သောတာပန်စိတ်ထားအင်္ဂါ (၇)ပါး
(ကောသမ္ဗီသုတ် - တရားထီးတင်ခြင်း)
မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းတိုက်ကြီး၌ တစ်ဖက်လျှင်သံဃာတော် ၅၀၀ စီဖြင့် ၀ိနည်းဓိုရ်ပုဂ္ဂိုလ်က ခေါင်းဆောင်သောအဖွဲ့နှင့် သုတ္တန်ဆောင် ဓမ္မကထိက ပုဂ္ဂိုလ်ကခေါင်းဆောင်သောအဖွဲ့ ဟူ၍ နှစ်ဖွဲ့ကွဲခဲ့ဖူးကြသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက နှစ်ဖက်ခေါင်းဆောင်များကို ခေါ်၍ ဖျန်ဖြေရေးတရား ဟောသော်လည်းမရ၍ ကိုယ်တော်တစ်ပါးတည်း ပလဲတောသို့ ကြွ၍၀ါကပ်တော်မူသည်။ တစ်ဝါတွင်းလုံး ဆင်ကြီးက အလုပ်အကျွေးပြုသည်။ ၀ါကျွတ်သောအခါ အရှင်အာနန္ဒာအမှုးရှိ သော ရဟန်းငါးရာတို့က ပြန်ပင့်ကြသဖြင့် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတိုက်သို့ ပြန်ကြွတော်မူသည်။ ထိုအခါတွင်ကော သမ္ဗီပဋ္ဋိပက္ခပွဲကြီးတွင် ပါဝင်ကြသော နှစ်ဖက်သောကိုယ်တော်များက ဘုရားရှင်ထံသို့လာ၍ တောင်းပန်ကန်တော့ကြသည်။ ထိုပွဲတွင် ဤတရားတော် ကို မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်က “ ပုထုဇဉ်တို့ စိတ်ထားနှင့် အရိယာတို့၏ စိတ်ထားသည် မတူကြဘူး။ အောက်ဆုံး အရိယာဖြစ်တဲ့ သောတာပန်နှင့် ပုထုဇဉ်တောင်မှ မတူကြဘူး” ဟူ၍အစချီကာ “သောတာပန်စိတ်ထားအင်္ဂါ ၇ ပါး” ကိုဟော်တော်မူခဲ့လေသည်။
၁။ အရိယာအဆင့်သို့ ရောက်သော်လည်း မပယ်ရသေးသော ကိလေသာများရှိသောကြောင့် လွန်ကူးမိတတ်၏။ လွန်ကူးမိလျှင် ဥာဏ်ဖြင့် ချက်ချင်း ရပ်နိုင်သဖြင့်-
(က) သောတာပန်ကဖြစ်ကြောတို၏။
(ခ) ပုထုဇဉ်က ဖြစ်ကြောရှည်၏။
၂။ မပယ်ရသေးသော ကိလေသာများကို ငြိမ်းအေးအောင်လုပ်မည်ဟု-
(က) သောတာပန်မှာ အမြဲတမ်းစိတ်ထားရှိသည်။
(ခ) ပုထုဇဉ်မှာ ထိုစိတ်မျိုးမရှိ။
၃။ ဤဘုရားသာသနာမှာသာလျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများအဖြစ်ဖြင့် ထွက်ရပ်လမ်းရှိသည်။ အခြားတိတ္တိတို့၏ သာသနာမှာမရှိဟူ၍ -
(က) သောတာပန်က ယုံကြသည်။
(ခ) ပုထုဇဉ်က အခြားသာသနာမှာလည်း ရှိချင်ရှိမည်ဟု ယူဆသည်။
၎။ အပြစ်သင့်လျှင် အချိန်ဆွဲ၍မထား၊ နံနက်သင့်လျှင် နံနက်၊ ညနေသင့်လျှင် ညနေ ချက်ချင်း
(က) သောတာပန်က ကုသသည်။
(ခ) ပုထုဇဉ်က ထိုသို့ မကုသ။
၅။(က) သောတာပန်က အပြစ်သင့်မှာ စိုးရွံ့သည်။ သီလပျက်မှာ ကိုကြောက်သည်။
(ခ) ပုထုဇဉ်က ထိုသို့မစိုးရွံ့၊ သီလပျက်မှာလည်း မကြောက်။
၆။ သစ္စာတရားတွေ အမှန်တရားတွေကို ဟောပြောလျှင်-
(က) သောတာပန်က စိုက်စိုက်၍ နာနေနိုင်၏။
(ခ) ပုထုဇဉ်မှာ ထိုတရားများ နားထဲမရောက်။
၇။ သစ္စာတရားတွေကို နာယူပြီးပြီဆိုလျှင် ပြော၍မပြီး ချီးကူး၍မဆုံး၊ ကြည်နှုးမှုတွေ ဖုံးပြီးလျှင်-
(က) သောတာပန်က တပြုံးပြုံးနှင့် ကျေနပ်နေ၏။
(ခ) ပုထုဇဉ်က ထိုသို့ ခံစားမှုမျိုး မရနိုင်။
ဤအင်္ဂါရပ် (၇) ပါးနှင့် ညီညွတ်လျှင် ယောဂီသည် မိမိကိုယ်ကို “သောတာပန်” ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်ဟု မြတ်စွာဘုရားရှင်က သောတာပန်စံကို ဟောတော်မူခဲ့သည်။ ဤတရားတော်ကို မိုးကုတ်ဆရာတော် ဘုရားကြီးက စေတီပြီးလျှင် ထီးတင်ရသလို တရားအပြီးသတ်ခြင်းကို တရားထီးတင်ခြင်းဟု သမုတ်တော်မူခဲ့ပါသည်။

0 comments:
Post a Comment