်းမိန်းမ စာတတ် စာမတတ် မရွေး သမ္မာဆန္ဒရှိသူတိုင်း အားထုတ်နိုင်အောင် အလွယ်ဆုံးနည်းဖြင့် ဟောကြားထားခြင်း ဖြစ်ပေမည်။

ဤကဲ့သို့ အားထုတ်သောနည်းက လွယ်၍သာ ဘုရားလက်ထက်တော် အခါက သာဝတ္ထိပြည် လူဦးရေ ၇ ပုံတွင် ၅ ပုံမှာ အရိယာများ ဖြစ်ကြခြင်း ဖြစ်ရပေမည်။ ရုပ်စိတ် စေတသိက် ခွဲခြမ်းဝေဖန်ပုံများ ၀ီထိကျပုံ စသည့် အဘိဓမ္မာနည်းများ တတ်သိပြီးမှ အားထုတ်ရမည်ဆိုလျှင် စာတတ်သူ အလွန်နည်းပါးသော ဟိုးခေတ်အခါက လူများမှာ အားထုတ်နိုင်ဖို့ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားလက်ထက်က ကမ္မဋ္ဌာန်းနည်းများမှာလည်း ဤသတိပဋ္ဌာန်နည်း ကဲ့သို့ပင် လွယ်လွယ်ပဲဟု သုမနာထေရီမှာ သိရပေတော့၏။

(၈)
လွယ်သည် ဆိုသော်လည်း နည်းမျှသာ လွယ်သည်ကို တွေ့ရ၏။ သမာဓိဥာဏ် ဖြစ်အောင် ရှုမှတ်ရသည်မှာကား အလွန် ခက်ပေသည်။ သက်စွန့်ကြိုးပမ်း အားထုတ်မှသာ ဖြစ်နိုင်သည်ကိုလည်း တွေ့ရသည်။ မှန်၏။ အလုံးစုံသော ဒုက္ခဆင်းရဲ အပေါင်းမှ လွန်မြောက်နိုင်သော ဤတရားမျိုးကို ပေါ့ပေါ့လျော့လျော့ အားထုတ်နေရုံဖြင့် အဘယ်မှာ ရနိုင်မည်နည်။ သက်စွန့်ကြိုးပမ်း နက်နက်နဲနဲ အားထုတ်မှသာလျှင် ရနိုင်ပေမည်။ ထို့သို့အားထုတ်မှ ရမည်ကို သိမြင်သဖြင့် သုမနာထေရီသည် သက်စွန့်ကြိုးပမ်း အားထုတ်သည်။

ညဥ့်သည် နက်နက်လာသည် ရှိသော် သုမနာထေရီ၏ အသိတို့သည်လည်း နက်ရှိင်းနက်ရှိုင်း၍ လာတော့သည်။ ပထမ၌ သုမနာထေရီသည် မှတ်သိခံရသော ရုပ်နှင့် မှတ်သိသော စိတ်တို့သာ ရှိသည်ဟု သဘောပေါက်လာသည်။ ထို့နောက် သွားချင်မှု စသော စိတ်အကြောင်းရှိမှသာ သွားမှု စသည်တို့ ဖြစ်သည်ကိုသိရသည်။ ထို့နောက် မှတ်သိရသော အာရုံများ ပျောက်ပျောက်သွားသဖြင့် မမြဲမှုချည်းပဲဟုလည်း သဘောပေါက်လာသည်။

ဆက်လက်ရှုမှတ်သောအခါ အရောင်အလင်း ပီတိ ပဿဒ္ဓိတို့ထင်ရှား စွာဖြစ်ပေါ်လာပြီး တနေရာမှ ရုပ်နာမ်များသည် အခြားနေရာသို့မရောက်ပဲ နေရာတွင်ပင် ပျောက်ကွယ်သွားသည်ကို တွေ့ရပါတော့သည်။ ၄င်းကိုပင် ဆက်လက်ရှုမှတ်ရာ ပုံသဏ္ဍာန် အထည်ဒြပ်မရှိဘဲ တရိပ်ရိပ်နှင့် အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တွေ့ရပြန်ပါသည်။ ဤမျှအထိ အချိုးကျသော အခါ သုမနာထေရီသည် တရားမေးလျှောက်ရန် သတိရသည်။ တရားအားထုတ်နေသော ယောဂီများ တရား မေးလျှောက်လိုက မေးလျှောက်နိုင်ရန် အနီးအပါးတွင် ကမ္မဋ္ဌာနာစရိယဖြစ်သော ထေရီမကြီး တစ်ပါးသည် စောင့်ရှောက်နေပါသည်။

အဆိုပါ ဆရာကို မိမိမြင်သည့်အတိုင်း ဖြောင့်မတ်စွာ မေးလျှောက်ရာ ဤသို့အမိန့်ရှိသည်။ "ငါ့ရှင်.. အလွန်ကောင်းပါတယ်.. သင့် အရေးက သမာဓိနှင့်ဝီရိယ ကို ညီမျှအောင် ထိန်းဖို့အရေးသာ ဖြစ်တော့တယ်.. ကျန်တဲ့တာဝန်များကို ဓမ္မက ဆောင်လိမ့်မယ်..စင်စစ် တရားရှုမှတ်သူ၏ အလုပ်ဟာ ပေါ်လာသမျှကို ရှုမှတ်နေဖို့ တာဝန်သာလျှင် ဖြစ်တယ်။ ကျန်တဲ့ ဥာဏ်အထူးများကို စုံစမ်းဆင်ခြင်နေရန် မလို။ စုံစမ်းဆင်ခြင်နေရင်လည်း ဆင်ခြင်တယ် ဆင်ခြင်တယ်လို့ ရှုမှတ်ပစ်ရမယ်။ တရားအင်အား ကောင်းသူများမှာ ဖြစ်ပေါ်တတ်တဲ့ တရားမာနကို ပယ်ပါ။ အလွန်ယုတ်ညံ့တဲ့ မနာလိုဝန်တိုမှု ကို ဖယ်ပါ။ တရားလောကဓံကို လောဘနှင့် ဒေါသအစွန်း မရောက်အောင် သည်းခံပါ "

ဤသို့ အမိန့်ရှိသည့်အတိုင်း သုမနာထေရီသည် သမာဓိနှင့် ၀ီရိယ ညီမျှအောင် သတိ ထားလေသည်။ ပေါ်သမျှတရားတို့ကို ၀ီရိယစိုက်၍ မလွတ်တမ်း ရှုမှတ်လေသည်။ ဤသို့ သတိဝီရိယတို့ဖြင့် ရှုမှတ်လျက်ပင် ညဥ့်ကို ကျော်ခဲ့၍ မိုးသောက်သို့ ရောက်၏။ ကမ္ဘာလောက မိုးသောက်သည့် နည်းတူ သုမနာထေရီ၏ တရားအသိဥာဏ် သည်လည်း မိုးသောက်ခဲ့ပါသည်။

သုမနာထေရီသည် လောကညဥ့်ကို ကျော်ခဲ့ပြီ။ သံသရာညဥ့်ကိုလည်း ကျော်ခဲ့ပြီ။ အပါယ်ညဥ့်ကိုလည်း ကျော်ခဲ့ပြီ။ ရုပ်နာမ်တို့ကို ငါဟုထင်သော ဒိဋ္ဌိညဥ့်ကိုလည်း ကျော်ခဲ့ပြီ။ တွေဝေသော ၀ိစိကိစ္ဆာညဥ့်၊ မမှန်ကန်စွာကျင့်သည့် သီလဗ္ဗတ္တပရာမာသ ညဥ့်၊ မနာလိုဝန်တိုမှု က္ကဿာ မစ္ဆရိယ ညဥ့်တို့ကို ကောင်းစွာ ကျော်ခဲ့ပြီ။ သို့ဖြစ်၍ သောတာပန်ပယ်သော သံယောဇဉ်ငါးပါးကို သုမနာ သည် ဤသို့ ဆင်ခြင်မိသည်။ နှုတ်မှလည်း ခပ်တိုးတိုး ရွတ်ဆိုကြည့်ပါသည်။

၁-ရုပ်နာမ်အစု၊ငါကောင်ဟု၊ထင်မှုမရှိပါ။(ဒိဋ္ဌိကင်းသည်)
၂-ဘုရား၊တရား၊သံဃာအား ယုံမှားမရှိပါ။(၀ိစ္ဆိကိစ္ဆာကင်းသည်)
၃-သစ္စာမမြင်၊မဂ္ဂင်မပါ၊လေ့ကျင့်ကာဖြင့်၊ချမ်းသာမြဲမည်၊မယုံကြည်၊ကုန်ပြီသီလဗ္ဗတ္တာ (သီလဗ္ဗတ္တပရာမာသကင်းသည်)
၎-က္ကဿာခေါ်ဆို မနာလို၊ဖြစ်ကိုမဖြစ်လာ(က္ကဿာကင်းသည်)
၅-သူများကိုယ်လို၊ကောင်းမည်ကို၊၀န်တိုမရှိပါ(မစ္ဆရိယကင်းသည်)

(မှတ်ချက်။ ။ မဟာစည်ဆရာတော်၏ လင်္ကာ ဖြစ်ပါသည်)

သောတာပန်၏ ကိလေသာသည် ပုထုဇဉ်နှင့်စာလျှင် မရှိသလောက်ပင် နည်းပါးသည်။ သောတာပန်၏ ငါးပါး သီလ သည် အထူးတလည် စောင့်ထိန်းစရာ မလိုဘဲ အလိုလိုခိုင်မြဲနေသော သီလဖြစ်၏။ ထို့ပြင် လောကမှအလွန်သဘောကို ဆောင်သော အရိယာ ပုဂ္ဂိုလ်သည် လောကတွင်းရှိ တူညီမှုသဘောကို မြင်အောင် ကြည့်တတ်သကဲ့သို့ မတူညီမှုသဘောကိုလည်း မြင်အောင်ကြည့်တတ်သည်။ တူညီမှုသဘော ဟူသည်ကား အနှစ်သာရသဘောဖြစ်၍ မတူညီမှုသဘော ဟူသည်ကား အသွင်သဏ္ဍာန် သဘောဖြစ်၏။

အကြွင်းမဲ့မှန်ကန်သော အနှစ်သာရသဘော ဟူသည်မှာကား သစ္စာလေးပါးပင်ဖြစ်သည်။ ဤသစ္စာလေးပါးကိုပင် မြတ်စွာဘုရားသည် ထိုခေတ်ထိုအခါက လူအများနားလည်အောင် ထိုသူတို့နားလည်သည့် ဘာသာစကားနှင့် ဟောကြားရသည်။ ဘုရားခေတ်က စကားတော်များကို ယခုသီဟိုဠ်ခေတ်၌ အပြည့်အစုံ နားမလည်နိုင်တော့။ ထို့ကြောင့် သီဟိုဠ်ခေတ်က ရဟန်းပညာရှိ လူပညာရှိတို့သည် ဘုရားစကားတော်များကို အနက်မှန်ပေါ်အောင် ကြိုးစားဖွင့်ဆို၍ သီဟိုဠ်ခေတ်လူများ နားလည်အောင် ဟောကြားရသည်။ သီဟိုဠ်စကားသည် ဘုရားခေတ်က စကားတော်နှင့် မတူ။ ဤသို့မတူညီမှုသည်ကား အသွင်သဏ္ဍာန်ပိုင်း ကွဲပြားမှုတည်း။ အနှစ်သာရပိုင်း၌ကား အကြွင်းမဲ့တူညီသည်။

ဥပမာအားဖြင့် ဖြောင့်မတ်ပြီး ပညာရှိသော ပုဂ္ဂိုလ်သည် မန်ကျည်းပင်နှင့် သရက်ပင်ကို ကြည့်သောအခါ အသွင်သဏ္ဍာန်အားဖြင့် သစ်ပင်အမျိုးအစား ကွဲပြားသည်ကို ထင်ရှားတွေ့ရမည် ဖြစ်သကဲ့သို့ အနှစ်သာရအားဖြင့် ဓာတ်ကြီးလေးပါး စသည့်သဘောတရားတို့၌ တူညီသည်ကိုလည်း ထင်ရှားတွေ့ရမည်။ ဤသဘာဝနှစ်ခုကို နားလည်အောင် ကြည့်တတ်သော အရိယာပုဂ္ဂိုလ် သည်လည်းကောင်း အနက်မှန်တိကျသည့် အာစရိယောဝါဒ လက်ကိုင်ရှိသော၊ ပညာရှိသော၊ အလိုဆိုးမရှိသော၊ စင်ကြယ်သော၊ ဖြောင့်မတ်သော ရဟန်းပညာရှိ လူပညာရှိတို့ သည်လည်းကောင်း သူငါသတ္တ၀ါအများကို တရားဟောရန် လွန်စွာထိုက်သည်။


(၉)
ရော်ရွက်တို့သည် စိမ်းရာမှ ၀ါ၊ ၀ါရာမှ ကြွေလျောရသလို သုမနာထေရီအပါအ၀င် သတ္တ၀ါတို့သည် အိုမင်းခြင်း၊ သေဆုံးခြင်းဘက် ကူးလာသည်။ နာခြင်းကလည်း တွဲလာသည်။ သုမနာထေရီသည် အထက်မဂ်များကို တက်ရန် ကျနစွာ အားထုတ်ခွင့်မရသေး။ အတိတ်ကံ အထောက်အပံ့ အကြောင်းကြောင့် သုမနာထေရီ တရားဟော မှ ကျွတ်လွတ်မည်ဖြစ်သော တရားနာ ပရိသတ်တပည့်ယောဂီများသည် သုမနာထေရီမအထံ တရားမေးလျှောက်ရန် လာရောက်ကြသည်။ သာမန်ပုဂ္ဂိုလ်များသည် ကမ္မဋ္ဌာန်းတရားကိုသာ တောင်းကြသည်။ ဤပုဂ္ဂိုလ်များကိုကား ဒါနကထာ သီလကထာ သဂ္ဂကထာ စသည်ဖြင့် စိတ်နှလုံးနူညံ့အောင် ဟောကြားပြီး ကမ္မဋ္ဌာန်း တရားကိုပေးသည်။

အချို့ကား လွန်စွာရှူပ်ထွေး နေသော စိတ်ဖြင့်လာသည်။ သေပြီးသည့်နောက် အနာဂတ် ဘ၀များရှိပါသေးသလား၊ သို့တည်းမဟုတ် အတိတ်ဘ၀များ ရှိပါသေးသလား ဟု မေးလျှောက်တတ်သည်။ ထိုအခါ တရားမေးလျှောက်သူ၏ အလိုဆန္ဒကို သုမနာထေရီကဲ့သို့ ပညာရှိရဟန်းသည် သိရ၏။ တရားမေးလျှောက်သူသည် သံသရာမြတ်နိုးသော စိတ်ရှိသည်။ သံသရာကို တွယ်တာနေသည်။ ဤသို့သော ပုဂ္ဂိုလ်များအတွက်ကား အသွင်သဏ္ဍာန်ပိုင်းကို ဦးစားပေးသော ဒါနကထာ သီလကထာ စသည်တို့နှင့် မသင့်လျော်။ အနှစ်သာရပိုင်းကို ဦးစားပေးသော သစ္စာလေးပါးဒေသနာသည်သာ သင့်လျော်သည်။

"ဒါယကာ၊ အတိတ်ဘ၀ရှိသည်ဟုလည်း ငါမဆို၊ မရှိဘူးဟုလည်း ငါမဆို။ စင်စစ် ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးကို သတ္တ၀ါဟူ၍ မမှတ်ယူရသည့်နောက် တွင် ပုဂ္ဂိုလ်သတ္တ၀ါကို စွဲ၍ ပြောရသော ရှေးဘ၀နောက်ဘ၀ကို ပြောဆိုဝေဖန်ဖို့ရန် မသင့်။ ထင်ရှားရှိနေသော ရုပ်တရား နာမ်တရားတို့ သည် မျက်မှောက်၌ပင် သင်တွေ့သည်မဟုတ်လော။ ယင်းတို့ကို ရှုမှတ်လော့။ ယင်းတို့ကို ရှုမှတ်၍ အကြောင်းကြောင့် အကျိုးဖြစ်သည်ကို သိမြင်သော ပစ္စယပရိဂ္ဂဟ ဥာဏ်သို့ရောက်သောအခါ ဘ၀ပြတ်သည်ဟု စွဲလန်းနေသော ဥစ္စေဒဒိဋ္ဌိ ကွယ်လတ္တံ့။ ရှုမှတ်ခံရသော ရုပ်နာမ်များနှင့် ရှုမှတ်မှုသည် နေရာတွင် ဖြစ်၍ ၄င်းနေရာတွင်ပင် ပျက်သည်ကို တွေ့မြင်ရသော သမ္မသနဥာဏ်သို့ရောက်ခဲ့မူ ဘ၀အစဉ်ရှိသည်ဟု စွဲလန်းနေသော သဿတဒိဋ္ဌိ ကွယ်လတ္တံ့။ ရုပ်နာမ်သည် ဒုက္ခသစ္စာတည်း။ ရှုမှတ်မှုသည် မဂ္ဂသစ္စာတည်း။ ရှုမှတ်သဖြင့် တဒင်္ဂပဟန်ဖြင့် ကိလေသာငြိမ်းသည်။ ကိလေသာကား သမုဒယသစ္စာတည်း။ ကိလေသာငြိမ်းခြင်းကား နိရောဓသစ္စာတည်း။ သို့သော် တွေးခေါ်ပြီး သိရုံမျှနှင့် ကိလေသာကို မပယ်နိုင်။ သိသည်ကား သညာသိမျှသာ ဖြစ်ပေသည်။ ကိုယ်ပိုင် အသိမဟုတ်။ ဥပမာ အားဖြင့် ဆားသည် ငန်သည်ဆိုခြင်းကို စဉ်းစားတွေးခေါ်ရုံနှင့် မသိနိုင်။ ဆားကို လျက်ကြည့်မှသာ ငန်သည်ဟု သိရသကဲ့သို့တည်း။ သို့ဖြစ်၍ ပုဗ္ဗဘာဂမဂ်ဖြစ်အောင် ကြိုးစားဖြည့်ကျင့်ပါမှသာ အရိယမဂ်ကို ရ၍ အနုသယတဏှာကို ပယ်၏။ ဤတရားကား သမ္မာဆန္ဒရှိသူတိုင်း သိမြင်နိုင်သော တရားအမှန် ဖြစ်ပေ၏။"

အတိတ်အနာဂတ်ဘ၀များနှင့် ပတ်သက်၍ လွန်စွာ ရှူပ်ထွေးသော စိတ်ရှိသူတိုင်းအတွက် ဤကဲ့သို့ သစ္စာလေးပါးကို တိုက်ရိုက်ဟောသော တရားသည်သာလျှင် သင့်လျော်သည်။ အချို့သည်လည်း ရှိပါသည်။ သံသရာသဘောသည် အသွင်သဏ္ဍာန် သဘောကို ဆောင်ပြီး သစ္စာလေးပါးသဘောသည် အနှစ်သာရသဘောရှိသည်ကို မသိသဖြင့် သို့မဟုတ် သိလျက်နှင့် မသိဟန်ဆောင်လျက် ၀ါဒဆွယ်လာသော ပုဂ္ဂိုလ်တို့သည်လည်းရှိပါသည်။ မသိသူများကိုကား သိအောင်ဟောပြောခြင်းဖြင့် ပရဟိတ တာဝန်ကို သုမနာ ထမ်းပါသည်။

လာဘ်ရချင်၍ သို့မဟုတ် ကျော်ကြားလို၍ အခြွေအရံများလို၍ လာရောက်ကြသော ကောက်ကျစ်သည့် ပရိသတ်ကိုတွေ့ရလျှင်မူ သုမနာထေရီသည် ဆိတ်ဆိတ်သာ နေသည်။

သာဓု..

သာဓု ။

မည်သည့်အချိန်၌ စကားကို ပြောအပ်၍ မည်သည့်အချိန်၌ ဆိတ်ဆိတ်နေအပ်သည်ကို သုမနာထေရီကဲ့သို့ ပညာရှိများသည် ကောင်းစွာသိတော်မူကြပါပေ၏။


(၁၀)
မြတ်စွာဘုရား၏ စကားတော်ကို အကြွင်းမဲ့ နာယူဖူးသော ပညာရှိသော ရဟန်းသည် အတ္တဟိတကိုလည်း ဆောင်ရသည်။ ပရဟိတကိုလည်း ဆောင်ရသည်။ ပရဟိတဆို သည်မှာ တရားဟောခြင်း တရားကို ကျက်မှတ်ရွတ်ဆောင်ခြင်း စသည်တို့ဖြစ်သည်။ အတ္တဟိတဆိုသည်မှာ မိမိသန္တန်တွင် တရားကိန်းအောင် အားထုတ်ခြင်းဖြစ်သည်။ ပရအကျိုးကို ဆောင်လျှက်နှင့်ပင် မိမိသန္တန်၌ သီလသမာဓိပညာ တိုးပွားလာအောင် ထမ်းဆောင်နိုင်မှ တာဝန်ကျေသည်။

သုမနာထေရီသည် တရားဟောလျက်နှင့်ပင် တရားကို ကျင့်သည်။ ကျင့်လျက်နှင့်လည်း ဟောသည်။ ဥာဏ်တို့ ရင့်ကျက်သောအခါ ခန္ဓာငါးပါးသည် လည်းကောင်း ဓာတ်ကြီးလေးပါးသည်လည်းကောင်း၊ ထင်လွဲသာယာ စွဲလန်းမှု သည်လည်းကောင်း၊ ဒွါရခြောက်ပါး သည်လည်းကောင်း အပြစ်များသာဖြစ်သည်ဟု မြင်တတ်လာသည်။

အခါတစ်ပါး၌မူ သုမနာထေရီသည် အာသီဝိသောပမသုတ်ကို နာကြားရသည်။ ဤသုတ်သည် သုမနာထေရီကဲ့သို့ ဒုက္ခလက္ခဏာ ထင်သော ပုဂ္ဂိုလ်များနှင့် အလွန်သင့်လျော်သည်။

"ဓာတ်ကြီးလေးပါးဟာ မြွေကြီးလေးကောင်နှင့် တူတယ် ငါ့ရှင်(အရှင်မ)...နားလည်ရဲ့လား"
"မှန်ပါ့ဘုရား နားလည်ပါ၏"
"အေး၊ ခန္ဓာငါးပါးဟာ သူသတ်ယောကျာ်းများနှင့်တူတယ်။ နန္ဒီရာဂဟာ မိတ်ဆွေတုနဲ့တူတယ်။ ဒွါရခြောက်ပါးဟာ ရွာပျက်နဲ့တူတယ်။ ကာမောဃ စတဲ့ သြဃလေးဖြာဟာ ပင်လယ်နဲ့တူတယ် ငါ့ရှင်(အရှင်မ)"
"မှန်ပါ့ဘုရား အမိန့်ရှိပါ"
"အေး၊ အကြင်သူကို မြွေကြီးလေးကောင် သူသတ်ယောကျာ်း မိတ်ဆွေတု စသူတို့က သတ်ရန် လိုက်တဲ့အခါ ရွာပျက်ကိုကျော်အောင် သက်စွန့်ဆံဖျား ပြေး၍ ပင်လယ်ကို ဖောင်ဖြင့်ဖြတ်ကာ ဟိုတစ်ဘက်ကမ်း ချမ်းသာရာသို့ ကူးရတယ်..

ဒီဥပမာအတိုင်းပဲ တရားရှုမှတ်တဲ့ ပုဂ္ဂိုဟ်ဟာ ဓာတ်ကြီးလေးပါး စသူတို့ရဲ့ ရန်မှလွတ်အောင် မဂ္ဂင်တည်းဟူသော ဖောင်ကိုစီး၍ သြဃလေးဖြာတည်းဟူသော ပင်လယ်ကို သက်စွန့်ကြိုးပမ်း ဖြတ်ရမယ်..ဒါမှသာ ဘေးကင်းချမ်းသာ ရာ နိဗ္ဗာန်သောင်ကမ်းကို ကပ်နိုင်မယ်..ငါ့ရှင်

ဒီလိုဆိုက်ကပ်နိုင်ဖို့ရန် ကြိုးကြိုးစားစား ရှုမှတ်နေရမယ်.. တစ်ခါမှတ်လျှင် မဂ္ဂင်ရှစ်ပါး တစ်ခါဖြစ် ကိလေသာတစ်ခါငြိမ်းပြီး နိဗ္ဗာန်သောင်ကမ်းကို တစ်ချက်နီးသွားတယ်... အဲဒီလိုနဲ့ ကူးခတ်ရင်း ပထမလေးပုံတစ်ပုံကို ကူးပြီးရင် သောတာပတ္တိမဂ် ဆိုတဲ့ မှတ်တိုင်ကို ရောက်တယ်.. ဒုတိယဆို သကဒါဂါမ်၊ တတိယဆို အနာဂါမ် ပြီးအောင် ဆုံးအောင် ကူးနိုင်ရင်တော့..ဟိုဘက်ကမ်းက အရဟတ္တမဂ်ကို ရတယ်..အဲဒီလိုပြီးအောင်ဆုံးအောင် ရဟန္တာဖြစ်အောင် ကြိုးစားအားထုတ်ကြရမယ်."

ဤသုတ်ကို နာကြားရပြီး ကြိုးကြိုးစားစား အားထုတ်သဖြင့် များမကြာမီ သုမနာထေရီသည် ရဟန္တာထေရီ အဖြစ်သို့ ရောက်လေသည်။

(၁၁)

"...အရှင်ဘုရားတို့ ရှင်မတို့ .. တပည့်တော်မ၏ အကြောင်းဇာတ် ထေရုပ္ပတ်ကား ထိုသို့ထိုသို့တည်း။ တပည့်တော်မ ၏သံသရာ,ကဇာတ်ကား အရဟတ္တမဂ် ရကတည်း က သိမ်းခဲ့ပြီ။ ယခုကာလသည်ကား ပရိနိဗ္ဗာန်တည်းဟူသော ဆုလာဘ်ကို ယူရန်ကာလတည်း။...

...အရှင်ဘုရားတို့ ရှင်မတို့ ..အပ္ပမာဒ တရားနှင့် ပြည့်စုံပြီး တရားကျင့်သုံးရစ်ကြပါ

...စားရာမှာလည်း မမေ့ .. သောက်ရာမှာလည်း မမေ့ .. ထိုင်ရာမှာလည်း မမေ့ .. စိတ်ကူးစဉ်းစား ကြံစည်ရာမှာလည်း မမေ့...လဲလျောင်းရာမှာလည်း မမေ့..သွားရာမှာလည်း မမေ့.. ဖြစ်တိုင်းဖြစ်တိုင်းသော ကိုယ်အမူအရာ. နှုတ်အမူအရာ . စိတ်အမူအရာတို့ကို မပြတ်အမှတ်ရသော သတိဖြစ်လျက် မိမိတို့ အလိုရှိအပ်သော နိဗ္ဗာန်သောင်ကမ်းသို့ ရောက်အောင် အားထုတ်ကြိုးပမ်း နိုင်ကြစေသတည်း..."

အဖြစ်မှန်တို့သည် မကြံစည်နိုင်အောင် ဆန်း၍ သံသရာ,ကဇာတ် အများ သည်လည်း စိတ်ဝင်စားဖွယ် အတိပြီးသည်။ ဓမ္မနိယာမသည်ကား တရားမျှတ၏။ အိုရိုးနာရိုးကို လိုလားသော သတ္တ၀ါအများကို အိုနာသေက စောင့်လျက် နှိပ်စက်ပေးသည်။ အိုရိုးနာရိုးလမ်းကို မလိုလားသော ပုဂ္ဂိုလ်အနည်းစုကိုကား နိဗ္ဗာန်တံခါးသည် ဖွင့်ထားသည်။

လိုချင်လျှင်ရ၏
မလိုချင်လျှင်မရ

သတိပဋ္ဌာန်တရား တို့သည်ကား လွန်စွာဖြောင့်မတ်သော တရားတို့ ဖြစ်၏။ ဤ ဖြောင့်မတ်သော သတိပဋ္ဌာန်တရားတို့ကို အားထုတ်ရသော အကျိုးကြောင့် မတင့်တယ်သော အနေဖြင့် နှာခေါင်းရှုံ့ခံရခြင်း အသုဘရှုခံရခြင်း စသည်များမှ လွတ်သည်။ မိမိ၏ သားသမီးများ တပည့်တပန်းများက မိမိကိုပင် ခွေးကလေး ကြောင်ကလေး ဟု ပါးပွတ်ခြင်း ခြေနှင့်ကန်ခြင်း စသော မလေးမစား ပြုခံရခြင်းမှ လွတ်သည်။ ငရဲမီးမှလွတ်သည်။ အိုနာသေမှ လွတ်သည်။ သောကပရိဒေ၀ ဒုက္ခဒေါမနဿ ဥပါယာသတို့မှ လွတ်သည်။

ဤအမှတ်ရမှု သတိပဋ္ဌာန် လမ်းသည်ကား ဒုက္ခသစ္စာအပေါင်းတို့မှ လွတ်မြောက်ရန် ကြိုးပမ်းအပ်သော တစ်ကြောင်းတည်းသောလမ်း မလွဲနိုင်သောလမ်း ဖြစ်ပေတော့သည်။


ကြည့်ရှုကိုးကားသောကျမ်းစာအုပ်များ

သစ္စာလေးပါးတရားတော်-မဟာစည်ဆရာတော်
သတိပဋ္ဌာနသုတ်တရားတော်-မဟာစည်ဆရာတော်
အာသီဝိသောပမသုတ်တရားတော်-မဟာစည်ဆရာတော်
ဝိပဿနာရှုနည်းကျမ်း-မဟာစည်ဆရာတော်
အမြင်များပြောင်းလဲခြင်း-ဦးရွှေအောင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP