* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 5, 2009

တစ်ခါတုန်းက…

တစ်ခါတုန်းက…

ဆယ်တန်းကျောင်းသားဘ၀က ဖြစ်ပျက်ခဲ့တာတစ်ခု ဖြစ်သည်။ ရေနံချောင်းမြို့၊ ပညာလွင်ဘော်ဒါတွင် ပညာသင်ကြားခဲ့စဉ်က ဖြစ်ပါသည်။ ပညာလွင်ဘော်ဒါသည် မြို့၊လူနေရပ်ကွက်နှင့် အတော်လေးသီးခြား ဆန်သော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ဘော်ဒါနှင့်ကပ်လျက်ချိုင့်ဝှမ်းထဲတွင် ဥာဏ်တော်မြင့်သော စေတီကြီးတစ်ဆူ တည်ထားပါသည်။ ဥာဏ်တော်က အတော်လေးမြင့်သည့်အတွက် ချိုင့်ဝှမ်း၏ အပေါ်ဖက်ထိ ထိုးထွက်နေပါသည်။ ထိုဘုရားပရ၀ုဏ်အတွင်းရှိ တစ်ခုသော ဇရပ်ငယ်လေးသည် ကျွန်တော့်အတွက် ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ စသည်တို့ကို အော်ဟစ်ကျက်မှတ်ရာ နေရာကလေးဖြစ်ပါသည်။ စာမေးပွဲနီးလာပြီဖြစ်သဖြင့် သူသူငါငါ အားကုန် စာကြည့်နေကြသည်၊ ဟိုတောင်ကုန်းကြည့်လိုက်လည်း လူစုစု၊ ဒီဖက်ချောက်ထဲ ၀င်ချောင်းလိုက်လည်း လူစုစုဖြစ်နေကြရာ၊ ကျွန်တော့်ဇရပ်ကလေးတွင်လည်း လူပြည့်နေပါသည်။

စာကျက်စရာ ချောင်တစ်ခုရှာရင်းဖြင့် လိုဏ်ဂူတစ်ခုကို သွားတွေ့သည်၊ အတွင်းက အတော်လေးမှောင်နေပါသည်။ သို့ရာတွင် လူသူဆိတ်ငြိမ်နေသောကြောင့် ၀င်ကြည့်လိုက်ရာ၊ အတွင်းဖက်တွင် ဆင်းတုတော်တစ်ဆူကို ဖူးတွေ့ရသည်၊ ထိုနေရာတွင် မီးလုံးမှိန်မှိန်ကလေး ထွန်းထားသည်၊ ကြမ်းပြင်တွင် အဓိဋ္ဌာန် ကျောက်တုံးလည်းရှိသည်။ ဘုရားကို အရင်ဦးချပြီးမှ စာကျက်တော့မည်ဟု စိတ်ကူးရင်း ဦးစွာ ရှိခိုးဦးချလိုက်ပါသည်။ ကျွန်တော့်မှာ အကျင့်တစ်ခုရှိသည်၊ ဆင်းတုတော်ပဲဖြစ်ဖြစ်၊ စေတီပဲဖြစ်ဖြစ် ၀တ်မပြုမီဖြစ်စေ၊ ၀တ်ပြုပြီးဖြစ်စေ စိုက်၍ကြည့်နေတတ်သော အကျင့်ဖြစ်သည်။ ယခုလည်း ၀တ်ပြုပြီးသည်နှင့် ဆင်းတုတော်ကို ငေးပြီးကြည့်နေမိသည်။ မျက်လုံးတော်က အတော်လေး အသက်ဝင်လှသည်၊ စူးစူးရှရှလည်း ရှိလှသည်။ ကျွန်တော့်ရင်ထဲတွင် တစ်မျိုးကြီးဖြစ်နေသည်၊ ထို့နောက် အဓိဋ္ဌာန်ကျောက်တုံးကိုတစ်ချက် လှမ်းကြည့်မိသည်။ ငါ…….. အဓိဋ္ဌာန်ကြည့်ရင် ကောင်းမလားဟု…..အတွေးဖြစ်လာသည်။ ———


ဆင်းတုတော်က ဆိုခဲ့သည့်အတိုင်း တစ်ကယ့်ကို အသက်ဝင်လှသဖြင့်၊ ကျွန်တော့်မှာဖြင့် ငေးမောပြီးကြည့်နေမိတာ အကြာကြီးပါပဲ။ ကြည်ညိုတဲ့စိတ်တွေ ဖြစ်နေတယ်ထင်ပါရဲ့၊ အခုအချိန်မှာ ငါ..အဓိဋ္ဌာန်ရင် ကျိန်းသေပေါက်အမှန်ဖြစ်မှာပဲ ဆိုတာအထိ ဖြစ်လာတယ်။ ဒါနဲ့… လွယ်ထားတဲ့ ကျောင်းလွယ်အိတ်ကို ဘေးမှာ အသာချထားလိုက်တယ်၊ ရှေးဦးစွာ ယောက်ယက်ခတ်နေတဲ့ မိမိစိတ်ကို ငြိမ်သက်သွားအောင် ကြိုးစားပါတယ်၊ ပြီးတော့ ဆင်းတုတော်ကို ထိခြင်းငါးပါးနဲ့ တစ်ကြိမ်၊ ဦးချလိုက်ပါတယ် (စကားမစပ်ဗျာ၊ နောက်မပြောဖြစ်မှာစိုးလို့၊ ကြားဖြတ် ။ ။ ဦးချတယ်ဆိုတဲ့ ဟာလေးကို ကျွန်တော်သိပ်သဘောကျတယ်၊ ဦးခေါင်းကို မြေမှာညွတ်ချလိုက်တာဟာ……. ကိုယ့်ရဲ့မာန်ကို အောက်ဆုံးထိချလိုက်တဲ့ သဘောဖြစ်နေသလိုပါပဲ)။

ကျွန်တော်က ရွတ်ဖတ်မှုနဲ့ပက်သက်ရင်၊ “သြကာသရယ်၊ နမောတဿရယ်၊ ငါးပါးသီလခံတာရယ်၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိရယ်” ဒါပဲရတာဗျ။ ရထားသလောက်လေးကို အားရပါးရ ရွတ်လိုက်တယ် (ဋ္ဌာန်ကရိုဏ်းကျကျကို ရွတ်ပစ်တာ)။ ကျွန်တော့်သဒ္ဓါအားက တစ်အားကောင်းနေတယ် ထင်ပါရဲ့ဗျာ၊ ကျွန်တော်ရွတ်ဖတ်လိုက်တဲ့ အသံက ကြည်ထွက်ပြီး၊ လိုဏ်ဂူထဲမှာ ပဲ့တင်ပြီး ဟိန်းနေတယ်။ တစ်ကယ်ပါဗျာ…..ကိုယ့်အသံ ကိုယ်တောင်ပြန်ပြီး ကြည်ညိုမိပါသေးသည်။ သြော်…….. အဓိဋ္ဌာန်လို့ရတာ ဒါကြောင့်ကိုးလို့၊ နားလည်စေချင်လို့၊ ကျွန်တော် ပြောတတ်သလို ပေါ်လွင်အောင် ပြောနေရတာပါ။ ပီတိတွေတစ်အားဖြစ်နေတယ်။ တရိုတသေရွတ်ဖတ်လည်းပြီးရော၊ ထိခြင်းငါးပါးနဲ့ သေသေချာချာ ဦးသုံးကြိမ်ချလိုက်တယ်။ အဓိဋ္ဌာန်ကျောက်တုံးကို ငေးကြည့်ရင်း၊ မိမိကိုယ်ကို နောက်ဆုံးအနေနဲ့ သေချာမေးတယ်၊ မင်း…..ယုံရဲ့လားလို့။ သေချာတယ်၊ လုံးဝယုံနေတယ်။ လေးလေးနက်နက် အဓိဋ္ဌာန်ကြည့်မယ်ဆိုပြန်တော့၊ မလုပ်တတ်ပြန်ဘူး ဖြစ်နေတယ်။ မှန်သောသစ္စာစကား ဆိုရသေးလား၊ အင်း.. အဓိဋ္ဌာန်မယ်ဆိုရင်တော့၊ ပိုပြီး သေချာအောင် နှစ်ပြန်လောက် လုပ်သင့်တယ်ကြားဖူးတယ်ရယ်နဲ့………. လူက ဇဝေဇ၀ါတော့ဖြစ်နေမိသေးတယ်။ မှန်သောသစ္စာစကားကို ကျွန်တော်ပြောခဲ့လေသလား ဆိုတာတော့ အခုနေခါ မမှတ်မိတော့ဘူးဗျာ၊ မသေချာလို့ ဒီကိစ္စကိုတော့ ချန်ထားလိုက်တော့မယ်။ ကျွန်တော်မှတ်မိသလောက်ပြန်ပြောရရင်တော့-

“အရှင်ဘုရား………တပည့်တော်သည်၊ ယခုဘ၀တွင် အင်ဂျင်နီယာတစ်ယောက်ဖြစ်မည်ဆိုပါက ဤအဓိဋ္ဌာန်ကျောက်တုံးသည်… တပည့်တော်…ဘယ်လိုပဲ မ..မ၊ ဘယ်လောက်ပဲ ကြိုးစားပြီး မ….မ၊ ဘယ်လိုမှ မ၍ မရအောင် လေးလံနေပါစေသား”

တစ်ပြန်အားဖြင့်-

“အရှင်ဘုရား……….တပည့်တော်သည်၊ ယခုဘ၀တွင် အင်ဂျင်နီယာတစ်ယောက်ဖြစ်မည်ဆိုပါက၊ ဤအဓိဋ္ဌာန်ကျောက်တုံးသည် အလွယ်တကူ မ၍ရအောင် လွန်စွာပေါ့ပါးနေပါစေသား”

အဓိဋ္ဌာန်ကျောက်တုံးရဲ့ အရွယ်အစားက ငယ်တယ်လည်းမဟုတ်၊ ကြီးတယ်လည်းမဟုတ်၊ အလတ်စားပါ၊ အလေးချိန်ကလည်း ပုံမှန်ပါ။ မျက်လုံးကို အသာလေးမှိတ်၊ စိတ်အာရုံကို စုစည်းပြီး……လေးလံနေပါစေလို့ အဓိဋ္ဌာန်ပြီး…….ကျောက်တုံးကို မလိုက်တဲ့အခါ……လေးလိုက်တာဗျာ၊ ဘယ်လို လေးမှန်းကိုမသိဘူး၊ စောစောက လက်ထဲမှာ ဆပြီး ချိန်ကြည့်နေတဲ့ ကျောက်တုံးက အခုကျတော့ လေးလိုက်တာ။ ငါစိတ်ထင်လို့များလား။ ပိုပြီးအားစိုက်ပြီး မ..ကြည့်တယ်၊ မရဘူး။ အားကုန် မ..တယ်၊ မရဘူး။ အားမရလို့ ဒူးထောက်ထားတာရာက၊ ဒူးတစ်ဖက်ထောင်ပုံစံမျိုးနဲ့ ကြွပြီး မ…ကြည့်တယ်၊ မရဘူး။ ဒီလောက်တောင်မလို့မရတာ ကြိုက်သလိုပုံစံနဲ့ မ…မယ်ကွာဆိုပြီး၊ ကုန်းကုန်းကွကွကြီးနဲ့ မ…တယ်၊ လုံးဝကို မကြွတာဗျို။ ကျွန်တော် တစ်အားကြီးကို အံ့သြမိတယ်၊ အဓိဋ္ဌာန်လို့ တစ်ကယ်ရတာပဲ၊ အံသြစရာကောင်းလိုက်တာ၊ သူများတွေကိုလည်း သိပ်ပြောပြချင်တာပဲ။ နေပါအုံးလေ၊ နောက်တစ်ကြိမ် ထပ်ပြီး အဓိဋ္ဌာန်ကြည့်အုံးမှပါ။ ဒီတစ်ခါတော့……..ဆန့်ကျင်ဖက်ပေါ့လေ၊ ထူးပြီးပေါ့နေပါစေဆိုပြီး အဓိဋ္ဌာန်တာပေါ့။ ရင်ထဲမှာ တုန်ခါသွားရလိုက်ရတဲ့ဖြစ်ခြင်း။ ပေါ့လိုက်တာဗျာ၊ ပေါ့လိုက်တာမှ အသာလေး ဆ..ဆပြီး မြှောက်ကြည့်လို့တောင်ရသေးတယ်။ လူက ဘယ်လိုကြီးဖြစ်သွားမှန်းကို မသိပါဘူးဗျာ၊ အံ့သြတာတွေရော၊ ပီတိတွေဖြစ်ပြီြး ကက်သီးထတာတွေရော၊ တစ်ကယ်ဖြစ်ပါ့လားရယ်နဲ့……… အိုဗျာ……. ခံစားမှုတွေက ရောနေလို့ ဘာပြောပြရမှန်းတောင် မသိတော့ပါဘူး။ နောက်တော့ ……… စာကျက်ရမယ့် ကိစ္စရှိသေးလို့ လိုဏ်ဂူနံရံကို မှီပြီး စာကျက်နေလိုက်တယ်။ စာသာကျက်နေရတယ်………စိတ်တွေကတော့ စောစောကအဖြစ်အပျက်တွေဆီ ပြန်ပြန်ပြေးလို့နေပါတော့တယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP