အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၄)
| From my village |
ခန့်ဝင်တောရကျောင်းသို့ အလည်ပတ်သွားပြီးနောက် ဆရာတော်ဦးမဟော ဦးဆောင်သော အဖွဲ့သည် မေမြို့ရှိ သီတဂူဝေဇယန္တာကျောင်းသို့ သွားရောက်ကာ အနားယူဖြစ် ခဲ့ကြသည်။ ထိုကျောင်း၌ သုံးရက်တာ အနားယူပြီး နောက် မနက်ဖြန်လည်း အဖွဲ့ထဲမှ ခွဲထွက်ကာ စစ်ကိုင်းတောင်ရိုးသို့ ပြန်ခဲ့သည်။
စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ တပတ်လောက် နေပြီး မနက်ဖြန်၏ ဇာတိမြေသို့ အလည်သွားရောက် ဖြစ်ခဲ့သည်။ မိဘဖိုးဘွားနှင့် ဆွေးတော်မျိုးတော်ပေါင်းတို့ကို သွားရောက် တွေ့ဆုံခြင်းဖြစ်သည်။ မနက်ဖြန် မွေးဖွားခဲ့တဲရွာလေး ကြီးပြင်းခဲ့တဲ့ရွာလေး ထူးမခြားနား အရင်တိုင်း သဘာဝမပျက် တည်ရှိနေသည်ကို ရွာဝင် လမ်းကို မြင်လိုက်သည်နှင့် သိလိုက် သည်။ အော် မြန်မာပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေ အတော်ကိုပင် သဘာဝတရားနဲ့ မပြောင်းလဲခြင်းကို သဘောကျပါလားလို့ တွေးမိလိုက်သည်။
| From my village |
ပျံတော်မူသွားသည့် ကျေးဇူးရှင် ဆရာတော်၏လုံးလ၀ိရိယကြောင့် ရွာအ၀င် ဘုန်းတော်ကြီး ကျောင်းကတော့ အရင်နဲ့မခြားတမူ ထူးခြားစွာ တောက်ပြောင်နေသည်၊ စေတီပုထိုများလည်း ရွှေရောင် ထုံးရောင်တို့ဖြင့် ကြည်ညို ဖွယ် အတိပြည့်နေပါပေသည်။
ထူးထူးခြားခြား မနက်ဖြန်တို့ ကလေးပေါက်စ ကကြီးခခွေး သင်ခဲ့တဲ မူလတန်းကျောင်းကြီးက ရွာအ၀င် တည့်တည့်မှာ ပြောင်းရွေ့လာခြင်းပေါ့။ မနက်ဖြန်တို့ ကလေးတုန်းကတော့ ကျောင်းတော်ကြီးက ရွာ၏ အနောက်ဘက်မှာရှိသည်။ တိုင်းမှူးလာတော့ မူလတန်းကျောင်း မမြင်ရလို့ ကျောင်းတော်ကြီးကို ကားလမ်း ဘေး ရွာအရှေ့ဘက်ရွေ့ရမယ်ဆိုလို့ ပြောင်းလာရ ခြင်းဆိုပါပဲ။ ဘာပြောပြော ရွာအ၀င် ပဏာတင့်သွားတာ ပေါ့။ ဒါပေမဲ့ ရွာသားတွေတော့ ငွေမော လူမောပေါ့။
အဲဒီနောက်မှာတော့ ယခုလက်ရှိ ဆရာတော် ဆောက်လုပ်ထားတဲ့ စာကြည့်တိုက်ကလေးကို တွေ့မြင့်ခဲ့ရသည်။ သပ်သပ်ယပ်ယပ်နဲ့ အတော်ပင် စာအုပ်စာတမ်းပြည့်စုံသည့် စာကြည့်တိုက် ကလေးပါ။ ထိုင်းရောက် ရွာသူရွာသားများ ကောင်းမှုလို့ သိရသည်။
အပူပိုင်း ဒေသဖြစ်တဲ့ မနက်ဖြန်၏ ဇာတိမြေရဲ့ ကျစ်ကျစ်တောက်ပူတဲ့အပူချိန်ကို ဒီတစ် ခေါက်ရောက်မှ သတိထားမိသည်။ ဖုန်တစ်လုံးလုံး နေတရှိန်ရှိန်နှင့် ရွာသူရွာသားများကတော့ ပူမှန်းမသိ အေးမှန်းမသိ ကိုယ်စီကိုယ်စီ အလုပ်များနေကြသည်။
စိတ်ထဲမှာ စဉ်းစားမိသည် ငါ့အမေ သင်္ကန်းဆီးပေးလိုက်တာ တကယ်ကျေးဇူးတင် စရာပါ လားလို့။ သို့မဟုတ် ရင် မနက်ဖြန်လည်း ခုချိန်ခါဆိုရင် မိန်းမရလို့ ကလေးတွဲလောင်း များနဲ့ နေပူ ဖုန်ထူထဲ ရုန်းနေရမည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်ချေမည်။
နေလယ် အပူရှိန်ကို ငါလည်း ရွာသားပဲကွလို့ အံကျိတ်ကာ ခံစားပြီး ဘုရားဝင်း အတွင်းရှိ ငယ်ငယ်က ကစားခဲ့ တဲ့ ရွာလယ်ဘုရားဆီ အလွမ်းပြေ သွားရောက်ဖူးမျှော်ရင်း ငယ်က ပုံရိပ်ကို မြင်ယောင် သတိရမိခဲ့သည်။
ညနေပိုင်း အအေးဓာတ်ကလေး ၀င်လာမှပဲ ရွာထဲဝင်ကာ အမေ့အိမ်သို့ကြွဖြစ်သည်။ ရွာထဲဝင်တာနဲ့ ဦးဇင်း ဘယ်တုန်းက ရောက်တာလဲ၊ အမေရိက ဘုန်းကြီးဆိုတော့ ဖြူဖွေးနေ တာပဲ၊ စသည်စသည် မြင်တွေ့ကြသည့် ရွာသူရွာသားတွေကလည်း နှုတ်ဆက်ကြပေါ့။
အိမ်ရောက်တာနဲ့ အဖေနဲ့ အဖေ၊ အဲဒီနောက် အမတို့မိသားစု ညီငယ်မိသားစု အဒေါ်တွေ ဦးလေးတွေမိသားစု တွေ တဖွဲဖွဲ ရောက်လာ စုပြုံလာကာ စကားပြောကြ ပျော်ကြနဲ့ အမေ့အိမ်လေး စည်းကားသွားလိုက်တာ ဘုရားပွဲ လားအောက်မေ့ရသည်။ အဲဒီတော့လည်း ဇာတိမြေရဲ့  မိဘမေတ္တာ ဆွေမျိုးမေတ္တာကို ခံစားလိုက်ရလို့ နေ့လယ် က ပူလောင်နေတဲ့ အပူတွေ အိုက်လောင်ခြင်းတွေ တစ်ခါတည်း ပျောက်သွားတော့သည်။
စကားပြောရင်းနဲ့ မနက်ဖြန် အမေနဲ့အဖေအိမ်လေးကို သတိထားကြည့်မိသည့် ၊ အရင်က လိုပါပဲ ထန်းရွတ်မိုး လေးနဲ့။ အဖေနဲ့အမေလည်း ဆံပင်တွေဖြူ ပါရေနားရေတွေ တွန့်လို့။ အော် ငါပင် အသက် ၃၀ကျော်နေပြီးပဲကို လို့ စဉ်းစားမိခဲ့သည်။
ဆွေမျိုးတွေ ဧည့်သည်တွေ ပြန်သွားမှပဲ အမေနဲ့အဖေနဲ့ကို အမေရိကပါလာတာလေးတွေ ပေးပြီး စကားတွေ တ၀ကြီးပြောကာ အမေကို နှိပ်ပေးခဲ့ရလို့ စိတ်ထဲမှာ တကယ်ပင် ကျေနပ် မိသည်။
စကားလက်ဆုံကြနေတာနဲ့ ည ၁၁နာရီထိုးမှပဲ တညတာ အနားယူဖို့ မနက်ဖြန် ရွာဦးကျောင်း ဆီကို ပြန်သွား ဖြစ်ခဲ့တော့သည်။ အမေနဲ့အဖေ အသက်ရှည်ကျန်းမာပါစေလို့…
ရွာအ၀င်လမ်း
| From my village |
| From my village |
ငယ်ငယ်က ပြေးလွှားခဲ့တဲ့ ဇရပ်အို နှစ်လုံး
| From my village |
ရွာဦးကျောင်း
| From my village |
| From my village |
ရွာဦး စေတီများ
| From my village |
စာကြည့်တိုက်
| From my village |
| From my village |

0 comments:
Post a Comment