* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 28, 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၂၀

Published by at 5:17 am under မိုးကုတ်ဆရာတော်ဘုရားကြီး

ထူးခြားသော အဖြစ်အပျက်များ စတင်ခြင်း
မင်္ဂလာမဂ္ဂင်ရိပ်သာအတွင်းရှိ ဦးချစ်ဆွေ-ဒေါ်မမတို့ ဆောက်လှူထားသော ဓမ္မာရုံကြီးတောင်ဘက်တွင် မန်ကျည်းပင်ကြီး တစ်ပင် ကပ်လျက်ပေါက်ကာ တည်နေပါသည်။ ထိုမန်ကျည်းပင်ကြီးပေါ်တွင် စာကလေးပေါင်းမြောက်မြားစွာ ညစဉ် အိပ်တန်းတက်လေ့ရှိသည်။ မည်သူမျှ မပစ်မခတ်ရန် ဆရာတော် မိန့်ထားပြီး ဘေးမဲ့ပေးထားသော ငှက်ကလေးများဖြစ်သည်။ ၁၃၂၄-ခု၊ သီတင်းကျွတ်လဆန်း(၁၃)ရက် (၁၁၊၁၀၊၁၉၆၂) ကြာသပတေးနေ့ ညသန်းခေါင်ယံအချိန်တွင် ထူးကဲစွာ ဆူညံသော အသံကြီးမြည်ဟည်းလာပြီး ကောင်းကင်တစ်ခုလုံး ပြိုလဲသလို ဖြစ်လာသည်။ အိပ်တန်းဝင်နေကြသော စာကလေးများ လန့်ဖျပ်ပြီး တစ်ပြိုင်နက်တည်း ထပျံကုန်ကြသည်။ ထိုအချိန်မှစ၍ နောက်ရက်များတွင် အိပ်တန်းတက်ရန် မလာကြတော့ပေ။ ဖြစ်ပွားသွားသည်များကို သတိပြုမိသဖြင့် ဒကာဦးကျော်သိန်းက အပြင်ကို ထွက်ကြည့်ရာ- မန်ကျည်းပင်ကြီးပေါ်တွင် အလင်းရောင်ကြီးတစ်ခုကို ၂-မိနစ်ခန့်မျှ မြင်တွေ့ရလေသည်၊ အလင်းရောင်ကြီးမှာ နေ့အချိန်ကဲ့သို့ လင်းနေခြင်းဖြစ်သည်၊ ကြည့်ရင်း-ကြည့်ရင်းဖြင့် ကြက်သီးမွေးညင်းများ ဖြန်းဖြန်းထလာရသည်၊ ဦးကျော်သိန်းအဖို့ တုန်လှုပ်ချောက်ချားဖွယ်ကြီး ဖြစ်နေသည်။ အကြောင်းကိုတော့ စဉ်းစားနိုင်စွမ်းမရှိခဲ့ပေ။

………………………………………
၁၃၂၄-ခု သီတင်းကျွတ်လပြည့်ကျော်-၁ရက် (၁၄၊၁၀၊၁၉၆၂) တနင်္ဂနွေည ၁၂-နာရီခန့်ဖြစ်သည်။ ဒကာဦးလှဘူးမှာ ဆရာတော်၏ ကျိန်းစက်ရာ အခန်းပြင်ဘက်အ၀၌ အိပ်ပျော်နေလေသည်။ ထိုအချိန်တွင် ထေရာသနကျောင်းဆောင် ဆရာတော်ကျိန်းစက်ရာ အခန်းတွင်း အလင်းရောင်ကြီးတစ်ခု “၀င်း”ခနဲပေါ်လာလေသည်။ ဦးလှဘူးလည်း ဖျတ်ခနဲ နိုးလာတော့သည်။ ဦးကျော်သိန်း ပြန်ပြောပြသော မန်ကျည်းပင်ပေါ်က အလင်းရောင်ကြီးအကြောင်းက အတွေးထဲ ချက်ချင်းပေါ်လာသည်၊ ထို့ကြောင့် အခြေအနေကို အသာ အကဲခတ်နေလေသည်။ ဆရာတော်နှင့် တစ်စုံတစ်ဦး စကားပြောနေသံကို သဲ့သဲ့ကြားနေရရာ၊ ဦးလှဘူးရင်ထဲတွင် “မည်သူနှင့်များပြောနေပါလိမ့်”၊ “ဘယ်လိုပုဂ္ဂိုလ်များ ဒို့ဆရာတော်ကြီးထံ လာပါလိမ့်” စသည်ဖြင့် အတွေးများစွာဖြင့် ကျပ်တည်းနေလေသည်။

…………………………….
နောက်တစ်နေ့ညတွင် မိုးကုတ်ဆရာတော်ကြီးသည် “ရထားကြီးကထွက်တော့မယ်၊ မှီရုံပဲ ရှိတော့တယ်”ဟူသော တရားတော်ကို ဟောကြားတော်မူပါသည်။ တရားအသိမ်းတွင် ဆရာတော်ကြီးက “ရထားထွက်လုနီးပြီ ဆိုတာ ရိပ်မိကြပြီလား” ဟု ပရိယာယ်ဖြင့် မိန့်တော်မူလေသည်။ “သတိ ၀ီရိယနဲ့ အိပ်ကြ၊ နိုးနိုးကြားကြား အိပ်ကြ” ဟူ၍ ၀တ်ဖြည့်စဉ်က ဆရာတော်ကြီး မိန့်ထားသည်လည်းရှိ၊ မနေ့ညက အဖြစ်အပျက်များကလည်း နိုးဆော်ထားသည်များရှိရာ ဦးလှဘူးအဖို့ ဒီညတွင်လည်း တစ်ခုခုထူးအုံးမည်လားဟူ၍ မျှော်လင့်နေမိပေသည်။ မျှော်လင့်သည့်အတိုင်းပင် ည ၁၂-နာရီခန့်တွင် ဆရာတော့်အခန်းတွင်းဆီမှ ၀င်းထိန်နေသော အလင်းရောင်ကြီးကို တစ်ချက်မျှ မြင်လိုက်ရသည်။ များစွာသိချင်နေမိသည်ဖြစ်ရာ ဦးလှဘူးလည်း ဆရာတော်ကြီး၏ အိပ်ခန်းတံခါးကို ရုတ်တရက် ဆွဲဖွင့်ပြီး လှပ်ကြည့်လိုက်လေသည်။ မည်သူတစ်စုံတစ်ဦးမျှ မတွေ့ရဘဲ၊ အိပ်ခုတင်ပေါ်၌ ထိုင်လျက်နေသော ဆရာတော်ကြီးကိုသာ တွေ့ရသည်။ သို့ဖြစ်၍ ဦးလှဘူးလည်း “ဆရာတော်…..အခုတွင်က အလင်းရောင်ကြီး မြင်လိုက်ရတယ်၊ ဆရာတော့်အသံလည်း ကြားတယ်၊ ဘယ်သူနဲ့အမိန့်ရှိနေတာလဲဘုရား”ဟု အရဲစွန့် လျှောက်ထားကြည့်သည်။ “လှဘူးရာ…..မင်း အသိသားနဲ့” ဟူ၍သာမိန့်သည်၊ အခြား စကားမဆက်သဖြင့် ဦးလှဘူးလည်း နှုတ်ဆွံ့သွားတော့သည်။ မနက်ဖြန်နှင့် သန်ဘက်ခါတွင် အလှူရှိသဖြင့် အလှူရှင်များနှင့် ဝေယျာဝစ္စသမားများမှာ ရိပ်သာအတွင်း ကျောင်းတိုင်း၊ ဇရပ်တိုင်း၌ ပြည့်ညပ်နေပါသည်။ ယခုညတွင် ဆရာတော်၏ ကျောင်းခေါင်မိုးပေါ်သို့ အလင်းရောင်ကြီး ကျသွားသည်ရော၊ မကြာခင်ပင် အလင်းရောင်ကြီး ပျံတက်သွားသည်ပါ မအိပ်သေးသူများ သိလိုက်ရလေသည်။

…………………….
၁၃၂၄-ခု သီတင်းကျွတ် လပြည့်ကျော် ၃-ရက် (၁၆၊၁၀၊၁၉၆၂) အင်္ဂါနေ့-နေ့လည်တွင် ရှင်ပြုအလှူနှင့် ကထိန်အတွက် ကြိုတင်၍ ဟောပြောရေစက်ချပေးတော်မူလေသည်။ ပန်ကာလေကြောင့် ဆရာတော်ကြီးမှာ အအေးမိပြီး အခိုးငုပ်သွားတော့သည်။ အခိုးပွင့်ဆေးကပ်ပြီးနောက် ဒေါ်တင်လှက- “ဆရာတော်ဘုရား…..ပင်ပန်းလွန်းအားကြီးပါတယ်၊ ညပိုင်းမှာ တရားမဟောပါနဲ့တော့ဘုရား”ဟူ၍ လျှောက်ထားသော်လည်း ဆရာတော်ကြီးက လက်မခံဘဲ ဟောမြဲဟောလေသည်။ ညပိုင်းတွင် ဦးလှဘူး၊ ဦးကြည်၊ ဦးချစ်စိန်၊ ဦးတင်၊ ကိုတင်ငွေ တို့မှာ ဆရာတော်ကြီးအား ၀ိုင်းဝန်းချိုးနှိပ်၊ တံတောင်ဖြင့်ထောက်ကာ အကြောလျော့အောင် ဖြေပေးခြင်း စသော ၀တ်ဖြည့်ခြင်းအမှုကို ပြုနေကြလေသည်။ ၀တ်ဖြည့်ခံပြီးနောက် ဆရာတော်ကြီးက-“အေး….နက်ဖြန် နံနက် ၅-နာရီအချိန် မင်းတို့အားလုံးလာခဲ့ကြ၊ ကြားလား၊ တင်ငွေ…မင်းတို့လည်း အိမ်မှာ ဘာကိစ္စရှိရှိ၊ ဘယ်လောက်ပင်အရေးကြီးကြီး အားလုံးလာခဲ့ကြ၊ အလုပ်ကငွေဘယ်လောက်ပဲ ရမှာဖြစ်ဖြစ်မသွားကြနဲ့၊ အကြောင်းရှိတယ်”ဟု ထူးထူးခြားခြား မိန့်တော်မူပါသည်။ ယခုအတောအတွင်းတွင် ညပိုင်းသို့ရောက်လာလေတိုင်း အားလုံးရင်ထဲ၌ ပဟေဠိဆန်သော အလင်းရောင်ကြီးနှင့်စပ်လျဉ်း၍ အထူးသဖြင့် သိချင်နေမိ၊ တွေ့ရန် စိတ်စောနေမိကြသည်။ တစ်ဦးကတွေ့လျှင် တစ်ဦးကို အသိပေးစတမ်းဟု ညှိနှိုင်းထားကြသည်။ နှစ်ရက်ဆက်တိုက် ကျရောက်ခဲ့သော အလင်းရောင်ကြီးသည် ယခုညတွင်လည် ပုံမှန်အတိုင်း ၁၂-နာရီခန့်တွင်ပင် ဆရာတော့်ကျောင်းပေါ်သို့ ဆိုက်လာလေသည်။ သတိဖြင့်စောင့်နေသော ဦးလှဘူးလည်း ယခင်ကဲ့သို့ပင် တံခါးကို ဆွဲဖွင့်ပြီး လျှောက်ထားမေးမြန်းရာ “လှဘူးရာ………မင်းကလည်း သိသားနဲ့ ထပ်ထပ် မေးနေပြန်တယ်”ဟူသော အဖြေမျှသာ ရရှိသဖြင့် ပဟေဠိဆန်သော အလင်းရောင်ကြီးနှင့် စကားပြောသံသဲ့သဲ့တို့မှာ ပဟေဠိဆန်စွာပင် သမိုင်းအဖြစ် ကျန်ရစ်ခဲ့ရတော့သည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP