* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 4, 2009

ဆွမ်း၊ရေချမ်း၊ ဆီမီး ကပ်လှူခြင်း ဆိုရာဝယ်…

ဗုဒ္ဓဘာသာတွေရဲ့ နေ့စဉ်လုပ်ငန်းတစ်ခုဖြစ်တဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်ရှိခိုးပြီးတဲ့အခါ မနက်စောစော အာရုဏ်တက်ချိန်ဆိုလျှင် ဆွမ်း၊ ရေချမ်း၊ ပန်းနဲ့ ဆီမီး ကပ်လှူပူဇော်ကြပါတယ်။ ညအိပ်ရာဝင် ဘုရားရှိခိုးပြီးရင်တော့ ပန်း၊ ဆီမီးနဲ့ ရေချမ်းပဲ ဆက်ကပ်ပါတယ်။

ရုပ်ပွား ဆင်းတုတော်နဲ့ စေတီတော်တွေဟာ ဆွမ်း၊ သစ်သီးနဲ့ ရေချမ်းတွေကို တကယ်မဘုဉ်းပေး မသုံးဆောင်ဘဲ ဘာကြောင့် လှူဒါန်းဆပ်ကပ်နေကြပါသလဲဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့သည် ရုပ်ပွား၊ ဆင်းတုတော်တွေနဲ့ စေတီတော်တွေကို ဆပ်ကပ်လှူဒါန်းတာ မဟုတ်ပါဘူး။ အဲဒီ ရုပ်ပွား၊ ဆင်းတုတော်တွေက ကိုယ်စားပြုထားတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆပ်ကပ်ခြင်းသာ ဖြစ်ပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်း ကိုးကွယ်ဆည်းကပ်မှုဟာ ဗုဒ္ဓသရဏဂုံဖြစ်သလို သက်တော်ထင်ရှားဘုရားရှင်ကို ရည်မှန်းဆက်ကပ်တဲ့ ဆွမ်း၊ ရေချမ်းအလှူဟာလဲ အလှူဒါနမြောက်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဆွမ်းတော်တင်ကြခြင်းဖြစ်ပါတယ်။

ဘုရားရှင်ကို ဆွမ်းတော်၊ ရေတော်ကပ်တာနဲ့ ပတ်သက်လို့ ပိဋကတ်ပါဠိတော်မှာတော့ မတွေ့ရပါဘူး။ ပရိနိဗ္ဗာန်စံပြီးတဲ့ ဘုရားရှင်ကို ရည်စူး၍ ဓာတုစေတီ စသည်ကို ပစ္စည်းလေးပါးနဲ့ ပူဇော်တာဟာ ဘုရားရှင်ကို ပူဇော်ရာရောက်တယ်လို့ အဂုင်္တ္ထိုရ်အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေစိတ္တေ သမံ ဖလံ = သက်တော်ထင်ရှား ဘုရားရှင်နဲ့ ပရိနိဗ္ဗာန်စံပြီး ဘုရားရှင်ကို ထပ်တူထပ်မျှ ကြည်ညိုလေးစားတဲ့ စိတ်စေတနာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုဟာ တူမျှတဲ့ အကျိုးကိုပေးတယ်လို့ ဝိမာနဝတ္ထုပါဠိတော်မှာလဲ ပြဆိုထားပါတယ်။

တခါကလည်း မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို “ဘုရားရှင်ဟာ ပရိနိဗ္ဗာန် စံသွားတာမှန်ရင် ပူဇော်မှုကို မသာယာနိုင်၊ မသာယာသော ဘုရားရှင်အား ပြုအပ်သော ကုသိုလ်သည် အကျိုးတစ်စုံတစ်ရာ မရနိုင်ဘူးလို့ တိတ္ထိတွေက ပြောနေကြတယ်၊ ဒီပြဿနာကို ဖြေရှင်းပေးပါဘုရားလို့ ” လျှောက်တော်မူတယ်။

ရှင်နာဂသိန်က “မင်းကြီး၊ ဘုရားရှင်ဟာ သက်တော်ထင်ရှား ရှိစဉ်ကပင် ပူဇော်မှုတွေကို မသာယာဘူး။ ဗောဓိပင်နှင့် ရွှေပလ္လင်မှာကတည်းက သာယာတက်မက်မှုကို ပယ်စွန့်ခဲ့ပြီးပြီ။ အခုပရိနိဗ္ဗာန်စံသွားပြီးမှဆိုတော့ သာယာမှုဟာ ပိုဝေးတာပေါ့။ မသာယာသည်သာဖြစ်တဲ့ မြတ်စွာဘုရားရဲ့ ဓါတ်တော်တွေကို တည်မှီရာပြုပြီး ဘုရားရှင်ဉာဏ်တော်ရတနာကို အာရုံပြုကာ ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိနိုင်ပါတယ်။

ဥပမာပြရရင် တောက်လောင်နေတဲ့ မီးပုံကြီးဟာ မြက်၊ ထင်းစတဲ့ လောင်စာတွေကို မသာယာပါဘူး။ မသာယာတဲ့ မီးပုံကြီးကို မြက်ထင်းစတဲ့ လောင်စာတွေကိုထည့်ပြီး အဲဒီမီးတောက်နဲ့ ထမင်းဟင်း စသည်ချက်ပြုတ်ကာ အကျိုးရှိအောင် လုပ်နိုင်ကြသလို မသာယာတဲ့ ဘုရားရှင်မှာ ပြုလုပ်တဲ့ ပူဇော်မှုဟာလဲ အကျိုးရှိနိုင်ပါတယ်။ မသာယာတဲ့ ဘုရားရှင်မှာ ပြုတဲ့ ပူဇော်တဲ့ ကုသိုလ်ကောင်းမှုဟာလဲ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာအကျိုးကို ခံစားရမယ်”လို့ ရှင်နာဂသိန် ဟောကြားတော်မူပါတယ်။ အဲဒီအချက်ကိုကြည့်ရင် ဆင်းတုစေတီတော်မှာ ဆွမ်း ရေချမ်းကပ်လှူတာဟာ ဘုရားရှင်သုံးဆောင်သည်ဖြစ်စေ၊ မသုံးဆောင်သည်ဖြစ်စေ ဆက်ကပ်လှူဒါန်းတဲ့သူရဲ့ စေတနာဟာ ထက်သန်ရင့်သန်သလောက် အကျိုးကို ရရှိခံစားနိုင်တယ်လို့ ယုံကြည်နိုင်ပါတယ်။


ဥပရိကပဏ္ဏာသ အဋ္ဌကထာမှာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဘုရားအမှုးရှိတဲ့ သံဃာတော်များအား ဆွမ်းကပ်လို့ ရပါသလားဟုမေးရာ၊ “ရပါတယ်၊ နေရာကိုခင်းပြီး ဆင်းတုတော်ကိုချကာ ရဟန်းတော်တွေ ဆွမ်းမကပ်ခင် ဘုရားရှင်ကို ဆွမ်းတစ်ပွဲကပ်ရမယ်။ ပြီးမှ သံဃာတော်တွေကို ကပ်ရမယ်လို့ပြထားပါတယ်။ အဲဒီဆွမ်းပွဲကို ဘုရား၊ ဆင်းတု၊ စေတီ ဝတ်ကြီး၊ ဝတ်ငယ်ပြုရတဲ့ ရဟန်းရှိရင် အဲဒီ့ရဟန်းကို ကပ်ရမယ်၊ မရှိဘူးဆိုရင် သံဃာတော်တွေကို ပြန်ကပ်နိုင်တယ်လို့ ပြထားပါတယ်။

ဝိနည်းမဟာဝါ စီဝရက္ခန္ဓက အဋ္ဌကထာမှာ စေတီရုပ်ပွားတော်ရှေ့မှာ ဆွမ်းစသည်တင်ထားပြီး ဘုရားရှင်တို့အား လှူဒါန်းပါ၏ဟု ပြောလှူရမည်။ လှူပြီးသော ဆွမ်းတော်ပွဲကို ဘုရား ဝတ်ကြီး၊ ဝတ်ငယ်ပြုတဲ့ လူ၊ ရဟန်းက စားနိုင်တယ်။ အမြဲဝတ်ပြုသူမရှိရင် တံမြက်လှည်းခြင်းစတဲ့ ဝတ်တစ်ခုခုကိုပြုလုပ်ပြီး ဆွမ်းတော်ပွဲကို စားနိုင်တယ်လို့ ပြထားပါတယ်။

ဒီအဋ္ဌကထာ ၂-ခု အရ စေတီ၊ ရုပ်ပွားတော်ကို ဆွမ်းတော်တင်ကောင်းတယ်။ ဆွမ်းတော်ပွဲကျကို ဝတ်တစ်ခုခုပြုပြီးမှ စားကောင်းတယ်လို့မှတ်ပါ။ ဘုရားပစ္စည်းကို လူတိုင်း မစားသုံးကောင်းပါဘူး။ ဗုဒ္ဓဝေယျာဝစ္စတစ်ခုခုကို လုပ်ပြီးမှ စားသုံးကောင်းတယ်လို့ မှတ်နိုင်ပါတယ်။ ဘုန်းကြီးပစ္စည်း၊ ကျောင်းပစ္စည်း ထိုနည်း၎င်းပါပဲ။

တချို့က ဘုရားဆွမ်းတော်ကျစားရင် အန္တရာယ်ကင်းတာပေါ့။ တချို့က ဘုရားပစ္စည်း မစားကောင်းတာတို့ စသဖြင့် ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ရှိကြပါတယ်.. မည်သို့ပင်ဖြစ်စေ… ကိုယ့်တင်တဲ့ဆွမ်းတော်ကို ကိုယ်ပြန်စွန့်ပြီး မစားတာကတော့ ပိုကောင်းပါတယ်။ ပရိစ္စာဂ လက္ခဏံ ဒါနံ = အလှူဒါနဆိုတာ လှူဖွယ်ဝတ္ထုကို နှမြောတွယ်တာမှု ငဲ့ကွက်မှုမရှိဘဲ လွတ်လွတ် စွန့်ကြဲလှူဒါန်းခြင်း လက္ခဏာရှိရတယ်။ ဆွမ်းတော်တင်တယ်ဆိုတာက နာမည်လောက်ပဲ၊ ပြီးတော့ ငါပဲ စွန့်စားမှာပဲဆိုတဲ့ အသိဝင်ရောက်လာတက်တယ်။ ဒီအခါမှာ ကိုယ်တင်တဲ့ ဆွမ်းတော်ရဲ့ လှူဖွယ်ကို လုံးဝ အာလယပြတ် မစွန့်လွှတ်နိုင်တဲ့အတွက် ဒါနအမြတ်စား မဖြစ်နိုင်ဘူး။

လုံဝလွတ်လွတ် ပေးလှူစွန့်လွတ်တဲ့ ဒါနလက္ခဏာမြောက်ဖို့အတွက် ဒီဆွမ်း၊ ဒီမုန့်၊ ဒီသစ်သီးကို ဘုရားရှင်ကို ဆက်ကပ်မယ်။ ဆွမ်းတော်စွန့်ပြီးရင် ကုသိုလ်အဆင့်ဆင့်ပွားဖို့အတွက် အခြားပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) ချို့တဲ့သူတွေကို ပေးကမ်းလှူဒါန်း စွန့်ကြဲမယ်လို့ စိတ်မှာထားသင့်ပါတယ်။ ဒီပစ္စည်းဝတ္ထုပေါ်မှာ တပ်မက်စွဲလမ်းမှုကို လုံးဝကင်းစင်ဖို့အတွက် အခြားသူ တစ်ဦးတစ်ယောက်ကို လုံးဝပေးလှူလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ် ဆိုတဲ့အကြောင်း ဗုဒ္ဓဘာသာဝင်တို့ သိမှတ်ဖွယ်ရာ တင်ပြလိုက်ရပါတယ်…

(ဆရာသောင်းလွင်- ဘီအေ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP