*ဒိဋ္ဌေဒိဋ္ဌမတ္တံ (၂)*
မျက်မှောက်ခေတ်၏ ကင်းစကား (စကားဝှက်)မှာ “ခုရှိ ခုလုပ်” (be here now) ဖြစ်ပါသည်။ ပစ္စုပ္ပန် တည့်တည့်မှာ နေရန် နှိုးဆော်ခြင်း ဖြစ်၏။ ခုရှိနေတာ ခုလုပ် ဆိုတာကတော့ ဟုတ်ပါပြီ၊ ပြဿနာမှာ ဘယ်လို လုပ်ရမှာလဲ ဆိုသော လုပ်နည်းလုပ်ဟန် ပြဿနာ ဖြစ်ပါသည်။
ကျွန်ုပ်တို့ စိတ်သည် အတိတ်က အတွေ့အကြုံ အာရုံတွေ ပေါ်မှာ စွဲလမ်း ခင်တွယ် နေတတ်သည်။ ဖြစ်ပြီးသားတွေ ကိုသာ ပြန်ပြီး တွေးနေ တတ်သည်။ သို့မဟုတ် လျှင်လည်း ရောက်မလာ သေးသော အနာဂတ် အတွက် ကြိုတင် စဉ်းစား နေတတ်၏။ ဖြစ်လာမည့် အရေးတွေကို တွေးတောရင်း ပူပန်ရင်း ကြောင့်ကြ ရင်းသာ အချိန်ကုန်နေ တတ်ကြသည်။
ဒိဋ္ဌေဒိဋ္ဌ မတ္တံ သဘောကတော့ ယခု မျက်မှောက် ကာလကိုသာ မျက်မှောက်ရှု၊ မျက်မှောက် ဆင်ခြင်၊ ရှင်သန်သော သတိ၊ နိုးကြားသော စိတ်ဖြင့် လုပ်စရာ ရှိတာ ခုလုပ်ပြီး အသက်ရှင်ခြင်း ဖြစ်၏။ ပစ္စုပ္ပါန် တည့်တည့်မှာ တရား ထိုင်ခြင်းသည် မျက်မှောက် ဖြစ်ပျက်နေသော အခြင်း အရာများကို ကိုယ်တွေ့ ဉာဏ်တွေ့ မျက်မှောက် မျက်မြင် တွေ့ကြုံ ခံစားရအောင် အားထုတ်နေခြင်း ဖြစ်ပါသည်။
ပစ္စုပ္ပါန် တည့်တည့်မှာသာ နေပြီး ပစ္စုပ္ပါန် တည့်တည့်မှာပင် ပြီးအောင် ပြတ်အောင် လုပ်လိုက်ခြင်း ဖြစ်၏။ ပစ္စုပ္ပါန် ကိုသာ ထိတွေ့ပြီး ပစ္စုပ္ပါန် တည့်တည့်မှာသာ တုံ့ပြန်စရာ ရှိသည်ကို တုံ့ပြန် လိုက်ပြီး ပြီးလျှင် ပြီးရော သဘော ထားတတ်ရန် လိုပါသည်။
ထိုသို့ ပစ္စုပ္ပါန် တည့်တည့်ကိုသာ ရှုတတ်သော အလေ့အထ တိုးပွားလာခြင်းဖြင့် ကျွန်ုတို့သည် ၀ိမုတ္တိ သဘောကို ထိတွေ့ သိမြင် လာရတော့သည်။ ဒိဋ္ဌေဒိဋ္ဌ မတ္တံ ပစ္စုပ္ပါန် တည့်တည့်ကို အစင်အကြယ် ရှုမှုသည် စိတ်ကို အနားပေး ခြင်းလည်း ဖြစ်၏။ အလေ့အကျင့် မရသေးသော စိတ်သည် မကြာခဏ ပြန်လည် တုံ့ပြန် တတ်ပါသည်။ ဣဋ္ဌာရုံ ဖြစ်လျှင် စွဲလမ်း တပ်မက်ပြီး အနိဋ္ဌာရုံ ဖြစ်လျှင် ရှုတ်ချ ပြစ်တင် တတ်သည်။
အကြိုက်တွေ့သော အရာကို ဆုပ်ကိုင် ဖက်တွယ် တတ်ပြီး မကြိုက် မနှစ်သက်သော အရာကိုမူ တွန်းလှန် ဖယ်ရှား တတ်သည်။ ထိုစိတ်သည် လောဘဖြင့် ဖြစ်စေ၊ အစဉ်သဖြင့် ပြန်လည် တုံ့ပြန် နေရသည့် အတွက် စိတ်မှာ ဣနြေ္ဒ ညီမျှခြင်း မရှိဘဲ မောဟိုက် ပင်ပန်း နေပါတော့သည်။
ဒိဋ္ဌေဒိဋ္ဌ မတ္တံ သဘောကို အလေ့အကျင့် ဖြစ်အောင် ပြုစု ပျိုးထောင် ပြီးသော အခါ ကျွန်ုပ်တို့သည် မိမိတို့၏ အတွေးများ၊ ခံစားမှုများ၊ အခြေ အနေများနှင့် သူတစ်ပါး၏ အတွေးများ၊ ခံစားမှုများ၊ အခြေ နေများကို စိတ်ပင်ပန်းခြင်း မရှိ၊ အချစ်မရှိ၊ အမုန်းမရှိ ပကတိ ညီညွတ်သော စိတ်ဖြင့် ပို၍ ပို၍သာ နားလည် လာရ ပါတော့သည်။
ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို ကျွန်ုပ်တို့သည် ပြည့်ပြည့် ၀၀ နားလည် လာရပါသည်။ ထိုသို့ နားလည် နိုင်ခြင်းမှာ အနားရ အပန်းပြေသော ငြိမ်သက်၍ ညီမျှသော စိတ်ကြောင့်ပင် ဖြစ်ပါသည်။
ဒိဋ္ဌေဒိဋ္ဌ မတ္တံဟု ဆိုသော ဤရုပ်နာမ် ဖြစ်ပျက်များ အပေါ် သတိကပ်၍ ရှုမှတ် နေမှုသည် နံနက်ပိုင်း တရားထိုင်စဉ် ညနေပိုင်း တရားထိုင်စဉ် မှာသာ အကန့်အသတ် ထား၍ ရှုမှတ်ရသော ကိစ္စမျိုး မဟုတ်။ တရား ထိုင်နေသော အခိုက် အတန့်မှာသာ ဒိဋ္ဌေဒိဋ္ဌ မတ္တံ နည်းအရ ရှုမှတ်ရမည်၊ ကျန်သော အချိန်များ၌ ရှုမှတ်စရာ မလိုဟု စဉ်းစားလျှင် အသိဉာဏ် ပညာ အမှန်တကယ် တိုးတက် မှုကို အနှောင့်အယှက် ဖြစ်စေရုံ သာမက ကျွန်ုပ်တို့၏ ဘ၀ကိုပါ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား စေနိုင်ပါသည်။
သတိပဋ္ဌာန် တရားသည် ခဏတိုင်း ခဏတိုင်း ကိစ္စရပ်တိုင်းမှာ အသုံးကျသည်။ အမှုခပ်သိမ်း၌ သတိကို မြဲအောင် အလေး ဂရုပြုရမည်သာ ဖြစ်သည်။ ထိုင်နေစဉ်၊ ရပ်နေစဉ်၊ လဲလျောင်း နေစဉ်၊ စကား ပြောနေစဉ်၊ စားသောက် နေစဉ် ဣရိယာ ပုဒ်တိုင်းမှာ သတိကို မြဲအောင်ထားပြီး ခဏတိုင်း ခဏတိုင်း လှုပ်ရှားမှုတိုင်းကို သိနေအောင် ရှုမှတ် နေရမည်။
အရာဝတ္ထုတိုင်းကို စိတ်အခြေ အနေတိုင်းကို အရေး ကိစ္စတိုင်းမှာ သိနေအောင် ဒိဋ္ဌေဒိဋ္ဌ မတ္တံ အကျင့်ကို ထူထောင်ကြရမည်။ ခဏတိုင်းကို သတိမလစ် စေဘဲ အပြည့်အ၀ သိမြင် နားလည်လိုက်သော သူအဖြစ် မယုတ်မလျော့ စေဘဲ စိတ်ရော ကိုယ်ပါ အသက်ရှင် နေထိုင်သူများ ဖြစ်စေရမည်။ ကျားတစ်ကောင်၏ ရန်ဘေးမှ ထွက်ပြေးသော လူတစ်ယောက် အကြောင်း ပုံဝတ္ထု တစ်ပုဒ်ရှိသည်။
သူသည် လက်လွတ်ပြေးရင်း ချောက်ကမ်းပါး တစ်ခုသို့ ရောက်သွား လေသည်။ ထိုနေရာတွင် တွေ့ရသော စပျစ်ရိုင်း နွယ်ပင်တစ်ခုကို ဆွဲပြီး သူသည် ကမ်းပါးစွမ်းမှ အောက်သို့ လွှဲဆင်းလိုက် လေသည်။ ကျားသည် ကမ်းပါးစောက် အပေါ်က သူ့ကို အနံ့ခံလျက် ရှိသည်။
အခြား ကျားတစ်ကောင်က အောက်ခြေမှ သူပြုတ်ကျ လာမည့် အချိန်ကို စောင့်ရင်း ဟိန်းဟောက်ကာ သူ့ကို ဟပ်လျက် နေလေသည်။ သူက နွယ်ကြိုးကို တွဲလွဲဆွဲပြီး နေရစဉ် မှာပင် ကြွက်နှစ်ကောင်က သူ တွဲခိုနေသော စပျစ်ရိုင်း နွယ်ကြိုးကို ကိုက်ဖြတ် နေကြပြန်သည်။
ထို အခိုက်အတန့် မှာပင် သူသည် ဘေးမှာ ပေါက်နေသော စတော် ဗယ်ရီ အရိုင်းသီး များကို မြင်တွေ့ လိုက်ရ၏။ သူသည် လွတ်နေသော လက်တစ်ဖက်ဖြင့် စတော်ဗယ်ရီ သီးများကို လှမ်းဆွတ်ကာ စားလိုက်သည်။ ချိုလိုက်သည့် ဖြစ်ခြင်း။
ဒိဋ္ဌေဒိဋ္ဌ မတ္တံ၏ အခြားသော ဂုဏ်သတ္တိမှာ အချိန်ကြာကြာ လေ့ကျင့် အားထုတ်ပြီး ထူထောင်မိပြီ ဆိုလျှင် နောက်ထပ် အားမထုတ်ရ တော့ဘဲ သူ့ဘာသာသူ အလိုလို ခဏတိုင်း ကိစ္စတိုင်းကို သတိနှင့် ရှုမှတ် နေမိသော အလေ့အထ ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ သဘောမှာ လူတစ်ယောက်သည် တူရိယာ ပစ္စည်း တစ်ခုကို တီးခတ်ရန် သင်ကြားစ အခါမှာသာ သတိနှင့် ဂရုစိုက် ပြုလုပ်ရ သော်လည်း အလေ့အကျင့် ရသွားသော အခါ လိုသော အသံကို လက်က အလိုလို တီးခတ် တတ်သွား ခြင်းမျိုး ဖြစ်သည်။
ဂီတတူရိယာ အတီးအမှုတ် သင်စမှာ သင်ခန်းစာ အနည်းအကျဉ်းကို ဆရာက ပေးလိုက်သော အခါ တပည့်က ထိုင်ပြီး ထိုသင်ခန်းစာ ကိုပင် အထပ်ထပ် လေ့ကျင့် ရသည်။ စပြီး လေ့ကျင့်စ မှာတော့ လက်ချောင်း များက လိုရာ ခလုတ်ပေါ်သို့ မရောက်နိုင်ဘဲ အမှားမှား အယွင်းယွင်း တီးခတ် နေသဖြင့် မနှစ်သက်ဖွယ် ကပေါက်တိ ကပေါက်ချာ ကြောင်ကြောင် ကျားကျား အသံများ ထွက်နေ တတ်ပါသည်။ သို့သော် နေ့စဉ် ရက်ဆက် လေ့ကျင်ဖန် များလတ်သော အခါ လက်ချောင်း များက လွယ်လွယ် ကူကူ စတင် လှုပ်ရှား လာနိုင်ပြီး ဂီတ သံစဉ်မှာလည်း ပို၍ လှလှပပ ထွက်ပေါ် လာပါတော့သည်။
နောက်ထပ် ကာလ အတန်ကြာအောင် လေ့ကျင့် လိုက်သော အခါ တတ်မြောက် ကျွမ်းကျင်မှု ဖြစ်ပေါ် လာသည့်အတွက် တေးဂီတ တစ်ပုဒ်ကို တီးခတ်ရသည်မှာ အားမထုတ် ရတော့ပါ။ အပင်အပန်း မရှိဘဲ သက်တောင့် သက်သာ တီးခတ်နိုင်သော အဆင့်သို့ ဆိုက်ရောက် သွားပါပြီ။ နောက်တော့ ကိုယ်တီးလိုရာ ဂီတကို တီးမှုတ် နေခြင်းသည် ပင်လျှင် လေ့ကျင့်သလို ဖြစ်သွားပေ တော့၏။
ထိုနည်း အတိုင်းပင် ဖြစ်၏။ သတိပဋ္ဌာန် တရားကို အားထုတ်ရာ မှာလည်း အစပိုင်းမှာ နှေးကွေး နေတတ်သည်။ ခြေတစ်လှမ်းကို ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဟု မှတ်နေ ရသည်။ အစပိုင်းမှာ ဗိုက်နေရာကို မှတ်လျှင်လည်း ပိန်တယ်၊ ဖောင်းတယ်ဟု မှတ်နေ ရသည်။ အာနာပါနကို မှတ်လျှင်လည်း ၀င်တယ်၊ ထွက်တယ်ဟု မှတ်နေရသည်။ အစပိုင်းမှာတော့ အလွန်အမင်း အားစိုက်ပြီး ပင်ပင်ပန်းပန်း ကြိုးစားပြီး လုပ်ဖို့ လိုပါသည်။
သတိမြဲအောင် လုပ်သော အခါမှာလည်း သတိ လစ်ပြီးသွားမှန်း မသိလိုက်သော အခိုက်အတန့် များစွာ ရှိပါလိမ့်မည်။ အနှောင့် အယှက် အတားအဆီး နီဝရဏတွေကို ကျော်ဖြတ် နိုင်အောင် များစွာ ရုန်းကန် ကြရပါသည်။ သို့သော် စိတ်သည် တဖြည်းဖြည်း နှင့်တော့ သတိရှိလာ သတိ မြဲလာသော အလေ့အကျင့် ရလာပါသည်။
အားထုတ်မှု အရှိန် ရလာပြီး သတိ အားကောင်း လာသောအခါ သတိကပင် သူ့အလိုလို စတင် ရွက်ဆောင် လာကာ ကျွန်ုတို့မှာ အမှုခပ်သိမ်းကို သက်တော့ သက်သာ လွယ်လွယ် ကူကူ သတိနှင့် ရှုမှတ် နေပါတော့သည်။ သတိမြဲသော သဘာဝသည် ပေါ်ပေါက် လာပြီးနောက် ခဏတိုင်းကို အားမထုတ်ရဘဲ သူ့အလိုလို သိနေပါတော့သည်။
>>> ဆက်လက် ဖော်ပြပါမည်။
>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။
လေးစားစွာဖြင့်
ဖိုးသား
3/30/2009, MON:, 11:17:25 PM
http://sonesiyar.blogspot.com/ (အဖြူရောင် မေတ္တာ)

0 comments:
Post a Comment