* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 25, 2009

အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..

``ပါပါသ္မိံ ရမ္မတိ မနော- စိတ်သည် မကောင်းမှုမှာ မွေ့လျော်၏``လို့ ဆိုတဲ့အတိုင်းပဲ သူသူကိုယ်ကိုယ် ပုထုဇင်မှန်သမျှ ကုသိုလ်ထက် အကုသိုလ်ဖြစ်ဖို့က ပိုများတတ်ပါတယ်။ အမှန်တော့ ကုသိုလ်ဖြစ်ဖို့လည်း လွယ်ပါတယ်။ ကုသိုလ်ဖြစ်အောင် နေဖို့လုပ်ဖို့သာ ခက်နေကြခြင်း ဖြစ်ပါတယ်။ သူနဲ့ဆန်ကျင်ဘက် အကုသိုလ်ကတော့ ဖြစ်ဖို့လည်း လွယ်သလို လုပ်ဖို့လည်း လွယ်ပါတယ်။ လုပ်မိရင်လည်း ဖြတ်ဖို့ခက်ပါတယ်။ ကြာတော့ အကုသိုလ်ကိုလုပ်ရင်း အကုသိုလ်ကို အကုသိုလ်လို့ မမြင်တတ်တော့ဘဲ သာမန်နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို ဖြစ်သွားပြီး ပျော်ပျော်ပါးပါး လုပ်နေတတ်တော့တာပါ။ ဒါကြောင့် အကုသိုလ်ဟာ အသေးအဖွဲလေးကစပြီး အထင်မသေးသင့်၊ မလုပ်သင့်ပါဘူး။ တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင် နေပါစေ အကုသိုလ်မဖြစ်အောင်တော့ အထူးသတိပြုရပါမယ်။ အကုသိုလ်မဖြစ်အောင် ထိန်းသိမ်းနေထိုင်ရပါမယ်။ စိတ်ဆိုတာကလည်း တစ်ခါတည်းတော့ ရအောင်ထိန်းလို့ မလွယ်ပါဘူး။ တစ်ဖြည်းဖြည်း လေ့ကျင့်ပြီး ထိန်းသိမ်းပေးမှ ရတာပါ။ အကုသိုလ်မဖြစ်အောင် နေဖို့အတွက်လည်း စိတ်ကိုထိန်းသိမ်း လေ့ကျင့်ပေးရပါတယ်။ ကိုယ့်သန္တာန်မှာ အကုသိုလ်ဖြစ်စေမယ့် အရာများ မဖြစ်ပေါ်အောင်၊ ကုသိုလ်ဖြစ်စေမယ့် တရားများ တိုးလာအောင် အားထုတ်ပေးရပါတယ်။ အကုသိုလ်ဖြစ်စေမယ့် အရာများကို ပယ်စွန့်ပြီး ကုသိုလ်ဖြစ်စေမယ့် တရားများ ခိုင်မြဲလာအောင် ကြိုးစားပေးရပါတယ်။ ဘုရားရှင်ကတော့ အကုသိုလ်ဖြစ်ကြောင်း တရားများ၊ အကုသိုလ်မဖြစ်စေမယ့် တရားများကို ဟောကြားပေးထားတာ ရှိပါတယ်။ အင်္ဂုတ္တရ ပါဠိတော် သမာပတ္တိသုတ်မှာ ဘုရားရှင် ဟောတော်မူထားတဲ့ အကုသိုလ်ဖြစ်ကြောင်း မဖြစ်ကြောင်း တရားများကို ဓမ္မမိတ်ဆွေများ သိရှိမှတ်သား၊ လိုက်နာကျင့်သုံးနိုင်ရန် တင်ပြလိုက်ပါတယ်။

ဘုရားရှင်က…
``ရဟန်းတို့ ယုံကြည့်မှု သဒ္ဓါသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ယုံကြည်မှုသဒ္ဓါ ပျောက်ကွယ်၍ မယုံကြည်မှု မြှေးယှက်တည်နေသော အခါ၌မူကား အကုသိုလ် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ (မကောင်းမှု အကုသိုလ်၌) ရှက်မှု ဟိရီသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ရှက်မှုဟိရီ ပျောက်ကွယ်၍ (မကောင်းမှု အကုသိုလ်၌) မရှက်မှု အဟိရိက မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ (မကောင်းမှု အကုသိုလ်၌) ကြောက်လန့်မှု သြတ္တပ္ပသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ကြောက်လန့်မှု သြတ္တပ္ပသည် ပျောက်ကွယ်၍ (မကောင်းမှု အကုသိုလ်၌) မကြောက်လန့်မှု အနောတ္တပ္ပ မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ အားထုတ်မှု ၀ီရိယသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ အားထုတ်မှု ၀ီရိယ ပျောက်ကွယ်၍ ပျင်းရိမှု မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ သိမှုပညာသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ သိမှုပညာ ပျောက်ကွယ်၍ မသိမှု မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။``
ဟု မိန့်တော်မူပါတယ်။

ဒီဒေသနာတော်အရ ပြောရရင် အကုသိုလ်ဖြစ်ခြင်း၊ မဖြစ်ခြင်းအကြောင်း တရားများမှာ ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ ဟိရီ၊ သြတ္တပ္ပ၊ ၀ီရိယ၊ ပညာ တရားများ ရှိခြင်း၊ မရှိခြင်းအပေါ်တွင် မူတည်နေသည်ကို သဘောပေါက်နိုင်ပါတယ်။ ကိုယ့်သန္တာန်မှာ ဘုရားတရားသံဃာ ရတနာ မြတ်သုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား ခိုင်မြဲစွာ ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရမှာ ရှက်တတ်တဲ့ ဟိရီတရား ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရမှာ ကြောက်တတ်တဲ့ သြတ္တပ္ပတရား ရှိနေသမျှ ကာလပတ်လုံး၊ အကုသိုလ်မဖြစ်အောင်နဲ့ ကုသိုလ်ဖြစ်အောင် ကြိုးစားအားထုတ်တဲ့ ၀ီရိယတရား ရှိနေသမျှ ကာလပတ်လုံး၊ အမှန်သစ္စာ တရားကို သိတတ်တဲ့ ပညာတရား ရှိနေသမျှ ကာလပတ်လုံး အကုသိုလ်တရားများ မဖြစ်ပေါ်နိုင်ကြောင်း နားလည်မှတ်သားနိုင်ပါတယ်။ ပြီးတော့ ဒီတရားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရတနာသုံးပါး ကံကံ၏အကျိုးကို မယုံကြည်မှု၊ မကောင်းမှု အကုသိုလ်များမှာ မရှက်မှု၊ မကြောက်မှု၊ ပျင်းရိမှု၊ မသိမှု တရားများ ကိုယ့်သန္တာန်မှာ ကိန်းနေ၊ ရှိနေမယ်ဆိုရင် အကုသိုလ်ကတော့ ဖြစ်နေရှိနေမယ် ဆိုတာလည်း သတိပြုနိုင်ပါတယ်။

ဒါကြောင့် စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်လေ့ရှိတဲ့ အတွက် ဒီစိတ်ကို ထိန်းချုပ်နိုင်စေရန် ကြိုးစားတဲ့အခါမှာ ဗုဒ္ဓရှင်တော် ဟောတော်မူခဲ့တဲ့ အတိုင်း သဒ္ဓါ၊ ဟိရီ၊ သြတ္တပ္ပ၊ ၀ီရိယ၊ ပညာ တရားများ ကိုယ့်သန္တာန်မှာ ခိုင်မြဲလာအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ယုံကြည်မှုကို ခိုင်မြဲစွာ တည်ဆောက်ပြီး မကောင်းမှု အကုသိုလ်ရဲ့ အပြစ်တွေကို အမှန်ရှက်ကြောက်ကာ ဒီအကုသိုလ်တွေ မဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကြိုးစားမှုနဲ့ အမှန်တရားကို မြင်တတ်တဲ့ ပညာကို လက်ကိုင်ထားကြမယ် ဆိုရင် ဖြစ်ဖို့လွယ်၊ လုပ်ဖိုလွယ်တဲ့ အကုသိုလ်ဟာ တစ်ဖြည်းဖြည်း အဖြစ်နည်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ကုသိုလ်နဲ့ အကုသိုလ်မှာ ကုသိုလ်တရားဟာ များလေကောင်းလေဖြစ်ပြီး အကုသိုလ်တရားကား နည်းလေကောင်းလေ၊ မရှိလေကောင်းလေ ဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်စေမယ့် တရားများကို ရှောင်ရှားပြီး ကုသိုလ်ဖြစ်ကြောင်း တရားများနဲ့ နေနိုင်အောင် အစဉ်သတိဆောင်ကာ ကြိုးစားလေ့ကျင့်နိုင်ကြဖို့ ဘုရားဟော တရားတစ်ပုဒ်ကို သာဓကထုတ် တင်ပြလိုက်ရပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP