* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 31, 2009

သိအပ်သည်ကို သိစေအပ်၏

မိမိသန္တာန်၌ တစ်ခုခုသော အာရုံကို အကြံအစည်ပြု၍နေလေရာ ရှေးရှေးဖြစ်သောစိတ်အစု ခဏမစဲချုပ်ကွယ်၍ နောက်နောက်ဖြစ်သောစိတ်အစု ခဏမစဲ အသစ်အသစ် ဖြစ်ပေါ်ပြောင်းလဲခြင်းရှိပါသော်လည်း ရှေ့စိတ်နောက်စိတ် အခြားဟူ၍ မထင်ပြီ။
  • တစ်နေ့လုံးပင် ကြံစည်၍နေသော်လည်း စိတ်တစ်ခုတည်းသာ ထင်ရ၏။
  • တစ်သက်လုံးမှာပင် စိတ်တစ်ခုတည်းသာထင်ရ၏။
  • ထို့ကြောင့်ပင်လျှင် စိတ်၌ ”နိစ္စ-ဒိဋ္ဌိ အယူ” ခိုင်မြဲလျက် ရှိနေကြ၏ဟု လယ်တီဆရာတော်ဘုရားကြီးက ရေးသားဖော်ပြ ထုတ်ဖော် ထောက်ပြ၏။
ဤသို့ အခြားမရှိဆက်စပ်၍ တစ်စဉ်တည်း တစ်ဆက်တည်း တည်နေသော ရုပ်နာမ်ဓမ္မစဉ်ကို သူ၊ ငါ၊ ယောက်ျား၊မိန်းမ သတ္တဝါဟု တို့များ ပညတ်ပေးကြ၏။
ပညတ်သည် အရှိမဟုတ်၊ လောကအခေါ်ဝေါ် အမည်နာမသာဖြစ်၏။
” ထိုနာမ ကို သဘာဝ ဟု မယူသင့်ပေ။”
သဘာဝဓမ္မသည်ကား အပေါ်၌ဖော်ပြခဲ့သော အခြားမရှိဆက်စပ်၍ တစ်စဉ်တည်း တစ်ဆက်တည်း တည်နေသော ရုပ်နာမ်ဓမ္မစဉ်သာဖြစ်၏။ ဤကားအရှိတရားဖြစ်၏။ ဤ
”အရှိကို အရှိတိုင်းသိ၍ ဤအရှိတရားအစဉ်၌လည်း ခဏမစဲဖြစ်ပျက် သင်္ခါရဓမ္မသဘော သဘာဝ ရှိသည်ကိုပါ ထိုးထွင်း၍သိစေ၊ ပိုင်းခြား၍သိစေအပ်၏။”
ထိုသို့ သိအပ်သည်ကို သိအပ်ခြင်းအကျိုးသည့် ”အနိစ္စကို နိစ္စဟု ယူမှားခြင်း”-” မှတ်သားခြင်း” ”သိခြင်း” ဟူသော မှားယွင်းဖောက်ပြန်သည့်အယူဝါဒမှ ကင်းလွတ်ရသည့် အကျိုးကျေးဇူးကို ဖြစ်စေ၏။
ထိုသို့ သိအပ်သည်ကို မသိသည်ရှိသော် ဤသို့ မှားယွင်းဖောက်ပြန်စွာ ခံယူသုံးသပ်သည့်အမှားသည် မှားယွင်းဖောက်ပြန်မှု၏ အကျိုးအပြစ်ကို ကျရောက်ရ၏။
ထိုအပြစ်ကား ယခုဘဝအဆုံး နောက်ဘဝ၌ အပယ်ပဋိသန္ဓေကို မချွတ်ဧကန်ရစေအပ်သည်။ ဤကား အဝိဇ္ဇာ ဟုဆိုအပ်သော အမှန်တရားအား ထိုးထွင်းမသိ၊ ပိုင်းခြားမသိသည့် မျက်ကန်းတရားဦးဆောင်မှု၏ ကျေးဇူးပြုခြင်းလက်ချက်ပေတည်း။
မမြဲသော အနိစ္စရုပ်နာမ်ဓမ္မ၌ အနိစ္စလက္ခဏာသဘော သဘာဝရှိသည်ကို သိသောသူသည်၊ ဆင်းရဲသော ဒုက္ခရုပ်နာမ်ဓမ္မ၌ ဒုက္ခလက္ခဏာသဘော သဘာဝရှိသည်ကို သိပြီးဖြစ်၏။သိသောဉာဏ်သည် ထင်ရှားဖြစ်၏။ ထို့အတူ အစိုးမရသော အနတ္တရုပ်နာမ်ဓမ္မ၌ အနတ္တလက္ခဏာသဘော သဘာဝရှိသည်ကိုလည်း သိပြီးဖြစ်၏။ သိသောဉာဏ်သည် ထင်ရှားဖြစ်၏။ ထို့အတူ မတင့်တယ်သော အသုဘရုပ်နာမ်ဓမ္မ၌ အသုဘလက္ခဏာသဘော သဘာဝရှိသည်ကိုလည်း တစ်ပါတည်း သိပြီးဖြစ်၏။ သိသောဉာဏ်သည် ထင်ရှားဖြစ်၏။
ဤသို့ ရုပ်နာမ်ဓမ္မ၏ အရှိအမှန် သဘာဝလက္ခဏာတို့ကို အသိသညာဖြင့် ထင်ရှားသိရသည့်အကျိုးသည့် အမှတ်သညာ၊ အသိ၊အယူတို့ဖြင့် မှားယွင်းဖောက်ပြန်စွာခံယူမှု အမှားကို ချေပ၍ မှန်ကန်စွာသိအပ်သော သစ္စဉာဏ်ကို ကျေးဇူးပြု၏။
ဤသစ္စဉာဏ်ရှိသည့်ပုဂ္ဂိုလ်သည် ယခုဘဝအဆုံး နောက်ဘဝ၌ အပယ်ပဋိသန္ဓေမှ ကင်းလွတ်၍ ကောင်းရာသုဂတိဘဝ၌ ဆိုင်ရာ ပဋိသန္ဓေဝိညာဏ်ကို မချွတ်ရလိမ့်မည်ဖြစ်၏။ ယခုဘဝ၌ ပြုအပ်သော ကုသိုလ်၊ အကုသိုလ်အစုစုတို့နှင့် အတူတကွသော သီလ၊ သမာဓိ၊ ပညာ အမှုတို့သည် သံသရာပြတ်ရာ၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာသို့သာ ထိုရရှိသည့်ဘဝ၌ လျင်မြန်စွာ အထောက်အပံ့ကျေးဇူးပြု၍ ဆင်းရဲခြင်းဒုက္ခအပေါင်း ငြိမ်းရသည့် ချမ်းသာသုခနိဗ္ဗာန်ကို မျက်မှောက်ပြုကြရသည်သာတည်း။ ဤနေရာ၌ အကုသိုလ်အစုစုတို့ ထည့်သွင်းရေးသားထားသည်မှာ ဘုရား၊ရဟန္တာတို့မှသော်လည်း အားကြီးသော အကုသိုလ်ကံတွေကို ထိုနောက်ဆုံးဘဝ၌ ခံရသည်ကို သတိပြု၍ ထည့်သွင်းရေးသားခြင်းဖြစ်ပေသည်။
ဤကား ဗုဒ္ဓအဆုံးအမ၊ တရားအသိ၊ သံဃာအဆုံးအမ တို့မှ အနှစ်သာရ တစ်လုံးတစ်ပါဒမျှကို သိစေအပ်၍ သိအပ်သည့်အရာကို ဖော်ထုတ်ရေးသားပြသည်သာတည်း။
လေးစားစွာဖြင့်
ဝင်းမြင့်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP