* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 30, 2009

*သူတို့ပေးသော မွေးနေ့လက်ဆောင်-၃ (ကိုဝင်းမြင့်၊ အစ်မမေဟန်)*

မင်္ဂလာပါ ညီလေး ပြည့်စုံအောင်…

ဤနေ့သည် ညီလေးရဲ့ မွေးနေ့ဖြစ်သည်။ ညီလေးကို သစ်ပင် တစ်ပင်အဖြစ် ပမာ တင်စား၍ မွေးနေ့အတွက် ရေးသား ဂုဏ်ပြုလို ပါသည်။

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ အဖန်ဖန် လည်ပတ် လောက သံသရာဆက်ဟု ဆိုအပ်သော ဝဋ်အသွား ဆက်၍ လည်ပတ် နေသည့် သံသရာဝယ် ဤနေ့သည် ကံမျိုးစေ့မှ နာမ်ရုပ်- အရွက်ကလေး နှစ်ရွက်နှင့် အပင်ကလေး ပြူထွက်၍ မိခင်အပြုံးနှင့် မိတ်ဆက်ခွင့် ရသောနေ့ ဖြစ်သည်။ ထိုအပင် ကလေးကို မိခင်၏ နို့ရည်ဖြင့် သွမ်းလောင်း၍ လည်းကောင်း၊ အစာ အာဟာရဖြင့် လည်းကောင်း ကျွေးမွေး၍ ရှင်သန် ကြီးထွား စေခဲ့သည်။

အခုဆို အပင် ကလေးက အကိုင်းအခက် စုံညီ အရွယ်အား ဖြင့်တော့ ရောက်လို့နေပြီ။

သစ်တစ်ပင် ကောင်းလျှင် ငှက်တစ်သောင်း နားနိုင်၏လို့ ရှေး ပညာရှိ များက စကားထားခဲ့ ကြပါသည်။ ငှက် တစ်သောင်းအား နားခိုစေနိုင် မှုဖြင့် ကျေးဇူးပြု လိုလျှင် ကောင်းသော သစ်ပင် တစ်ပင် အဖြစ်သို့ ရောက်အောင် ပြုစု ပျိုးထောင် ရမည်သာတည်း။ မြတ်စွာ ဘုရားရှင်၏ အပင်သည်ကား အသေင်္ချေပေါင်း များစွာသော ငှက် ပမာဏများ အဖို့ နားခိုစေနိုင် မှုဖြင့် ကျေးဇူးပြုနိုင် ခဲ့သည်၊ ယခု အချိန်၌လည်း ကျေးဇူးပြု နေသည်၊ နောင် ကာလ၌လည်း ကျေးဇူးပြု နေအုံးမည်သာ။

ထိုသို့ မြတ်စွာ ဘုရားရှင်၏ တပည့် သာဝကများ သည်လည်း မြတ်စွာ ဘုရားရှင်၏ ကရုဏာထုံး နှလုံးမူ၍ မြတ်စွာ ဘုရားရှင်၏ တရားဓမ္မကို ကောင်းစွာ နာယူ ကျင့်ကြံကာ သစ္စာ တရားကို ကိုယ်စားလှယ်ပြု ဟောပြဆုံးမ လမ်းပြရင်းဖြင့် ငှက်ပမာဏ မြောက်မြားစွာ အဖို့ နားခိုစေနိုင် မှုဖြင့် ကျေးဇူး ပြုခဲ့ကြသည်။ ကျေးဇူး ပြုနေကြသည်။ ကျေးဇူး ပြုကြမည် သာတည်း။ ဥပမာ.. အကို့ အနေနဲ့ ထင်ရှားစွာ မြင်ရတဲ့ ပုဂ္ဂိုလ်ကို ပြရလျှင်တော့ မိုးကုတ် ဆရာတော် ဘုရားကြီးပေါ့။ ဆရာတော် ဘုရား၏ သစ်ပင် ဆိုရင်လည်း ငှက်ပမာဏ မြောက်များစွာ အဖို့ နားခိုစေနိုင် မှုဖြင့် ကျေးဇူး ပြုနိုင်ခဲ့ ပါသည်။ အခုလည်း ကျေးဇူး ပြုနေဆဲ၊ နောက်လည်း ကျေးဇူး ပြုနေအုံးမည်သာ။

ထိုအရှင်မြတ်များ ကဲ့သို့ ပြည့်စုံအောင်၏ အပင်သည်လည်း လောကကို ကျေးဇူးပြုတဲ့ အပင်လေး တစ်ပင်ဖြစ်ဖို့ ပြုစု ပျိုးထောင်နေရင်းပဲ လောကကို အကျိုး ပြုတတ်နေတဲ့ အပင် ငယ်ကလေး တစ်ပင် ဖြစ်နေပါလား ဆိုတာ ယနေ့ အများအမြင်မှာ အထင်အရှား ပါပဲ။

အပင် ဆိုတာက ကွင်းပြင်ကြီး ထဲမှာ ထီးတည်း ပေါက်ရောက် ရတာမျိုး လည်းရှိပါတယ်၊ ပတ်ဝန်းကျင် အပင်တော မှာလည်း ပေါက်ရောက် ရတာ ရှိပါတယ်။ ဘယ်မှာပဲ ပေါက်ရောက်ရ ကြီးပြင်းရ သဘာဝ ဘေး အန္တာရာယ်၏ ဘေးဆိုတာက အချိန်အခါ မရွေး ဆိုးရွားစွာဖြင့် သူ့အပေါ်မှာ ကျရောက် လာတတ် ပါတယ်။ အချိန်တိုင်း အားဖြင့်လည်း အပူဒဏ် အအေးဒဏ် တို့၏ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲစွာ ဖောက်ပြန်နေမှု ဘေးကလည်း ထိုအပင်မှာ အမြဲတမ်း ကျရောက် နေပါတယ်။ ထိုကဲ့သို့ ညီလေး၏ အပင်လေး သည်လည်း အတွင်း ရန်သူဘေး၊ အပြင် ရန်သူဘေးလို့ပဲ ပြောပြော၊ လောကဓံ ဘေးအန္တရာယ် လို့ပဲ ပြောပြော ထို ဘေးအန္တရာယ် တွေနဲ့ အမြဲထိတွေ့ နေရ၊ ကြုံနေရ ဆုံနေရ၊ တစ်ခါတစ်ခါ လွန်စွာ ဆိုးရွားစွာ ကျရောက် လာတတ်ကြ စသည်ဖြင့် ဘေးအန္တရာယ် နယ်ထဲမှာ နေရတယ် ဆိုတာကိုလည်း သိနေတော့ ထိုအသိက ထိုဘေးမှာ လွတ်မြောက် ရာသို့ ကျေးဇူးပြုမယ့် သတိတရား ကိုလည်း ထင်ရှားဖြစ်အောင် စေ့ဆော် ပေးရမယ်ပေါ့ ဆိုတာ ကိုလည်း ကံမကုန် ဉာဏ်ဆုံခွင့် ရတုန်းမှာ လက်တို့ ပြောလိုပါတယ်။

နောက်တစ်ခုက အပင် ဆိုတာသည် ကိုင်းရာဖက်ကို လဲကျတတ် တယ်တဲ့။ ဆိုလိုတာက လောဘ ဘက်ကို ကိုင်းရင် ပြိတ္တာဘုံကို လဲကျမယ်၊ ဒေါသ ဘက်ကို ကိုင်းရင် ငရဲဘုံကို လဲကျမယ်၊ မောဟ ဘက်ကို ကိုင်းရင် တိရစ္ဆာန် ဘုံကို လဲကျမယ်၊ အလောဘ- သဒ္ဓါတရား ဘက်ကို ကိုင်းရင် လူ့ဘုံ၊ နတ်ဘုံ တွေပေါ် လဲကျမယ်၊ အဒေါသ- မေတ္တာ တရားဘက်ကို ကိုင်းရင် ဗြဟ္မာဘုံ တွေပေါ် လဲကျမယ်၊ အမောဟ- ပညာဉာဏ် ဘက်ကို ကိုင်းရင် (၃၁)ဘုံဟု ဆိုအပ်သော အိုနာသေ နှိပ်စက် ခံနေရသည့် သံသရာဘုံမှ လွတ်မြောက်ရာ အဇာတိဟု ဆိုအပ်သော သုခ နိဗ္ဗာန်သို့ ကိုင်းညွှတ် လဲကျရတယ်။ ဒီတော့ ညီလေး အပင်ကလေး ကိုလည်း ဘယ်ဘက်သို့ ကိုင်းစေ၍ လဲကျစေမလဲ ဆိုတာတော့ မြတ်စွာ ဘုရားရှင်၏ တရားဦး ဖြစ်သည့် ဓမ္မာစကြာ တရားကို နာယူ၍ ဆုံးဖြတ်ပေါ့။ ကိုယ်တိုင် သုံးသပ်၍ ဆုံးဖြတ် ပြီးလုပ်တာက ကုသိုလ်ပဲ လုပ်လုပ်၊ အကုသိုလ်ပဲ လုပ်လုပ် ပိုပြီး ကျေးဇူးပြုမှု အားကြီးတယ် ဆိုတာကို ညီလေး အဘိဓမ္မာ သင်ခန်းစာ သင်တုန်းက အသင်္ခါရိက နှင့် သသင်္ခါရိက ဆိုတာ ကြားဖူးခဲ့တာပဲ။

ဒီတော့ လူ့ဘုံမှာ အခု ရောက်နေတာသည် လမ်းဆုံ လမ်းခွကို ရောက်နေတာ ပဲတဲ့။ “ခံ” ဖို့ လုပ်ရင်းနှင့် (ခံမယ့် အရပ်ဆီသို့ ဦးတည့်ရင်းနှင့်) လောကကြီးကို အရွဲ့တိုက်ကာ လူ့ဘုံမှာ ရှင်သန် နေမှာလား? “စံ” ဖို့ လုပ်ရင်းနှင့် (စံမယ့် အရပ်ဆီသို့ ဦးတည့်ရင်းနှင့်) လောကကြီးကို ကျေးဇူးပြုကာ ရှင်သန် နေမှာလား? “လွတ်” ဖို့ လုပ်ရင်းနှင့် (လွတ်မြောက်မှု အရပ်ဆီသို့ ဦးတည့်ရင်းနှင့်) လောကကြီးကို ကျေးဇူးပြုကာ ရှင်သန် နေမှာလား ဆိုတာကို လူ့ဘဝ ဖြစ်ဆဲခဏ လမ်းဆုံ လမ်းခွမှာ သုံးသပ် ဆုံးဖြတ်၍ လုပ်ဆောင် နေရပါတယ်။ ဒီနေရာမှာ လူ့ဘဝ ဖြစ်ဆဲခဏ ဆိုတာသည် စိတ်ကလေး တစ်ခု ဖြစ်လိုက် ပျက်လိုက် တစ်ခဏကို ဆိုတာပါပဲ။ ထို တစ်ခဏသည် လမ်းဆုံ လမ်းခွမှာ ခြေချ၍ သုံးသပ် ဆုံးဖြတ် နေရတဲ့ တစ်ခဏ မျှသာပါပဲ။ ထို တစ်ခဏ တစ်ခဏချင်း စီမှာ ဆုံးဖြတ်မှုနှင့် လုပ်ဆောင်မှု ဆိုတဲ့ အရာနှစ်ခုက ဝမ်းတူးရိုက်ပြီး သွားနေကြ ပါတယ်။ ခံ မယ့် အရပ်ဆီသို့ ဦးတည့်ရင်းနှင့် ဝမ်းတူးရိုက် ကောင်းရင်လည်း ဒုဂတိဘုံ ဂိုး ပေါက်ဆီသို့၊ စံ မယ့် အရပ်ဆီသို့ ဦးတည့်ရင်းနှင့် ဝမ်းတူးရိုက် ကောင်းနေရင်လည်း သုဂတိဘုံ ဂိုးပေါက်ဆီသို့၊ လွတ်မြောက်မယ့် အရပ်ဆီသို့ ဦးတည့်ရင်းနှင့် ဝမ်းတူးရိုက် ကောင်းနေရင်လည်း နိဗ္ဗာန် ဂိုးပေါက်ဆီသို့ စသည်ဖြင့် ပေါ့။

ဒီတော့ တို့တွေရဲ့ လူ့ဘဝတွေ အဖန်ဖန် မွေးနေသော အချိန်အခါ ထိုတစ်ခဏ တာမှာ ဒီလို လမ်းသုံးကြောင်းကို ခွဲခြား၍ ဘယ်လမ်းကို သွားချင်လဲ မေးခွန်း ထုတ်ရပါမယ်။ လမ်းရွေးပြီးရင် သူ့ဆီရောက်တဲ့ အကြောင်း တရားကို ဆောင်ယူ လုပ်ဆောင် သွားရပါမယ်။

နိဂုံးချုပ်အနေဖြင့် ညီလေးကို ဆန္ဒပြု စကားစုလေးပေးလိုသည်က ဆုပန်ကြီး မဟုတ်ရင်တော့ လွတ်မြောက်မှု အရပ်ဆီသို့ ဦးတည့်ရင်းနှင့် လောကကြီးကို ကျေးဇူးပြုကာ ရှင်သန်သွားဖို့ အချိန်တိုင်း အချိန်တိုင်း၌ “မွေးတာကိုကြည့် သေတာကိုသိ”၊ ဤသို့ “သတိထား ကြည့်လိုက်တိုင်း ဉာဏ်ဖြင့် သိလိုက်သည်” အားဖြင့် ဉာဏ်အသိ ရာခိုင်နှုန်းတွေကို တိုးမြှင့်သွားပါ၊ ထိုဉာဏ်က တစ်ရာ ရာခိုင်နှုန်း (၁၀၀%)သို့ ရောက်ရင် သမုဒယက သုည ရာခိုင်နှုန်း(0%) သို့ ကျသွားပါတယ်။ ထိုသို့ သမုဒယက သုည ရာခိုင်နှုန်း(0%) သို့ ကျသွားလျှင် သဟဇာတ ကမ္မလို့ ဆိုတဲ့ သင်္ခါရ- ရုပ်သစ် နာမ်သစ် တွေ ချုပ်ငြိမ်း သွားပါတယ်၊ ထိုသို့ ချုပ်ငြိမ်းမှု နေရာမှာ နေရာ ယူလာတာ ကတော့ အသင်္ခတ အငြိမ်းဓာတ် (နိဗ္ဗာန်ဓာတ်) ပါပဲ။ ဤသို့ အသိဉာဏ် ရာခိုင်းနှုန်းတွေကို မွေးနေ့ ရောက်မှသာလျှင် တိုးမြှင့်ခွင့် ရတာမို့၊ ထိုသို့ မွေးမှုနောက်က ဉာဏ်အသိ ရာခိုင်နှုန်းကို တိုးမြှင့်ရင်းဖြင့် ဒုက္ခအဆုံးရှိ သုခမုခ်ဝ ဆီသို့ အရောက် လှမ်းနိုင် ပါစေသောဝ်။ ဒါသည် မြတ်စွာ ဘုရားရှင်အား အမြင့်မြတ် ဆုံးသော ပူဇော်မှုဖြင့် ပူဇော်၍ မွေးနေ့ပွဲ ကျင်ပခြင်း ဖြစ်ပေသတည်း။

မွေးနေ့ကို အချိန်တိုင်း ကျင်းပရင်း အသိဉာဏ် ရာခိုင်နှုန်းများ တိုးမြှင့်၍ မိမိ အကျိုး ကိုလည်း ဆောင်ရွက်၊ သူတစ်ပါး အကျိုး ကိုလည်း ကျေးဇူးပြု ကျေးဇူးဆပ်လျက် ဤလူ့ဘဝ၌ ကျေးဇူး များသော အပင်ကြီး ဖြစ်ပါစေ…


လေးစားစွာဖြင့်
အစ်ကို၊ အစ်မ
ဝင်းမြင့်၊ မေဟန်

+++++++++++++++++++++++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/29/2009, FRI:, 2:47:32 AM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP