* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 25, 2009

ရာဇ၀တ္သားကို ႀကိဳက္မိသူ သူေ႒းသမီး

ရာဇ၀တ်မြို့ သူဋ္ဌေး၏သမီးချော ကုဏ္ဍလကေသီသည် သူ၏ အခန်းပြတင်းပေါက်တွင် ရပ်နေ၏။
ထိုစဉ် မင်းချင်းတို့သည် သတ်အံ့ဆဲဆဲ ခိုးသား ရာဇ၀တ်ကောင်ကို တုပ်နှောင်လျက် ရိုက်ပုတ် ခေါ်ဆောင်လာသည်။ ကုဏ္ဍလကေသီသည် ထိုဇ၀တ်သားကို မြင်မြင်ချင်းပင်အရူးအမူး ချစ်စိတ်ဝင်ပြီး မိဘများကို အတင်းပူဆာသည်။ မိဘများသည် မတတ်သာ၍ သက်ဆိုင်ရာတို့အား တံစိုးလက်ဆောင်ပေး၍ ခိုးသားကို ခေါ်ဆောင်ပြီး သမီးနှင့် သင့်မြတ်စေသည်။

ကုဏ္ဍလကေသီသည် ခိုးသား လင်တော်မောင်အား လိုလေသေးမရှိ ပြုစု၏၊ ကျေနပ်ပျော်ရွှင်အောင် ထား၏၊ ခိုးသားသည်ကား မယား၏ စိန်ရွှေ ရတနာတို့ကို သိမ်းယူပြီး စိတ်တိုင်းကျ သောက်စား သွားလာနေထိုင်ရန်သာ စိတ်ကူး၏။ ထို့ကြောင့် ချက်ကောင်းကို စောင့်နေလေသည်။ တနေ့တွင် တောင်စောင့်နတ်ကို ပူဇော်လိုသည်ဟု အကြောင်းပြကာ မယားကို အဖိုးတန် စိန်ရွှေရတနာအပြည့် ၀တ်ဆင်စေပြီးလျှင် တောင်ပေါ်သို့ ဖြားယောင်းခေါ်ဆောင်သွား၏။ တောင်ထိပ်ရောက်၍ မယားအား သတ်ရန် ကြိုးစားရာ မယားက ဥပါယ်တံမျည်ဖြင့် -မသေမီ ကန်တော့သွားပါရစေ-ဟု ပြောပြီး လင်အား လက်ျာရစ်သုံးကြိမ်လှည့်ရင်း အမှတ်တမဲ့ တောင်ကမ်းပါးမှ တွန်းချလိုက်ရာ ခိုးသား သေဆုံးသွားလေသည်။
သံဝေဂရသော ကုဏ္ဍလကေသီသည် အိမ်သို့မပြန်တော့ဘဲ ပရိဗိုဇ်ရဟန်းများ၏ထံတွင် ရဟန်းပြု၏။ ထိုကျောင်းတွင် ၀ါဒတထောင် သင်ယူတတ်မြောက်ပြီးသောအခါ အရှင်သာရိပုတ္တရာထံတွင် ရဟန်းပြုသည်။ တရားနာယူပြီးနောက် သုံးရက်မြောက်မှာပင် ရဟန္တာအဆင့်သို့ ဆိုက်ရောက်သွားလေသည်။ တရားသဘင်တွင် ရဟန်းတို့သည်- အရှင်မ ကုဏ္ဍလကေသီသည် ခိုးသားကို အနိုင်ယူပြီး အနည်းငယ်မျှသော တရားစကားကို ကြားနာရုံနှင့် ရဟန္တာဖြစ်လာ၏။ ဟု ဆွေးနွေးနေကြရာ ဗုဒ္ဓကြွရောက်လာပြီး အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသည်။

( ပါဠိဂါထာ )
ယောစ ဂါထာ သတံ ဘာသေ ၊ အနတ္ထပဒ သံဟိတာ ။
ဧကံ ဓမ္မ ပဒံ သေယျော ၊ ယံ သုတွာ ဥပသမ္မတိ ။
ယော သဟဿံ သဟေဿန ၊ သင်္ဂါမေ မာနုသေ ဇိနေ ။
ဧကဉ္စ ဇေယျ မတ္တာ နံ ၊ သဝေ သင်္ဂါမဇုတ္တမော ။

( မြန်မာပြန် )
အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတရာကို ဆိုစေကာမူ မမြတ်။
ရာဂငြိမ်းအေးစေတတ်သော တရားတပုဒ်သည်သာ ပိုလွန်၍ မြတ်၏။
စစ်မြေပြင်၌ စစ်သားသည် ရန်သူတို့ကို အကြိမ်တသန်းတိုင်တိုင် အောင်မြင်ခြင်းထက်
ကိုယ်တွင်းကိလေသာကို တကြိမ်မျှ အောင်သောသူသည် ပိုလွန်၍ မြတ်၏။

( လင်္ကာ )
နွားကျောင်းသားသည်၊ နွားပေါင်းများစွာ၊ ထိန်းကျောင်းပါလည်း၊ ထွက်လာနွားနို့၊ သူ့ဖို့မတန်၊ ပိုင်ရှင်ထံသို့၊ အမြန်ပို့ရ၊ မသုံးရသို့၊
ဓမ္မကျမ်းစာ၊ အဖြာဖြာကို၊ သေချာပို့ချ၊ နေပါကလည်း၊ ကိုယ်ကမူကား၊ မြတ်တရားကို၊ ကျင့်အားမထုတ်၊ စွမ်းအင်ယုတ်မူ၊ ထုတ်ချောက်နိဗ္ဗာန်၊ အမှန်ရောက်ရေး၊ အလှမ်းဝေး၏။

နက်နဲထူးခြား၊ မြတ်တရားကို၊ နည်းပါးမျှသာ၊ ဟောပြောပါလည်း၊ ကျမ်းလာဓမ္မ၊ နှစ်သာရကို၊ အားရပိုင်ပိုင်၊ ကိုယ်တိုင်ကျင့်ကြံ၊ ပယ်လှန်ရာဂ၊ ဒေါသ မောဟာ၊ ကိလေခွာ၍၊ ဓမ္မာနုပတ်၊ ကျင့်ပေတတ်က၊ အမြတ်နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။

( ယမက၀ဂ်၊ ဒွေသဟာယကဘိက္ခုဝတ္ထု )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP