* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 30, 2009

*သူတို့ပေးသော မွေးနေ့လက်ဆောင်-၁ (ကိုဝိမုတ္တိသုခ)*

တကယ် မမျှော်လင့်ခဲ့ ပါဘူး.. ကျွန်တော်။ ဒီလို ကိုဝိမုတ္တိသုခ ဆီက မွေးနေ့ လက်ဆောင် ရမယ်လို့။ မွေးနေ့ကို ဘယ်တုန်းက ပြောလိုက် မိမှန်းလည်း မသိတော့ဘူး။ ဒါပေမယ့် အစ်ကို ၀ိမုတ္တိက မေးကနေ “ညီရေ.. အစ်ကို ညီ့မွေးနေ့ အတွက် ဆောင်းပါး တစ်ပုဒ် မွေးနေ့ လက်ဆောင် အနေနှင့် ရေးထားတယ်။ အဲဒါ အခုယူချင်လား။ မွေးနေ့ ကျမှ ယူချင်လား သိချင်လို့ ။” ဆိုပြီး မေးလာတော့ တော်တော်လေး ၀မ်းသာ သွားမိတယ်။ မမျှော်လင့်ဘဲ ရောက်လာတာ ဆိုတော့။ အဲလို မေးလာတော့ ကျွန်တော် ကလည်း မလိုချင် မဖတ်ချင် ရှာပါဘူး.. အခုယူမယ် အစ်ကိုလို့ ပြောလိုက်တယ်။ ဒီတော့လည်း “မြစ်တစ်ခု စီးဆင်းမှု နရီ (သို့) ညီလေး ဖိုးသားအတွက် မွေးနေ့ လက်ဆောင်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မွေးနေ့လက်ဆောင် ဆောင်းပါးလေး ရောက်လာလေရဲ့။ ဒီလက်ဆောင် လေးကို အားလုံးသော ဓမ္မ မောင်နှမ တို့ကို ဖတ်စေချင်တဲ့ စေတနာနဲ့ ဘလော့ စာမျက်နှာပေါ် တင်လိုက်ပါတယ်။ အစ်ကို ၀ိမုတ္တိရဲ့ မွေးနေ့ လက်ဆောင် လေးက… ဒီလို…။

++++++++++++++++++++++++

မြစ်တစ်ခု စီးဆင်းမှု နရီ (သို့) ညီလေး ဖိုးသားအတွက် မွေးနေ့လက်ဆောင်

ညီလေးဖိုးသားရေ

ညီ့ရဲ့  (၂၄) နှစ်ပြည့် မွေးနေ့ အတွက် အမှတ်တရ ဖြစ်အောင် တစ်ခုခု ပေးမယ်လို့ စိတ်ကူး ရင်းက ဒီစာကို မွေးနေ့ လက်ဆောင် အဖြစ် ရေးလိုက်ပါတယ်။

ညီ့ကို ပေါ့ပေါ့ပါးပါး ဟိုတစ်ခါ တုန်းက လိုပဲ အကို ပုံပြင်လေးတွေ ပြောပြမယ်လို့ စိတ်ကူး ထားတယ်။

ညီ့ကို ပထမ တစ်ပုဒ် အနေနှင့် တရားရှာတဲ့ လူငယ်လေး တစ်ယောက် အကြောင်း ပြောပြမယ်။

တစ်ခါက လူငယ် တစ်ယောက်ဟာ တရားကို သိမြင်ချင်လို့ ဆရာကြီး တစ်ဦးဆီကို သွားပြီး သူ့ကို သင်ပြပေးဖို့ တပည့် သွားခံပါတယ်။ ဒီအခါမှာ ဆရာကြီးက လူငယ်ကို လိုအပ်တဲ့ မေးခွန်းလေး တချို့ကို မေးပါတယ်။ အဲဒီလို မေးပြီးသွားတဲ့ အခါမှာတော့ လူငယ်ကို ပြောလိုက် တာက သင့်ကို ကျွန်ုပ် အနေနှင့် တရားကို သင်ပြပေးဖို့ မလိုတော့ ပါဘူးတဲ့။ သင့်ထံမှာ သင်ယူ လေ့လာ သင့်တဲ့ တရားက အလုံ အလောက် ရှိနေပါပြီတဲ့။ သင်တကယ် လိုအပ်တာက ထပ်ပြီး သင်ယူဖို့ မဟုတ်ပါဘူး။ သင်သိထား တာတွေကို လက်တွေ့ ကျင့်ကြံ ကျင့်သုံးဖို့ ပါလို့ ဆရာကြီးက ဆိုလိုက်ပါတယ်။ လူငယ်လည်း ဆရာကြီး ဆီကနေ ပြန်လာခဲ့ ရပါတယ်။

ပထမ ပုံပြင်လေး ကတော့ ဒါလေးပါပဲ ညီရေ။ ကျန်တဲ့ ဆက်ပြီး စဉ်းစားရမယ့် အပိုင်း ကတော့ ညီ့ တာဝန် ဖြစ်သွားပြီနော်။

ဒုတိယ ပုံပြင်ကို ဆက်ပြောပြ မယ်နော်။ ဒီအကြောင်း အရာက မဟတ္တမ ဂန္ဒီကြီးရဲ့  ဖြစ်စဉ်တွေထဲက တစ်ခုလို့လည်း ပြောပါတယ်။ ထားပါလေ။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ အဓိကက ပုံပြင်က ပေးတဲ့ တစ်ခုခုကို ကိုယ် ရလိုက်ဖို့ပဲ မဟုတ်လား ညီရာ။

တခါက ဆရာကြီး တစ်ယောက် ဆီကို မိခင် တစ်ယောက်က သူ့သားငယ် လေးကို ခေါ်လာပြီး ကလေးကို ဆုံးမပေးပါလို့ အပ်တယ်တဲ့။ ဒီတော့ ဆရာကြီးက ကလေးက ဘာဖြစ်နေလို့ လဲလို့ မေးတယ်။ ကလေးရဲ့ မိခင်က ပြောတာက ဒီကလေးက အချိုတွေ သိပ်စားတယ်။ အဲဒါ သူ့ကို အချို သိပ်မစားဖို့ ဆုံးမပေး ပါလို့ ပြောပါတယ်။ ဒီအခါမှာ ဆရာကြီးက ကလေး မိခင်ကို နောက်တစ်လ ကျမှ ကလေးကို ပြန်ခေါ်လာဖို့ စေခိုင်းလိုက် ပါတယ်။ ဒီလိုနဲ့ နောက်တစ်လ ကြာတော့ မိခင်နှင့် ကလေး တခါ ဆရာကြီးဆီ ပြန်ရောက်လာ ကြပါတယ်။ ဒီအခါမှာတော့ ဆရာကြီးက ကလေးကို ”ကလေး အချိုတွေ သိပ်မစားနဲ့” လို့ ပြောလိုက် ပါတယ်။

ဆရာကြီးရဲ့ ဒီဆုံးမ စကားကို ကြားတော့ မိခင်လုပ်တဲ့ သူက ဆရာကြီးနှယ် ဒီစကားလေး ပြောဖို့ အရေး ဘာလို့ တစ်လတောင် ချိန်းရတာ လဲပေါ့။ ပြီးခဲ့တဲ့ လကတည်းက ပြောလိုက်လည်း ရသားနဲ့လို့ Complaint တက်ပါတယ်။ ဆရာကြီးက ဒီတော့ ဘာပြန်ပြော သလဲ ဆိုတော့ ငါလည်း ပြီးခဲ့တဲ့ လအထိ အချိုတွေ တအား စားခဲ့တယ်။ ဒီကလေးကို အချိုတွေ မစားဖို့ကို ဆုံးမစကား ပြောဖို့ ငါအရင် အချိုကို မစားဘဲ နေနိုင်အောင် ကျင့်လိုက်တယ်။ အခု အချိန်မှာ ငါ အချို မစားတော့ဘူး။ မစားဘဲ နေနိုင်ပြီ။ ဒါကြောင့် အခု ဒီကလေးကို အချိုမစားဖို့ ငါဆုံးမတယ်လို့ ပြန်ဖြေလိုက် ပါသတဲ့။

ဒုတိယ ပုံပြင်လေးကလည်း ဒီလောက်ပါပဲ ညီရေ။

ကဲ ညီရေ။ အကို ပြောပြချင်တဲ့ ပုံပြင်တွေ ကတော့ အဲဒါလေးပါပဲ။ ညီ ကြိုက်မကြိုက်တော့ မသိပါဘူး။

အဲ... ကြုံတုန်းလေး ဘာသာရေး ဘလော့ဂ် ရေးတဲ့ ဘလော့ဂ်ဂါ အချင်းချင်း တရား စကားလေးတော့ ပြောလိုက်ပါ အုံးမယ်။

အတွေးအခေါ် ပညာရှင် တစ်ယောက်ရဲ့  ထင်ရှားတဲ့ အတွေး အခေါ်လေး တစ်ခုပါ။ သူက ပြောတယ်။ “မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို့ မရပါ” တဲ့။ ညီ ကြားဖူး မလားတော့ မသိပါဘူး။ သူ ဆိုလိုချင်တဲ့ အဓိပ္ပါယ် ကတော့ လူတစ်ယောက်ဟာ မြစ်တစ်ခုမှာ သွားပြီး ရေ ဆင်းချိုးမယ် ဆိုပါတော့။ ပထမ တစ်ကြိမ် ရေချိုးပြီး ပြန်တက်လာလို့ နောက်တစ်ခေါက် မြစ်ထဲ ပြန်ဆင်းတဲ့ အချိန်မှာ ဒီမြစ်ဟာ ခုန သူ ရေဆင်းချိုး ခဲ့တဲ့ မြစ်ရေ မဟုတ်တော့ဘူး။ မြစ်ရဲ့ သဘာဝ ရေက အမြဲ စီးဆင်းနေတဲ့ အတွက် နောက်တစ်ကြိမ် သူပြန်ဆင်းတဲ့ အချိန်မှာ မြစ်ရေက အသစ် ဖြစ်နေပြီ။ ခုနမြစ်ရေ မရှိတော့ ဘူးပေါ့။

ဒီအဆိုကို မြန်မာပြည်က ဆရာတော် တစ်ပါးကတော့ မပြည့်စုံ သေးဘူးလို့ ဆိုပါတယ်။ သူက ထပ်ဖြည့်ပြီး ပြောတာက အမှန်မှာ မြစ်တစ်ခုတည်း ကသာ စီးဆင်းပြီး အသစ် ဖြစ်သွားတာ မဟုတ်ပါ ဘူးတဲ့။ ရေ ဆင်းချိုးတဲ့သူ ကိုယ်တိုင်ကို ကလည်း ဒုတိယ တစ်ခေါက်မှာ အရင်လူ မဟုတ်တော့ဘဲ လူအသစ် ဖြစ်သွားပါပြီတဲ့။

ရုပ်နာမ် ခန္ဓာတို့ရဲ့ သဘော မျက်စိတစ်မှိတ် လျှပ်တပြတ် အတွင်းမှာပဲ အကြိမ်ပေါင်း ကုဋေပေါင်း များစွာ ပျက်ဆီး ကုန်ဆုံးသွား ခဲ့ပြီး အသစ်ပေါင်း အကြိမ်ပေါင်း များစွာ ဖြစ်သွားခဲ့ ပြီကိုး။ မြစ်ရေကလည်း အသစ်၊ လူကလည်း အသစ်။


ကဲ... ညီ့မွေးနေ့ အတွက် စဉ်းစားစရာ လေးတွေ လက်ဆောင် အဖြစ်ပေးလိုက် ပါတယ်။

မွေးနေ့ အတွက် ဆုတောင်း ကိုတော့ ဘုန်းဘုန်းဦးတိက္ခ ဉာဏကို ဆုတောင်းပေး သလိုဘဲ ဆန္ဒပြု ပြောချင်ပါတယ်။ Happy Everyday ပါ ညီရေ။


ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

++++++++++++++++++++++++++

အဲ… မေ့နေလိုက်တာ ပြောဖို့ ကျွန်တော့ မွေးနေ့က ငါးလပိုင်း သုံးဆယ်ရက်…။ အခုလို ဖတ်ပေးတဲ့ ဓမ္မမိတ်ဆွေတို့ ကျေးဇူးပါ။ ကျွန်တော့် မွေးနေ့နဲ့ ဆက်စပ်ပြီး ဓမ္မမိတ်ဆွေတို့ အကျိုး တစ်စုံတစ်ရာ ရသွားတယ် ဆိုရင်ပဲ ကျေနပ်ပါပြီ။ ဒါနဲ့ မိတ်ဆွေတို့က မွေးနေ့မှာ ဘာကျွေးမလဲလို့ မေးချင်မလားပဲ။ ကျွန်တော် ကျွေးလိုက် ပါပြီနော်… အားလုံးကို အာဟာရ ဖြစ်အောင်၊ မိတ်ဆွေတို့လည်း စားပြီး ပါပြီ…၊ ဘာအာဟာရ လဲဆိုတော့ စိတ်အာဟာရ…။

လေးစားစွာဖြင့်
ဖိုးသား

5/26/2009, TUE:, 2:45:42 PM


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP