သာသနာ့အတွင်းပိုး
ဗုဒ္ဓဘာသာဝင်တိုင်းဟာ သာသနာတော်မြတ်ကြီးကို ရေရှည်တည်တံ့ခိုင်မြဲဖို့ သာသနာ့အတွင်းပိုးကိုလည်း ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ သာသနာ့အတွင်းပိုးဆိုတာ ယခုခေတ်ကာလ လုပ်စားနေကြတဲ့ ဘိုးတော်၊ဗေဒင် အိမ်ဦးတင်နေကြတဲ့ ကိစ္စပဲဖြစ်ပါတယ်။ အဲဒီအယူအဆတွေဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို တိုက်ရိုက်မဖျက်စီးနိုင်ပေမဲ့ ဗုဒ္ဓအယူဝါဒကို ကိုးကွယ်ယုံကြည်တဲ့နေရာမှာ သန့်ရှင်းကြည်လင်မှုမရှိနိုင်တဲ့အတွက် သာသနာပျက်စီးရာ၊ပျက်စီးကြောင်း လမ်းမှားတွေပဲဖြစ်ပါတယ်။
ထေရဝါဒဗုဒ္ဓသာသနာဆိုတာ-
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္တိ၊ ဘုရားမှတပါး ကိုးကွယ်ရာမရှိ
ဓမ္မော မေ သရဏံ အညံ နတ္တိ၊ တရားမှတပါး ကိုးကွယ်ရာမရှိ
သံဃော မေ သရဏံ အညံ နတ္တိ၊ သံဃာမှတပါး ကိုးကွယ်ရာမရှိ ဆိုတာတွေပဲ ဖြစ်ပါတယ်။
ထေရဝါဒ ဗုဒ္ဓသာသနာစစ်စစ်ဟာ ရတနာသုံးပါးမှတပါး အခြားထွေထွေရာရာတွေကို ကိုးကွယ်စရာမလိုပါဘူး။ ရတနာသုံးပါးကိုသာ ယုံယုံကြည်ကြည်နဲ့ နှစ်နှစ်ကာကာကိုးကွယ်ဖို့ပဲလိုပါတယ်။နတ်ကိုးကွယ်မှု၊ ဘိုးတော်ကိုအားကိုးမှု၊ ဗေဒင်ကိုအားကိုးမှု၊ ယုံကြည်မှုတွေ ရှိနေကြတဲ့အတွက် ဂေါတမမြတ်ဗုဒ္ဓကို အမျိုးမျိုးပုံစံသွင်းပြီး ခုတုံးလုပ်ခံနေတာဟာ ရင်နင့်စရာကောင်းလှပါတယ်။
အချို့သောနေရာများနှင့် ဂျာနယ်မဂ္ဂဇင်းတွေမှာ အခါအားလျော်စွာတွေ့ရတက်ပါတယ်။ ဆင်ခံဘုရား၊ အင်းခံဘုရား၊ မြွေဘုရား၊ လက်ခြောက်ချောင်းဘုရား စတဲ့ဆင်းတုတော်အမျိုးမျိုးတွေဟာ ဘိုးတော်၊ဗေဒင်တွေရဲ့ လက်ချက်သာဖြစ်ပါတယ်။ ဘာသာရေးအားနည်းတဲ့ တချို့တွေဟာ မိရိုးဖလာထုံးထမ်းစဉ်လာ ယုံကြည်မှုဆိုပြီး လာဘ်၊လာဘတိုးတက်အောင် ဘိုးတော်၊ဗေဒင်၊မယ်တော်၊ဝိဇ္ဇာ၊နတ် စတာတွေရဲ့ ကိုးကွယ်မှု နောက်လိုက်နေကြတာအင်မတန် ရှက်စရာကောင်းလှပါတယ်။ဘာသာရေး အားနည်းသူအဖြစ်ရော၊ ကိုယ်ဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်ရော ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေပါတယ်။တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။
အလျှင်းသင့်၍ ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ဟောကြားတဲ့ မိရိုးဖလာဗုဒ္ဓဘာသာနှင့် တကယ့်ဗုဒ္ဓဘာသာ တရားတော်ကိုနာယူပါလို့ တိုက်တွန်းလိုပါတယ်။ညာဘက်မှာရှိတဲ့ ဆရာတော်များ ဟောကြားသော တရားတော်များလင့်ကနေ နာကြားနိုင်ပါတယ်။ဒီလိုအယူအဆတွေဟာ အချိန်ကြာလာတဲ့အခါ ခိုင်မြဲသွားပြီး နောင်လာနောင်သားတွေအဖို့ အင်မတန်မှ ရင်လေးစရာကောင်းလှပါတယ်။
ဒီအခါမှာ အသိအမြင်လွဲမှားတဲ့ နောင်လာနောင်သားတွေအဖို့ ဘာသာရေးအသွင်ကို ကူးပြောင်းသွားတက်ပါတယ်။ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အဲဒီလွဲမှားတဲ့ အယူအဆများကို မိမိတို့ရင်သွေးငယ်များကပါ လက်ခံယုံကြည် ကျင့်သုံးသွားမယ်ဆိုပါက ရရှိလာမဲ့အကျိုးဆက်ကတော့ ဗုဒ္ဓဘာသာရဲ့ ပျက်စီးရာ ပျက်စီးကြောင်းဖြစ်တဲ့ အနီးကပ်ဆုံး အန္တရာယ်ပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်အနေနဲ့ အမှားကိုအမှားမှန်းသိပါလျက် ရှေ့ဆက်မှားနေဦင်္းမယ်ဆိုပါက “ပိုးဖလံမျိုး မီးကိုတိုး” ဆိုသလို ကိုယ်ကျိုးနည်းရမှာက မိမိတို့သာလျှင်ဖြစ်ပါတယ်။ မှားသောအယူကိုယူခြင်းဟာ မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိဟာ အကုသိုလ်စာရင်းတွေမှာ ပါဝင်တဲ့အတွက် အပြစ်နဲ့တကွဖြစ်ခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်း စတဲ့ဆိုးကျိုးတွေကိုသာ ဖြစ်စေပါတယ်။
ကောင်းမွန်မှန်ကန်တဲ့ အယူကိုယူခြင်းဟာ သမ္မာဒိဋ္ဌိဖြစ်ပါတယ်။ သမ္မာဒိဋ္ဌိဟာ ကုသိုလ်စာရင်းမှာပါဝင်တဲ့အတွက် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းများကို ဖြစ်စေပါတယ်။ ကောင်းကျိုး၊ မကောင်းကျိုးပေးတယ်ဆိုတဲ့ နေရာမှာ ပစ္စုပ္ပန်၊ သံသရာနှစ်မျိုးရှိပါတယ်။ တချို့ကျတော့ ယခုပစ္စုပ္ပန်ဘဝကတည်းက ကောင်းကျိုး၊ မကောင်းကျိုးတွေကို ခံစားရပါတယ်။ တချို့ကျတော့ နောင်သံသရာဘဝတွေ ရောက်မှသာ ခံစားရပါတယ်။
ဒါကြောင့်မို့ ပစ္စုပ္ပန်လုပ်ဆောင်ချက် မှန်ကန်ဖို့ အရေးကြီးပါတယ်။ပစ္စုပ္ပန်လုပ်ဆောင်ချက် မမှန်ကန်ဘူးဆိုရင် သံသရာအတွက်ပါ နစ်မွန်းစရာဖြစ်သွားတက်ပါတယ်။ဘိုးတော်၊ ဘွားတော်၊ နတ်ကတော်၊ ဝိဇ္ဇာ၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ သူရဿတီ၊ ရွှေ့ဖျဉ်းညီနောင် စတာတွေဟာ လူတို့အတွက် အကျိုးမဲ့ကိုသာဖြစ်စေပါတယ်။
စစ်မှန်တဲ့ရတနာသုံးပါးနဲ့ ကံ-ကံ၏အကျိုးကိုယုံကြည်ပြီး စည်းကမ်းတကျ လိုက်နာကျင့်သုံးမှသာလျှင် ဘဝငြိမ်းချမ်းရေးနှင့် သံသရာမှလွတ်မြောက်ရေးတို့ကို လွယ်ကူစွာလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သာသနာကိုအမှီပြုပြီး ကပ်ပါးလုပ်စားနေကြတဲ့ သာသနာ့အတွင်းပိုးများကို ဗုဒ္ဓဘာသာဝင်တိုင်း ဝေးဝေးကနေ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ စစ်မှန်တဲ့သာသနာကို တွေ့နေကြပါလျှက် အခြားသောအယူအဆများကို အားကိုးမှားနေမယ်ဆိုပါက မြွေပွေးခါးပိုက်ပိုက်သလိုမျိုး အလွန်အန္တရာယ် ကြီးလွန်းလှပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်း အခုလိုစစ်မှန်တဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေရတာဟာ သံဃာတော်များကျေးဇူး၊မိဘဘိုးဘွား ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။သံဃာတော်များ အဆက်ဆက်ရဲ့ ထိန်းသိမ်းစောင့်ရှောက်လာမှု၊မိဘဘိုးဘွား ဆရာသမားတွေရဲ့ လူမျိုးရေးနဲ့ ဘာသာရေးတွေကိုပါ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှုတို့ကြောင့် မျိုးဆက်သစ်လူငယ်တွေရဲ့ လက်အတွင်းကိုလည်း ယခုလို တာဝန်ကျေပြွန်စွာ ပေးဆပ်နိုင်ခဲ့ကြပါတာဖြစ်ပါတယ်။
အဲဒီလိုပါပဲ။ မျိုးဆက်သစ်လူငယ်တွေကလည်း မိမိတို့လက်ဝယ်အတွင်း ရောက်ရှိနေတဲ့ အမျိုးဘာသာ သာသနာကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို နောင်လာမဲ့ မျိုးဆက်သစ်လူငယ်များထံကိုလည်း စစ်မှန်တဲ့ အယူဝါဒ၊ ထေရဝါဒသာသနာတော်ကို သံသယကင်းရှင်းစွာ၊ ကိုးကွယ်ဆည်းကပ်နိုင်အောင် ပြန်လည်ပေးအပ်ရမယ့် တာဝန်ရှိပါတယ်။
အဲဒီလို တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း မှန်မှန်ကန်ကန် လက်ဆင့်ကမ်းကာ သယ်ဆောင်သွားမှသာလျှင် မြတ်စွာဘုရားရှင် တည်ထောင်တော်မူခဲ့တဲ့ သာသနာတော်မြတ်ကြီးနှင့် တိုင်းရင်းသားမြန်မာလူမျိုးတွေဟာ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမှာ ဖြစ်ပါတယ်။လေးလေးနက်နက်တွေးပြီး၊ လေးလေးနက်နက် လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။
ဗုဒ္ဓဘာသာဟာ လူနည်းစုကိုးကွယ်မှု့ ဖြစ်နေတာကတစ်ကြောင်း၊ ထေရဝါဒမှအသွင်ကူးပြောင်းတဲ့ လူမျိုးတစ်စု့ရဲ့မှားယွင်းမှ၊ မက်လုံးပေးမှုကြောင့်တစ်ကြောင်း၊ သာသနာတော်ကို ဆထက်တပိုး ထောက်ပံ့မှု၊ ပြန့်ပွားမှု၊ ဖြန့်ဝေမှု၊ လက်ဆင့်ကမ်းမှု နည်းသေးတာကတစ်ကြောင်း၊ သာသနာကိုခုတုံးလုပ်ပြီး ကပ်ပါးလုပ်စားနေကြတဲ့ သာသနာ့အတွင်းရန်ကြောင့် တစ်ကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံမှာ ကြီးပြင်းပြီး အသိဉာဏ်ကင်းမဲ့တဲ့ အုပ်ချုပ်သူလူတန်းစားရဲ့ ထင်ရာစိုင်းမှုကြောင့် တစ်ကြောင်းကြောင့် သာသနာဟာ ရင်လေးစရာကောင်းလှပါတယ်။
ဒါကြောင့် ကိုယ်နိုင်တဲ့ဘက်ကနေ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြပါ။ ဘယ်နိုင်ငံ၊ ဘယ်အရပ်မှာနေနေ ကိုယ့်ဘာသာ၊ သာသနာကို ပြန့်ပွာအောင်၊ တိုးတက်အောင် ကိုယ်ကိုယ်တိုင် အရင်သိအောင်လုပ်ပြီး မြတ်ဗုဒ္ဓသာသနာတော်ကို တန်ဖိုးထားကြပါ၊ ထောက်ပံ့ကြပါ၊ ဂုဏ်ယူကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
အရှင်ပညောဘာသ(အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ စာအုပ်မှ)

0 comments:
Post a Comment