မိုးကုတ်ဆရာတော်ဘုရားကြီး-၉
ဆရာတော်ဦးဝိမလသည် သက္ကရာဇ် ၁၃၀၀-ပြည့်နှစ် နတ်တော်လဆုတ် ၁၁ ရက်နေ့တွင် သက်တော် ၃၉-နှစ် ပြည့်မြောက်၍၊ သိက္ခာတော်က ၂၀-၀ါ ရသဖြင့် မဟာထေရ်ကြီးစာရင်း ၀င်လာပြီဖြစ်သည်။ မိုးတွင်းပိုင်းတွင် အမရပူရ၌ အဘိဓမ္မာများကိုချပို့၊ ဆောင်းတွင်းပိုင်းတွင် မင်းကွန်းသို့ကူး၊ နွေဦးပေါက်လျှင် ညောင်လေးပင်သို့သွား၍ တရားဟော၊ ထို့နောက် မိုးကုတ်သို့တက်၊ ဤသို့ဖြင့် ကာလများ စက်ပတ်လည်နေခဲ့ လေသည်။ ယခုနှစ်တပေါင်းလဆိုလျှင် ညောင်လေးပင်၌ ဆရာတော် တရားဟောလာခဲ့သည်မှာ ဆက်တိုက်(၉)နှစ်ပင်ရှိခဲ့ပေပြီ။ ညောင်လေးပင်မြို့မှာရှိနေခိုက် တစ်နေ့သော ညအခါတွင် ဆရာတော်သည် ထူးဆန်းစွာသော အိပ်မက်တစ်ခု မြင်မက်တော်မူသည်။
အိပ်မက်မြင်မက်ပုံမှာ- တရားပလ္လင်မြင့်ပေါ်တွင်ထိုင်၍ ဆရာတော်တရားဟောနေစဉ် ဒကာ-ဒကာမများသည် ရှေ့သို့ဝိုင်းအုံတိုးလာပြီး၊ ဆရာတော်၏ နို့အုံ ၂-ဘက်လုံးကို အလုအယက် ဆွဲ၍ အလုအယက်စို့ကြရာ၊ ဆရာတော်သည် မည်သို့မျှ မတားမြစ်ဘဲ အစို့ခံနေမိလေသည်။ ဆရာတော်သည် မမက်စဖူး ထူးဆန်းလှသော အိပ်မက်ကြောင့် အံ့အားသင့်ပြီး အမျိုးမျိုးတွေးတောနေမိလေသည်။ မနက်မိုးလင်းတွင် ညောင်လေးပင်တောရဆရာတော်ဘုရားကြီး ဦးအရိယအား သွား၍ လျှောက်ထားကြည့်သောအခါ ဆရာတော်ဘုရားကြီးက-
“ဟယ်….လက်ခမောင်းသာ ခတ်ပေရော့ဟဲ့၊ တယ်ကောင်းတဲ့ နိမိတ်ပါ့လား မောင်ပဉ္စင်းရဲ့၊ ဟင်…။ ” “ဒီအတိတ်နိမိတ်က မောင်ပဉ္စင်းရဲ့ သစ္စာတရား အမြိုက်နို့ချိုတွေကို တိုင်းသူပြည်သား ဒကာ-ဒကာမများက ၀ိုင်းအုံသောက်စို့ကြမယ့် အဓိပ္ပါယ်ပဲကွယ့်။ မကြုံစဖူး ထူးထူးကဲကဲ၊ သိပ်ကောင်းတာပဲ၊ မပေါ့ပါနဲ့ မောင်ပဉ္စင်းရဲ့၊ ကြိုးစားပြီးတရားကိုသာ အားထုတ်ပါတော့” ဟူ၍ လေးလေးနက်နက် တိုက်တွန်းတော်မူလေသည်။
***
ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာပြည်ဖက်သို့ ကူးစက်လာသော အခါ အခြေအနေအရပ်ရပ်တို့သည် လှုပ်လှုပ်ရွရွဖြင့် မငြိမ်မသက် ဖြစ်လာကြသည်။ စစ်မီးက ပိုမိုတောက်လောင်လာသောအခါ တရားပွဲများလည်း မကျင်းပနိုင်တော့သဖြင့်၊ ဆရာတော်လည်း ဘယ်မှ မကြွနိုင်ဘဲ တရားပွဲများ ပြတ်လပ်သွားခဲ့သည်။ မြို့ပေါ်၌ စာသင်သား သံဃာတော်များလည်း တဖြည်းဖြည်းနည်းပါးလာကြပြီး၊ တောရွာများသို့ ပြန်သွားကုန်ကြသည်။ ထိုသို့အခြေအနေတွင်ပင် ဆရာတော်သည် ကျောင်းတိုက်အတွင်း ကျောင်းစောင့်ကိုယ်တော်တစ်ပါးစ-နှစ်ပါးစနှင့်အတူကျန်ရစ်ပြီး၊ ဘေးလွတ်ရာပင့်သောအခါတွင်လည်း ငြင်းဆန်နေလေသည်။ ထို့ကြောင့် ဒကာ-ဒကာမများမှာ အမရပူရ-ပွဲတော်ရပ်သို့ ဇွတ်ပင့်ရပြီး၊ ထိုနေရာသည်လည်း စိတ်မချရပြန်သောအခါ မင်းကွန်း မိုးကုတ်ချောင်သို့ ပင့်ကြပြန်လေသည်။ သို့ရာတွင် စစ်မီးတောက်ကြီးသည်ကား မြန်မာတစ်ပြည်လုံး ပြန့်နေပြီဖြစ်ပါသည်။
***
ထိုအချိန်တွင် ကျောင်းဒကာကြီးဦးလယ်သည် စိတ်မချနိုင်လွန်း၍ ကိုယ်တိုင်ဆင်းလာပြီး ဆရာတော့်သတင်းကို အမရပူရတွင် စုံစမ်းရာ၊ မင်းကွန်း မိုးကုတ်ချောင်ရောက်နေကြောင်း သိရသဖြင့်၊ မင်းကွန်းသို့လိုက်လာပြီး မိုးကုတ်သို့ မရ-အရ ပင့်လေသည်။ ထို့ကြောင့် ဆရာတော်ဦးဝိမလသည် ၁၉၄၂-ခုနှစ်၊ မတ်လတွင် မိုးကုတ်မြို့သို့ စစ်ဘေးခိုရန် ရောက်လာရတော့သည်(သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၃-၀ါရှိနေပြီ ဖြစ်ပါသည်)။ သို့ရာတွင် မိုးကုတ်မြို့လေးသည်လည်း ခေတ္တမျှသာ အေးချမ်းသလိုရှိခဲ့သည်၊ မကြာမမြင့်မီတွင်ပင် ကောင်းကင်ပြင်တွင် ၀ဲပျံနေသော ဂျပန်လေယာဉ်များ ရှိလာသည်။ ဘယ်အချိန်ဗုံးကြဲမည် မသိရသော အထိတ်တလန့်အနေအထားကို မိုးကုတ်သူ၊ မိုးကုတ်သားတို့ပါ စတင်ခံစားရလေပြီ။
***
မိုးကုတ်ရှိ ပစ္စည်းရှိသူအများစုတို့သည် တောရွာများသို့ ပုန်းအောင်းခိုလှုံရန် ပြင်ဆင်ကြတော့သည်။ ကျောင်းဒကာကြီး ဦးလယ်၊ ဒေါ်သိုင်းခြုံတို့လည်း နန်းနွဲ့ရှိုချောင်သို့ ပုန်းအောင်းရန်ပြင်ကြလေသည်။ ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံတို့ မိသားစုကား တခြားသို့ ပြောင်းရွှေ့ခိုလှုံရန် ဆုံးဖြတ်ကြသည်။ အားလုံးက ဆရာတော်ဦးဝိမလကို တပါတည်းလိုက်ဖို့ ပင့်ကြသည်။ ဆရာတော်ကား ခေါင်းမာပုံရသည်၊ ချန်နေရစ်ခဲ့သည်။ သို့သော် ဆရာတော် ကျန်နေရစ်ခဲ့သော မိုးကုတ်မြို့၏ အခြေအနေကား ပိုမိုစိုးရိမ်ဖွယ်များ ဖြစ်လာသည်၊ လေယာဉ်ပျံ လာလာဝဲသည့် အကြိမ်ရေလည်း များသထက်များလာသည်။ ထိုအခါ ကျောင်းဒကာကြီး ဦးလယ်၊ ဦးဘိုးလုံ၊ ဘော်ပတန်းရွာမှ ဒကာမကြီးဒေါ်ကြီးတို့မှာ ဆရာတော်အတွက် မည်သို့မျှ ရတက်မအေးရတော့ပေ။ ထို့ကြောင့် ဆရာတော့်ထံလာပြီး ၀ိုင်းဝန်းလျှောက်ထားကြရာ၊ ဆရာတော်ဦးဝိမလသည် ၁၃၀၄-ခု၊ နယုန်လဆုတ် (၁၉၄၂-ခုနှစ်၊ ဇွန်လ) တွင် မိုးကုတ်မြို့မှ ၄-မိုင်အကွာတွင် ရှိသော ဘော်ပတန်းရွာလေးသို့ ဒကာ-ဒကာမများနှင့်အတူ လိုက်ပါတော်မူသည်။

0 comments:
Post a Comment