အကျိုးရှိမည် ထင်သည်
ဓမ္မာစရိယဦးဋ္ဌေးလှိုင်၏ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်မှ ရွေးထုတ်တင်ပြပါသည်။ သိမ်တော်-ဆည်ကြီး တောရဆရာတော် (၁၂၄၄-၁၃၂၁) တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
လူဝတ်ကြောင် ဥပါသိကာမ ယောဂီ ပုဂ္ဂိုလ်တစ်ယောက်သည် တရားကို သက်စွန့်ကြိုးပမ်း အားထုတ်ပြီး ၀ိပဿနာဥာဏ် လွန်စွာရင့်သန် အားကောင်းလာသောအခါ ကြမ်းတမ်းသော ကိလေသာတို့သည် ကွယ်ငုပ်နေသောကြောင့် မိမိစိတ်သည် လွန်စွာစင်ကြယ်တည်ကြည်လှသဖြင့် ‘အဓိမာန’ ဖြစ်၍ မိမိကိုယ်တိုင် မဂ်လေးဆင့် ဖိုလ်လေးဆင့် ရပြီဟု ဆုံးဖြတ်ပြီးလျှင် လာသမျှ ရဟန်းရှင်လူ အပေါင်းတို့ကို တရားဟောနေရာ ရက်-လပေါင်းအတော်ကြာမှ ဆရာတော်ထံ ၀န်ထောက်ကတော် တစ်ယောက်နှင့် ထိုယောဂီ၏ အစ်မက တရားနှီးနှောရန် ခေါ်လာ၍ တွေ့ရပေသည်။
**
ကိုယ်ရုံမှာ သီလရှင်များ ကိုယ်ရုံထက် အသွေးရင့်သည်။ ဆရာတော်နှင့် အတောင်ငါးဆယ်လောက် ကွာသောအရပ်မှ လာနေသည်မှာ နာရီဝက်လောက် ကြာလိမ့်မည်ဟု ထင်ရပေသည်။ သတိပဋ္ဌာန်အချိုးကျကျ စိတ္တုပ္ပါဒ် အစဉ်အတိုင်း မှတ်၍ လာနေသည်။ ထိုယောဂီမ၏ အမူအရာမြင်ရသည်မှာ လွန်စွာ ကြည်ညိုဖွယ် ဖြစ်ပေသည်။ ဆရာတော့်ရှေ့ ရောက်သောအခါ ၀တ်ချနေသည်မှာ မပြီးနိုင်အောင်ဖြစ်ပေသည်။ ထိုယောဂီ ဥပါသိကာမလေးကို ဆရာတော်က “ယောဂီ ဥပါသိကာမလေး၊ မိမိအားထုတ်နေသော တရားများကို ကြည်ညိုလို၍ လျှောက်စေလိုသည်” ဟု အမိန့်ရှိရာ အစ-အလယ်-အဆုံး သုံးပါးလုံး ပြေပြစ်သိမ်မွေ့ နက်နဲစွာ လျှောက်တင်နေသည်မှာ နှစ်နာရီထက်မနည်း ကြာလိမ့်မည်ဟု ထင်မိပေသည်။ ဂေါတြဘူဇော၊ မဂ်ဇော၊ ဖိုလ်ဇော ဖြစ်ပေါ်ပုံနှင့်တကွ မဂ်လေးဆင့် ဖိုလ်လေးဆင့် ဖြစ်ပေါ်ပုံများပါ လျှောက်ထားလေသည် ( ဆရာတော်အထူးကြည်ညို၍ သာဓု-သာဓု-သာဓု သုံးကြိမ် ခေါ်မိလေတော့သည်)။
**
လျှောက်ထားသလောက် မဟုတ်သေးသော်လည်း ပုထုဇဉ် အနွယ်ပြတ်လောက်ပြီဟု ယုံကြည်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ၀ိပဿနာအရာမှာ ထိုမျှလောက် သိမ်မွေ့နက်နဲသော အရာဌာနများကို ချောမောစွာ သဘာဝဓမ္မကျအောင် အစ၊အလယ်၊အဆုံး အစစ်ခံနိုင်သော ပုဂ္ဂိုလ် မတွေ့ဖူးသလောက် ဖြစ်ပေသည်။ သို့အတွက် ဆရာတော်က သာဓု ခေါ်မိပေသည်။ တကယ် အစစ်ခံသည့်အတိုင်း ရဟန္တာမ ဖြစ်ခဲ့လျှင် ယခုလောက် ရက်လကြာအောင် မနေနိုင်ဟု စာနှင့် တိုက်ကြည့်ပေသည်။
*
ထို့နောက် ဆရာတော်က အနုသယ ခုနှစ်ပါးသည် ၃၁-ဘုံ၌ ခန္ဓာငါးပါးကို ဖြစ်စေတတ်သော မျိုးစေ့ အစစ်အမှန် ဖြစ်ကြောင်းနှင့်တကွ အနုသယများ၏ သဘာဝ ဓမ္မငုပ်ကိန်းပုံ ဖြစ်ပေါ်ပုံများကို သေချာကျနစွာ ဟောပြပေးသည်။ အနုသယ၏ သဘာဝ ဓမ္မများကို အလျင်က မနာဖူးသော ကြောင့် အထူးသဖြင့် သဘောကျသွားပေသည်။
*
ထိုယောဂီ ဥပါသိကာမလေးသည် တရားဟောပြီးနောက် နှစ်နှစ်လောက် ရှိသောအခါ လူတို့၏ အမူအရာပုတီး လက်ကောက်စသော အဆင်တန်ဆာများ အပြည့်အစုံဝတ်ဆင်၍ အလှူတစ်ခုမှာ သံဃာတော်များအား လှူဒါန်းနေသည်ကို ဆရာတော်ကိုယ်တိုင် တွေ့မြင်ရရာ ဆရာတော်မှာ များစွာ သံဝေဂဖြစ်မိပေသည်။ နောက်မှ စဉ်းစား၍ ‘ဘုရားလက်ထက်တော်က သောတာပန် ကျောင်းအမကြီး ၀ိသာခါ ကဲ့သို့ဖြစ်နေမလား မသိရ’ ဟု စိတ်ကို ဖြေရပေသည်။ ထို့နောက် အိမ်ထောင်ပြု၍ သားသမီးတွေနှင့် ဖြစ်ကြောင်းကို သူ၏မိတ်ဆွေ ၀န်ထောက်ကတော်ကြီးက ပြော၍သိရပြန်သည်။
**
‘မဂ်ဖိုလ်လေးဆင့်ရပြီ’ ဟု ဆရာကဆုံးဖြတ်ထားသော ရသေ့မကလေးလည်း ထိုယောဂီမကလေးနှင့်တူစွာ အိမ်ထောင်ပြုသွားသည်ကို သူ၏အစ်မရင်းက ဆရာတော်ကိုလျှောက်ထား၍ သိရပေသည်။ ဆုံးဖြတ်သောပုဂ္ဂိုလ်သည် တရားအားထုတ်နေသော ဆရာကောင်းတပည့် စာတတ်ပုဂ္ဂိုလ်ဖြစ်၍ ဆရာတပည့် ‘မဂ်လေးဆင့်ရပြီ’ ဟု သဘောတူ ဆုံးဖြတ်ထားသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။
**
သို့အတွက် ယခုအခါ တရားအားထုတ်ကြသော ယောဂီ ပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့သည် ယခုရေးသားဖော်ပြခဲ့သော အချက်ကြီးများကို သတိတရားကြီးစွာထား၍ စဉ်းစားကြစေလိုသည်။ ဆိုခဲ့ပြီးသော အရာမျိုး၌ ဆရာရော တပည့်ပါ သဘာဝဓမ္မကို ပိုင်ပိုင်နိုင်နိုင်သိဖို့ရန် လွန်စွာခဲယဉ်းလှပေသည်။ ထို့ကြောင့် ‘ဥပရိ ပဏ္ဏာသ ပါဠိတော်၊ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်’ ကြီးများ၌ ဟောကြားဆုံးမတော်မူသော အရိယာဖြစ်ခြင်း အင်္ဂါများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားပြီးမှ မိမိသန္တာန်၌ ပယ်ပြီးသော တရားများတွင် ‘ဘယ်တရားများကို အကြွင်းအကျန်မရှိ ပယ်အပ်ပြီးလေပြီ၊ ဘယ်တရားများကား ၀ိပဿနာ ရင့်သန်နေဆဲဖြစ်၍ တဒင်္ဂအားဖြင့် ကွယ်ငုပ်နေကြသည်’ ဟု အမြင်မှန်ရအောင် ဥာဏ်ဖြင့် အဖန်ဖန် သုံးသပ်ဆင်ခြင်အပ်လှပေသည်။
********************************
အပိတ်အဆို့ အနှောင့်အယှက် ကင်းကြပါစေ၊ စစ်မှန်သောသာသနာဝယ် စစ်မှန်သော တရားဖြင့် ကောင်းစွာ အသက်မွေးနိုင်ကြပါစေ။

0 comments:
Post a Comment