ဘာသာရေးဆိုင်ရာ မှတ်ဖွယ်မှတ်ရာ အဖြာဖြာ-(၄)
ပစ္စည်းရှိလျှက် မသုံးရသူ။
လောက၌ အချို့သူတို့သည် ပစ္စည်းကောင်းရှိလျှက် မသုံးဘဲ ပစ္စည်းညံ့ကိုသာ အကြောင်းအမျိုးမျိုးပြ၍ သုံးခြင်း၊ ဤသို့ပစ္စည်းရှိလျှက်နှင့် မသုံးစွဲရခြင်းတို့ကို တွေ့မြင်ကြရပါသည်။ ပစ္စည်းကောင်းရှိလျှက် အညံ့ကိုသုံးသူ၊ ပစ္စည်းရှိလျှက် မသုံးမစွဲ (တွန့်တိုသူ)၊ နှမြှောစေးနှဲသူတို့သည် အတိတ်ဘဝက အလှူပေးခဲ့သော်လည်း အပရစေတနာပျောက်ကွယ်ခဲ့သူ (လှူပြီးသည့်နောက် မိမိလှူမိသည်ကို တွေး၍နှမြောမိသူ)များ ဖြစ်ကြောင်း ဆိုပါသည်။ ယင်းသို့စေတနာ သုံးတန်ပျက်၍ မကောင်းကျိုးဖြစ်ရပုံကို မန်လည်ဆရာတော်က မဃဒေဝလကာင်္ (ပိုဒ်-၂၈၅)တွင် ဤသို့စပ်ဆိုခဲ့ပါသည်။
ဒါနဟူသည်၊ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံ့က၊ ပထမအရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တက်စွာ၏။ နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိရ်နိမ့်ကျ၊ ဖြစ်တက်ကြ၏။ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့် ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္တု၊ အစုစုကို၊ မျှော်ရှုနှိုင်းဆ၊ ထောက်အပ်စွ၊ မုဉ္စအခါ၊ တွန့်တိုပါသော်၊ အဂါင်္ချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရ၊ မည်ကိုကား။
ယင်း၌ အပုတ္တက သူဌေးဟူသည် ဘုရားရှင်လက်ထက်က သာဝတ္တိပြည်တွင် ကုဋေပေါင်းများစွာ ချမ်းသာသော်လည်း မသုံးရက်၊ မစားရက်၊ ဆင်းဆင်းရဲရဲနေသွားရကား၊ သားသမီးလည်း မရှိသဖြင့် သူသေသော် ကုဋေပေါင်းများစွာ ဥစ္စာဘဏ္ဍာတို့သည် မင်းဘဏ္ဍာဖြစ်သွားရသည်။ ထိုအပုတ္တက သူဌေးသည် အပရစေတနာပျက်ကွက်ခဲ့၍ ဖြစ်ရကြောင်းကို ဘုရားဟောတော်မူခဲ့သည်။
မိဘကျေးဇူးဆပ်ပုံများ။
လောက၌ မိဘတို့ကျေးဇူးတို့သည် အလွန်တရာမှ ကြီးမားလှပါသည်။ မိဘကျေးဇူး ကြီးမားလွန်းသဖြင့် သာမာန်လူတစ်ဦးအဖို့ မိကိုလက်ယာ၊ ဖကိုလက်ဝဲ ပခုံးထက်၌တင်၍ ထိုပခုံးထက်မှာပင် အညစ်အကြေးတို့ကို သုတ်သင်၍ တစ်သက်တာပတ်လုံး ကျွေးမွေးပြုစု ကျေးဇူးဆပ်သော်လည်း မကျေနိုင်။ ထိုမိဘတို့အား ရတနာသုံးပါးတို့၌ မကြည်ညိုလျှင် ကြည်ညိုလာအောင်၊ သဒ္ဓါတရားမရှိလျှင် ရှိလာအောင်၊ မိစ္ဆာဒိဋ္ဌိဖြစ်နေက ထိုအယူကိုစွန့်၍ သမ္မာနွယ်ဝင် သူတော်စင်ဖြစ်လာအောင်၊ ရတနာသုံးပါး ကံ၊ကံ၏အကျိုးတရားကို ယုံကြည်လာအောင်၊ တက်နိုင်လျှင် မဂ်တရား၊ ဖိုလ်တရားများ ရရှိနိုင်သော လမ်းမှန်သို့ရောက်အောင် ဟောဖော်ညွှန်ပြ ဓမ္မတရားဖြင့် ကျေးဇူးဆပ်နိုင်မှသာ ကျေးဇူးတရားကို ဆပ်ရာရောက်ကြောင်း၊ ပြေကုန်နိုင်ကြောင်း မာတုပေါသကသုတ်၌ လာရှိပါသည်။
မြတ်စွာဘုရားသည် မယ်တော် သန္တုဿိတနတ်သားကို တရားဟော၍ သောတာပန် တည်စေခဲ့သည်။ ယင်းကိုထောက်၍ နို့တစ်လုံးဖိုးသာ ကျေသည်ဟူသော မှားယွင်းသောစကားကို အလွယ်မပြောမိအောင် စောင့်ထိန်းသင့်ပါသည်။
မိဘများ အသက်ထင်ရှားရှိစဉ်က အခြေအနေမပေး၍သော်လည်းကောင်း၊ မလိမ္မာ၍သော်လည်းကောင်း၊ ကျေးဇူးမဆပ်မိဘဲ မိဘများကွယ်လွန်သွားခဲ့လျှင် သတိရ၍ လိမ္မာလာသည့်အခါ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ကွယ်လွန်သွားသော မိဘများအား ရည်ညွှန်းအမျှပေးဝေခြင်းဖြင့် တနည်းအားဖြင့်ကျေးဇူးဆပ်နိုင်ပါသည်။
သားသမီးဝတ္တရားတွင် မွေခံထိုက်စေ လှူမျှဝေ၍ဟု ပါရှိသည့်အတိုင်း တမလွန်ဘဝသို့ ပြောင်းသွားသော မိဘများအတွက် အလှူဒါနပြုလုပ်၍ အမျှပေးဝေရခြင်းမှာ သားသမီးတို့၏ ကျေးဇူးဆပ်နည်းပင်ဖြစ်ပါသည်။ အမျှပေး၍ ရ၊မရမှာ တမလွန်ဘဝသို့ ရောက်ရှိနေသူက အမျှရယူ သာဓုခေါ်ဆိုနိုင်သော ဘဝ(ပရဒတ္တူပ ဇီဝိက ပေတဘဝမျိုးစသည်)ဖြစ်လျှင် သာဓုခေါ်၍ ကုသိုလ်အဖို့ကို ရနိုင်ပါသည်။ ၎င်းတို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျန်ရစ်သူမိသားစုတို့၏ တာဝန်မှာ ကုသိုလ်ပြု အမျှဝေရမည်သာဖြစ်၍ မပြုမနေ ပြုလုပ်ရမည့် ဝတ္တရား ရှိပါသည်။ တစ်ကြိမ်တစ်ခါသာမဟုတ်၊ ရာသက်ပန် ကုသိုလ်ပြု၊ အမျှဝေနေရမည်ကို အသိပေးတင်ပြ လိုက်ရပါသည်။
(ဘာသာရေးပြဿနာများ) ဘဒ္ဒန္တတိလောကသာရ

0 comments:
Post a Comment