* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 10, 2009

သံသရာ,ကဇာတ်

အေးချမ်းတည်ကြည်သော အရုဏ်ဦးဖြစ်သည်။ လေညင်းတို့သာ မမြူးထူးကြမူ သုမနာ ပျင်းဖို့ရှိသည်။ မောင်တော် သည်လည်း ခါတိုင်းလို စကားမဆိုဘဲ တည်ကြည်လွန်း နေသည်။ အိုကွယ်..တည်ကြည်လွန်းရန် ကောလေ။ မောင်တော့်အကြောင်း ကို စံပယ်ရုံတောမှ ပန်းကလေးနှင့် စကားတင်းဆိုမိသည်။ စံပယ်ပန်းကလေးက လေပြည်ဖြန်းဖြန်းမှာ ခေါင်းခါခါရမ်းတော့

"မင်းကမင်းတို့သခင်ဘက်ကလား သခင်မဘက်ကလားကွယ့်"ဟု ငြူစူမိပြန်ပါသည်။

စံပယ်ကို အလိုမကျသဖြင့် မူနွဲ့သော သုမနာ၏ မျက်စောင်းသည် ကျောက်တိုင်နှင့်တူစွာ ရပ်နေသော တိမ္ဘရအမတ်ကြီး၏ ရင်ဘတ်ပေါ် ကျရောက်သွားသည်။

"မောင်မောင် စာဝါလေး တေးကြူတာကို နားမဆင်ဘဲ .. ဘဇာကို မျှော်တွေးနေပါဘိ.. ငယ်ကကျွမ်းကို ပြန်ပြောင်း အောက်မေ့ကာ လွမ်းနေရော့သလား" ဟုစကားနာထိုးမိသည်။

'ဆရာသခင်ကို စောင့်နေတယ် မိမိငယ်..'

"ဆရာသခင်.."

"မှန်တယ် မိမိငယ်..အရှင်အနုရုဒ္ဓါ မထေရ်ကြီး နှင့် သံဃာတော် အရှင်မြတ်များ ဆွမ်းဘုဉ်းပေးဖို့ရန် မောင်မောင်တို့ အိမ်ကို ကြွလာကြလိမ့်မယ်.."

"ယနေ့နံနက်ခင်းဝယ်လား"

"ယနေ့နံနက်ခင်းပေါ့"

"အို မိမိလည်း မသိရပါလား"

"မိမိကသိတော့ရော ဘာလုပ်မလို့လည်း ကွယ့်"

"အို..ဘာဖြစ်ဖြစ်ပေါ့"

ဟု စကားရှာ၍ နံနက်ခင်းကို စီညံလဲ့အောင် ဒေါသံသဲ့သဲ့ ထည့်ကာ ပြောဆိုရန်ပြင်နေဆဲ နေ၀န်းကြီးနှင့်တူသော အရှင်အနုရုဒ္ဓါ မထေရ်ကြီးနှင့်တကွ နောက်ပါသံဃာတော်များကို ရုတ်ချည်းဖူးမြင်လိုက်ရသည်။ ဤတွင် မောင်တော်လည်း က္ကနြေ္ဒဆယ် နှုတ်ဆိတ်ပြီး မထေရ်ကြီးလက်တော်မှ သပိတ်ကိုလှမ်းယူလိုက်သဖြင့် သုမနာလည်း အိမ်သားများကို ပြေးခေါ်ကာ ဆော်သြလိုက်ရသည်။ အိမ်သည်လည်း စည်ကားသိုက်မြိုက်သွားလေသည်။

(၁)
သုမနာသည် မထေရ်မြတ်တို့ကို အကဲခတ်၍သာ နေ၏။ မထေရ်မြတ်တို့ ဆွမ်းဘုဉ်းပေးပုံသည် အင်မတန် အံ့သြဖို့ ကောင်းပါတကား။ မိမိတို့နှင့် မတူပါတကား။ ဆွမ်းရသာဘောဇဉ် တို့၌လည်း တပ်မက်ဟန်မရှိ။ မိမိကဲ့သို့ သတိကင်းလွတ် စိတ်ပျံ့လွင့်လျက် ဆွမ်းဘုဉ်းပေးကြ ဟန်လည်း မတူ။ ကိုယ်စိတ်အမူအရာတိုင်း၌ သတိကပ်လျက် ပြုမူကြဟန်တူသည်။ အပိုဖြစ်သော အမူအရာတို့ ပြုမူသည်ကို တစိုးတစိမျှရယ် မတွေ့ရ။ လိုအပ်သော အမူအရာတို့ကို သာလျှင် ကြည်ညိုဖွယ် ပြုမူကြသည်ကို တွေ့ရသည်။

အမတ်ကြီးနှင့် အိမ်သားများသည်ကား ပြုအပ်သော ဝေယျာဝိစ္စအစီ အစဉ်များကို အစီအစဉ်တကျ ပြုကြသည်။သုမနာ တစ်ဦးသာလျှင် အရည်လဲ့သော မျက်လုံးများကို ကလည်လည် ပြု၍ ကျုံ့ကျုံ့ပြုထိုင်ရင်း လူပိုမကလေး ဖြစ်နေချေသည်။ အိမ်သားများနှင့် အမတ်ကြီးတို့ လက်ဆေးရေ စသည်ကိုယူရန် အိမ်နောက်ဘက် အတွင်းပိုင်းသို့ ၀င်သွားသော အခါတွင်ကား သုမနာတစ်ဦးသာ အိမ်ထောင့်၌ ကပ်လျက် ကျန်ခဲ့သည်။

"ငါ့ရှင်တို့...အသို့ထင်သနည်း...ဤ သုမနာအမည်တွင်သော အမတ်ကြီးကတော် သည်ကား ငါတို့ဂေါတမဘုရား ရွှေလက်ထက်တော်အခါက ၀က်မကလေး ဖြစ်ချေ၏။ အသို့ထင်သနည်း။ သံသရာသည်လည်းကောင်း ကံတို့သည်လည်းကောင်း ဖောက်လွဲဖောက်ပြန် မကြံကောင်း မစည်ရာ ထူးထွေ အံ့သြဖွယ်ကောင်းသည်မှာ မမှန်သလော။ မျက်မြင် မဟုတ်ကုန်လော ငါ့ရှင်တို့"

အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏ သံဝေဂနှင့် စပ်သော စကားတော်သံသည် ညင်သာစွာ ထွက်ပေါ်လာသည်။

သုမနာသည် မိုက်ကနဲဖြစ်သွားသည်။ မျက်တောင်ရှည်များ ကာရံထားသော မျက်လုံးဝိုင်း ထဲတွင်မတော့ သဘင်အရိပ်ကားများကို တစွန်းတစ မြင်နေရသည်။ ရင်သည်တလှပ်လှပ်ခုန်၍ အသိမဲ့သလို ဖြစ်နေသည်။ မြင်သော ကားချပ်များကို အာရုံစိုက်၍ ဇာတ်လမ်းအစဉ်ကို ဖမ်းယူမိသည်။ သံဃာတော်အရှင်မြတ်များ ပြန်ကြွသွားသည်ကို ဦးနှိမ်ကန်တော့ မိခဲ့ရဲ့လား မမိခဲ့ဘူးလားရယ် မသိ။ မောင်တော်အမတ်ကြီးက မိမိငဲ့ မိမိငဲ့ ဟု တဖွဖွ ခေါ်ကာ လှုပ်နှိုးနေသည်ကိုတော့ ခံစားရသလို ရှိ၏။ မောင်တော်ကို မော်ကြည့်သော်လည်း မျက်နှာတော်ကို ရှင်းရှင်းမမြင်။ စိတ်ဝင်စားဖွယ် အရိပ်ကားချပ် များကိုသာ မြင်နေရသည်။ အရိပ်ကားချပ်များ ထဲတွင် ထူးခြားသည်ကား အရံဇာတ်ဆောင်များ သည်သာ ပြောင်းပြောင်းသွားကြသည်။ အဓိကဇာတ်ဆောင် သည်ကား မပြောင်း။ တစ်ဦးတည်းသာ။

ထိုတစ်ဦးတည်းသောဇာတ်ဆောင်သည်ကား

မိမိ

မိမိသာလျှင်ဖြစ်ချေသည်တကား...


(၂)
ညောင်စောင်းတွင် လဲနေသော အဘွားအိုကို မြင်ရသည်။ အဘွားအိုသည် အသက်ကို ခက်ခဲပင်ပန်းစွာ ရှုနေသည်။ ညောင်စောင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် စိုးရိမ်မကင်းသော မျက်နှာများဖြင့် ၀ိုင်းထိုင်နေကြသော ဆွေမျိုးသားချင်းများ။ အဘွားအို၏ ရင်ဘတ်ကြီးသည် ဖားစည်ကဲ့သို့ ဖောင်းဖောင်းလာခဲ့ပြီး ပါးစပ်သည် ငါးပါးစပ်ကဲ့သို့ ဟစိဟစိ ဖြစ်နေရာမှ သက်ပြင်းတစ်ချက်ကို အပြင်းအထန်ချ၍ ငြိမ်ကျသွားတော့သည်။ ထိုအခါ စီကနဲသော ငိုသံသည် အသုဘအိမ်မှ လျှံကျ၍ ပတ်ဝန်းကျင်ကို ပျံ့နှံ့ကုန်သည်။ လမ်းသွားလမ်းလာများလည်း ထိုအိမ်ရှေ့မှ ခပ်သုတ်သုတ် သွားကြကုန်၏။

အဘွားအို၏ နောက်ဆုံးထွက်သက်ချသည်နှင့် ကမ္မဋ္ဌာန်းကျောင်းအနီးရှိ ကြက်မငယ် တစ်ကောင်သည် ပဋ္ဋိသန္ဓေ လွယ်လေသည်။ ရက်အတန်ကြာသော် ထိုကြက်မမှ မွေးဖွားသော ကြက်မငယ် ပေါက်စနလေး တစ်ကောင်ကို ရဟန်းဆွမ်းစားကျောင်း၏ အနီးတွင် မြင်နေကြရပေသည်။ ဆန်စေ့ ထမင်းစေ့ တီကောင်ငယ်များကို တူးဖော်ရှာဖွေလျက် နေသော သနားဖွယ် ကြက်မငယ်ကလေး။ တနည်းတော့ မိမိ။ သုမနာ အမည်တွင်သော အမတ်ကြီးကတော် တဖြစ်လဲ မိမိ။ အို ..အလွန်ထိတ်လန့်ဖွယ်သော သိန်းငှက် တောင်ပံခတ်သံ။ ကျောကုန်းမှ ပြင်းစွာသော ဝေဒနာနှင့်အတူ အေးစက်ပြင်းထန်သော လေပြင်းတို့ နှင့် ထိခိုက်မိသော ဝေဒနာ ကြမ်းကြမ်း။ ကူသူကယ်သူမဲ့သော ရင်နင့်ဖွယ် ဇာတ်လမ်း။ ဤဇာတ်လမ်းကို ဆက်မကြည့်ရဲသဖြင့် စိတ်ကိုညွှတ်၍ ပြီးဆုံးစေရသော်လည်း သံသရာကကြိုးကား မဆုံးသေး။ နောက်တစ်ခန်းကို ကူး၍သာ ထင်လာတော့ပြန်သည်။

ရာဇဂြိုဟ်မြို့က မင်းသမီး။ အာဏာပိုင်စိုးသော မင်းမျိုးထဲက မင်းသမီးဖြစ်၍ မငိုရတော့ဘူးထင်သော် မှားခြိမ့်မည်။ ရွှေဘုံစံရသော မင်းသမီးဘ၀ဖြစ်လျက်လည်း မိမိ ငိုရသည်။ ပို၍ပင် ငိုခဲ့ရပါသည်။ ဒါနှင့်ဆက်စပ်၍..ပရဗိုဇ်တို့၏ ကျောင်းသင်္ခန်းကို မြင်ရတော့သည်။ ဖန်ရည်စွန်းသော သင်္ကန်းနှင့် တရွေရွေ့လှမ်းနေသော မိမိကိုယ်ကိုလည်း မြင်ရသည်။ ကုဋ္ဋီရေအိမ်တွင်တွေ့ရသော ပိုးလောက်ကောင်တို့ကို ကသိုဏ်းရှုပွား၍ ပထမဈာန်ရသည်ကိုလည်း တွေ့ရသည်။ ပထမဈာန်သည် အဘယ်သို့နည်း။ ကသိုဏ်းဝန်း၌ စိုက်ကျနေသော သုံးသပ်နေသော တညိမ့်ညိမ့်ဖြစ်နေသော မပျံ့လွှင့်နေသော ချမ်းသာနေသော စိတ်ကလေးတည်း။ ဈာန်ချမ်းသာသည် ဆင်းရဲကို အထိုက်အလျောက် ပယ်ခွာနိုင်သည်။ တစ်ခုသာ ရှိသည်။ ဈာန်ကို မပျောက်ပျက်အောင် ကြောင့်ကြစိုက်နေရမှုသာ။ သို့ရာတွင် နာခြင်းဆင်းရဲကိုကား ကြုံရသေးသည်သာတည်း။ ချစ်ခင်သူများ ခွဲခွာသွားသည်ကိုလည်း ကြုံတွေ့ ထိတ်လန့်ခဲ့သေးသည်သာတည်း။ နောက်ဆုံးမတော့ သေခြင်း.. သြော် သေခြင်းဆီသို့...

သုမနာသည် သုံးဘ၀မျှကို တွေ့ရပြီး ဖြစ်၍ တည်တည်ငြိမ်ငြိမ်ဖြစ်လာသည်။ အမတ်ကြီး၏ ရင်ခွင်မှ ရုန်းထကာ ကိုယ်ကို မတ်မတ်ထိုင်၍ သံသရာ ကကြိုးကို ဆက်ကြည့်နေလိုက်သည်။ ပထမဈာန်ဖြင့် ကွယ်လွန်ရသဖြင့် ပထမဈာန်ဗြဟ္မာဘုံ၌ ဖြစ်ရပြန်ချေသည်။ ဗြဟ္မာဘ၀ကား သက်သာရာရသည် မှန်၏။ သို့သော် မပြည့်စုံသော ဘ၀ဖြစ်၏။ ဒါနသီလဘာဝနာ ဖြည့်ဆည်းရန် အခွင့်မရသော ဘ၀ဖြစ်ချေ၏။ ကကုသန်ဘုရား သာသနာတွင် ဗြဟ္မာဖြစ်သော မိမိသည် ကောဏာဂုံဘုရား ကဿပဘုရားတို့ ပွင့်ထွန်းတော်မူသည်ကိုပင် မသိမြင်ခဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့သည်လည်း ပါသည်။ စင်စစ်တော့ ဗြဟ္မာဘ၀သည်လည်း အမြဲတည်သော သဘောမရှိ။ မမြဲသော သဘောကိုဆောင်၍သာ စုတေရခြင်း ဖြစ်ပေ၏။

နောက်တစ်ခန်းသည်ကား သူဋ္ဌေးမကလေး။ သူဋ္ဌေးမကလေး ဖြစ်သဖြင့် မိမိသည် ယခုသုမနာအမတ်ကတော် ဘ၀ကဲ့သို့ လိုသမျှ တ၍ ရခဲ့ပေသည်။ ချစ်စဖွယ်ကောင်းအောင်လည်း ပြုခဲ့ပေသည်။ မူလည်း မူခဲ့ ငြူလည်း ငြူစူခဲ့ပေသည်။ တစ်အိမ်လုံးက အရေးပေးသဖြင့် မိမိဘ၀ကို အားရခဲ့ပေသည်။ အလွမ်းဇာတ်များကို မကြုံတွေ့ခဲ့ရသည် မဟုတ်။ ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် မိမိ၏ အလွမ်းဇာတ်များကို ကျေနပ်ခဲ့သည်။ နန်းဆောင်ဘုံဖျား ရဝေနွယ်ဖွား ထားနှမသက်လျာ ဆိုသည်မျိုးကို သဘောအကျကြီး ကျခဲ့ပေသည်။ မိမိသည် ယောကျာ်းသားများနှင့် တစ်လောကလုံးက နှစ်လိုသော အဆင်းလှ ဥစ္စာပြည့်စုံသော ဥာဏ်လျင်မြန် လိမ္မာပါးနပ်သော သူဋ္ဌေးသမီး မဟုတ်လား။ သို့ရာတွင်...

တအစ်အစ်မြည်သော အသံနှင့် မြေကြီးကို နှာခေါင်းနှင့်ထိုးနေပါတကား။ အဘယ်သူပါလိမ့်။ အို..မိမိ မိမိကိုယ်တိုင်ပါတကား။ အင့်ဟင်..ရှက်စဖွယ်။ တမြန်နေ့ကပင်လျင် ဆင်စွယ်နန်းထက်က သတို့သမီး။ ယနေ့တွင်ကား ၀စ်လစ်စားလစ်နှင့် မိုးကိုကျောပေး မစင်တို့ကို တူးဆွစားနေရသော အဟိတ်တိရိစ္ဆာန်။ ၀က်မကလေးဘ၀။ ဂေါတမ မြတ်စွာဘုရားသည် မိမိဘ၀ကို အကြောင်းပြုကာ တရားဟောတော်မူသဖြင့် နောင်မထေရ်ကြီများက သံဂါယနာမှာပါ တင်သဖြင့် မိမိ၏အမိုက်ဇာတ် သည် လောကအလုံးစုံ၌ ကျော်ကြားသော သံဝေဂ တရားတစ်ပုဒ်ပင် ဖြစ်လို့ နေပါပကော။ ကာယကံရှင် မိမိမှာကား မိမိကို အကြောင်းပြု၍ တရားဟောသည်ကိုပင် နားမလည်ခဲ့။ နားရွက်ကို ခတ်ကာခတ်ကာ တစ်အစ်အစ်နှင့် တူးကာ ဆွတုန်း။ အိုစက်ဆုပ်ဖွယ်သော ဘ၀။ ရယ်ဖွယ်သော ဘ၀။ ဘာတဲ့။ ဗြဟ္မာ့ပြည်မှာတ၀င်းဝင်း ၀က်စားကျင်းမှာ တမြုံ့မြုံ့ ဟူသော စကားပုံပင်လျှင် ပေါ်လာခဲ့သေးသည်။ သြော် တင့်တယ်သော ဗြဟ္မာကြီးသည် မစင်စားနေသော ၀က်မကလေး ဖြစ်နေရပြန်ပါတကား။

ရှက်လှချည်ရဲ့ မောင်မောင်ရယ်။ သုမနာ ရှက်လှချည်ရဲ့။ သူတော်ကောင်းများကတော့ ဖောက်လွှဲဖောက်ပြန်သော သံသရာကို သံဝေဂယူသွားကြကုန်သည်။ သုမနာရဲ့ အမတ်ကြီးကတော်ဘ၀ ကို ပညာမရှိသူများက အားကျချီးကျူးကြပေမင့် ပညာရှိသူများကတော့ ကဲ့ရဲ့သံဝေ ယူကုန်ကြပါပြီ။

ရှေ့ဆက်တဲ့ ဘ၀တွေကလည်း ဒီပုတ်ထဲက ပဲမျိုး။ ဒီအဖြစ်ဆိုးမျိုးသာ။ ဇာတ်သာပြောင်းသည်။ ကကြိုးကားမပြောင်း။ ဇာတ်လမ်းသဘောသွား သည်လည်း မပြောင်း။ အပူသည်ဇာတ်သာ။ သို့မဟုတ် အပါယ်သူဇာတ်သာလျှင်တကား...။

"မောင်မောင်ကြားချင်သေးလျှင် နှမလျှောက်ပါမည်..စိတ်ကို ခိုင်မာအောင်ပြု၍ နားဆင်တော်မူပါ မောင်မောင်ဘုရား.."
ဆက်ရန်...



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP