* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 15, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၆)

ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက “ဒိဋ္ဌိသက္ကာ မကွာသမျှ လေးဝအပါယ်ရောက်ဦးမယ်၊ နင်ဝယ်သတိထား သို့အလားကြောင့် မြတ်စွာဘုရားက ရင်ဝမှာလှံစူး ထိပ်ဦးမီးလောင် မရှောင်အဟုတ် နောက်မဆုတ်ဘဲ အားထုတ်ရန် သဘောကို (သတ္တိယာ ဝိယ ဩမဋ္ဌော) ဟုဟောကြားတော်မူခဲ့လေပြီ တကား” လို့မိန့်ဆိုတော်မူထားပါတယ်။


သက္ကာယဒိဋ္ဌိဆိုတဲ့ အယူမှားကြီးကို တစ်ခါတည်းစွန့်ပယ်ပစ်နိုင်တဲ့ သောတာပန်၊ သကဒါဂါမ်စတဲ့ အရိယာ ပုဂ္ဂိုလ်တွေကတော့ မဂ္ဂသစ္စာဆိုတဲ့ အမြင်မှန်ကို ရ၍ သက္ကာယဒိဋ္ဌိအယူမှားကြီးကို အဆုံးတိုင်စွန့်လိုက်သောအခါ အပါယ်လေးပါးကလည်း တစ်ခါတည်းလွတ်မြောက်သွားပါရောတဲ့။ သက္ကာယဒိဋ္ဌိကို စွန့်လိုက်တာနဲ့ အပါယ်လေးပါးက အပြီးတိုင်လွတ်သွားတာနဲ့ တစ်ပြိုင်နက်ဆိုတာကို မှတ်ကြပါနော်။


ယခုယောဂီများ၏ ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ပူမှု အေးမှု လှုပ်ရှားမှု ဆင်းရဲမှု ချမ်းသာမှုဆိုတဲ့ ဓာတ်တရား ဝေဒနာတရားတွေပေါ်မှာ ငါကပူတယ်၊ ငါ့လက်က ပူတယ်၊ ငါ့ခြေက ပူတယ်၊ ငါက နာတယ်၊ ငါက ချမ်းသာတယ်-စသည်ဖြင့် သက္ကာယအယူအားဖြင့် မယူဆ မမှတ်သားတော့ဘဲ ပူဒါကသာ ပူတယ်၊ အေးဒါက အေးတယ်၊ လှုပ်ထာက လှုပ်တယ်၊ နာဒါကသာ နာဒါတယ်၊ ချမ်းသာဒါက ချမ်းသာတယ်လို့ သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ အမြင်မှန်အားဖြင့် သိမြင်ခြင်းသည် ဃနပညတ် သဏ္ဍနပညတ် နာမပညတ်ဆိုတဲ့ ပညတ်(၃)ပါး ကွာသွားသည့်အပြင် အပါယ်နှင့်ဆက်သွယ်နေတဲ့ သက္ကာယဒိဋ္ဌိ၊ အပါယ်ကို ပစ်ချတတ်သေးတဲ့ သက္ကာယဒိဋ္ဌိ၊ အယူဆိုး အယူမှားကြီးကိုလည်း ပယ်ဖျက်ပြီးသား စွန့်လွှတ်ပြီးသား ဖြစ်သွားတယ်ဆိုတာမှတ်ကြပါနော်။

ပယ်စွန့်တယ်ဆိုသော်လည်း ဝိပဿနာဉာဏ်နေရာဖြစ်၍ တဒင်္ဂပဟာန်မျှသာ ပယ်စွန့်နိုင်တယ်၊ လောကုတ္တရာမဂ်ဉာဏ်ကျမှ သမုစ္ဆေဒပဟာန်အားဖြင့် အကြွင်းမဲ့ ပယ်စွန့်ဖျက်ဆီးနိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါင်း ဘဝပေါင်းအသေင်္ချ ဘယ်လောက်ပင် လွန်လေငြားသော်လည်း ကြဉ်လည်ခဲ့ရငြားသော်လည်း အလွန်တရာတွေ့နိုင်ဆုံနိုင်ခဲ ရနိုင်ခဲသော သာသနာတော်မြတ်ကြီးကို ယခုလို ကုသိုလ်ကံကောင်းစွာဖြင့် လူ့ဘဝကြီးနှင့်ကြုံကြရသောအချိန်တွင် ဘာမျှအဖိုးမတန်သော လောကီကိစ္စများနှင့်သာ တစ်ဘဝ အလကား အချိန်ကုန်ခံမသွားကြစေချင်ပါ။ အနမတဂ္ဂ သံသရာအဆက်ဆက်က ဘဝတိုင်း ဘဝတိုင်းတွင် လက်ကပူတယ်၊ ခြေကပူတယ်၊ ငါပူတယ်၊ သူပူတယ် စသည်ဖြင့် အယူမှား အမှတ်မှား အသိမှားဆိုတဲ့ သက္ကာယဒိဋ္ဌိတရားကို ပယ်ရှားသုတ်သင်နိုင်တဲ့ ကိုယ်တွေ့ ဉာဏ်မြင် ဝိပဿနာလုပ်ငန်းစဉ်တို့ကို ကျန်းကျန်းမာမာချမ်းချမ်းသာသာ ဉာဏ်မြင်ရှိရှိ အဖိုးတန်မှန်းသိသိနှင့် ပေါက်ရောက်အောင်မြင်အောင် ဖတ်ရှုသူ ယောဂီများ ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ကြိုးစားအားထုတ်ကြသည့်အတိုင်း အဟောင်းအသစ် အဟောင်းအသစ် ပြောင်းလွှဲ ပြောင်းလွှဲ ဖြစ်နေတဲ့ ပရမတ်အစစ် ဓာတ်အနှစ်တွေကို မလစ်လပ်အောင် ဝိပဿနာဉာဏ်ဖြင့် တကယ်တမ်း ရှုမှတ်နိုင်ကြပြီးလျှင် ရှုမှတ်နေရင်း ရှုမှတ်နေရင်း အလုံးစုံရပ်သွားတဲ့ နိဗ္ဗာန်ဓာတ်ကို တစ်ကြိမ်တည်း တစ်ရှိန်တည်းနှင့် လျှင်မြန်စွာ ကူးခပ်နိုင်တဲ့ကိုယ် တွေ့ မြင်နိုင်တဲ့ကိုယ်ဖြစ်ကြပါစေကုန် သတည်း။

သာဓု…..သာဓု…..သာဓု။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP