သန္ဓေတားဆီးခြင်း၊ ဖျက်ချခြင်း
ဟိုတလောက တရုတ်ဗုဒ္ဓဘာသာမိသားစုအိမ်ကို
နေ့ဆွမ်းစားကြွဖြစ်တယ်။
အိမ်မှာ လုပ်ရိုးလုပ်စဉ်အတိုင်း ငါးပါးသီလယူ၊
သီလဆောက်တည်၊ ဆွမ်းကပ်ပါတယ်။
ပြီးတော့ မြန်မာအိမ်တွေမှာလို ရိုးရိုးကြီးမဟုတ်ပဲ
ဒကာကြီးက သူသိလိုတာတွေကို မေးမြန်းလျှောက်ထားပါတယ်။
မေးခွန်းတွေကတော့ အစုံပါပဲ။
ရီစရာကောင်းတဲ့ မေးခွန်းတစ်ခုက
လောကီအာရုံကာမဂုဏ်တွေ အင်မတန်များပြားလှတဲ့ ဒီ ၂၁ ရာစုခေတ်မှာ
လူတွေကြားမှာ နေနေတဲ့ ငယ်ရွယ်တဲ့ရဟန်းတော်တစ်ပါးအနေနဲ့
ရဟန်းဘောင်မှာ တည်မြဲနေအောင် ဘယ်လိုကျင့်ကြံနေထိုင်ပါသလဲ၊
မာတုဂါမလေးတွေနဲ့ မလွှဲသာ မရှောင်သာလို့ တွေ့ရမြင်ရတဲ့အခါတွေမှာ
ကိလေသာစိတ်တွေ ဖြစ်ပေါ်ပါသလား၊
တကယ်လို့ ကိလေသာစိတ်တွေ ဖြစ်ပေါ်လာတယ်ဆိုရင်
ဘယ်လို ကျင့်ကြံနေထိုင်ပါသလဲ တဲ့။
ဒီမေးခွန်းအတွက်
အရင်တစ်ခါရေးပြခဲ့ဘူးတဲ့ ဘုရားရှင်နဲ့ ရှင်အာနန္ဒာကြီးတို့ရဲ့ ဒိုင်ယာလော့ဂ်ကို
တရုတ်ဒကာကြီးကို ပြောပြဖြစ်တယ်။
မေး။ ။အမျိုးသမီးတွေနဲ့ပတ်သက်လို့ တပည့်တော်တို့ ဘယ်လိုကျင့်ကြံနေထိုင်ရမလဲဘုရား။
ဖြေ။ မတွေ့အောင်နေပေါ့ အာနန္ဒာ
မေး။ အကြောင်းတစ်ခုခုကြောင့် တွေ့ရပြီဆိုရင်ကောဘုရား။
ဖြေ။ စကားမပြောနဲ့ပေါ့ အာနန္ဒာ
မေး။ မဖြစ်မနေပြောရတော့မယ်ဆိုရင်ကောဘုရား။
မေး။ သတိထားပေါ့အာနန္ဒာ
On one occasion he (Ananda) approached the Buddha and asked Him:
‘’How are we conduct ourselves, Lord, with regard to womankind?’’
‘’As not seeing them, Ananda’’
‘’But if we should see them, Lord, what are we to do?’’
‘’Do not talk to them, Ananda.’’
‘’But if they shuld speak to us, Lord, what are we to do?’’
‘’Be watchful, Ananda’’
ဘုရားရှင်မိန့်တော်မူခဲ့သလို သတိနဲ့နေရကြောင်း၊
မိမိစိတ်အခြေအနေကို ကြည့်ရှုဆင်ခြင်တတ်တဲ့အလေ့အကျင့်ပြုလုပ်ထားရကြောင်း၊
စိတ်ညစ်စိတ်ဆိုးတွေ ထကြွသောင်းကျန်းလာတဲ့အခါမှာ သတိနဲ့ အခါမလတ်စောင့်ကြည့်ပြီး
ပညာနဲ့ဆင်ခြင်ထိန်းချုပ်ကြောင်းပြောပြပါတယ်။
ပြီးမှ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့
(သင်္ဂဇာဆရာတော့်ပုံပြင်လား၊ ဗန်းမော်ဆရာတော်ပုံပြင်လား မမှတ်မိတော့ဘူး)
ထန်းနို့ပုံပြင်ကို သူနားလည်တဲ့အထိ အချိန်ပေး ရှင်းပြခဲ့ရပါတယ်။
ထန်းနို့ပုံပြင်ကိုတော့ သိပြီးသားဖြစ်မှာပါ။
မင်းတုန်းမင်းကြီးက သူ့ကိုးကွယ်တဲ့သင်္ဂဇာဆရာတော်ပဲ ဆိုပါစို့။
သင်္ဂဇာဆရာတော်ကြီးကို နန်းတွင်းထဲပင့်ပြီး ဆွမ်းကပ်လေ့ရှိသတဲ့။
နန်းတွင်း ရှင်ဘုရင်ကပ်တဲ့ဆွမ်းဆိုတော့
အဆီသြဇာရှိတဲ့ အကောင်းစားဟင်းလျှာတွေချည်းနေမှာပေါ့။
နေ့စဉ်နှင့်အမျှဆက်ကပ်လာတဲ့ရှင်ဘုရင်ကြီးက
သူ့စိတ်နဲ့ နှိုင်းပြီ
“အရှင်ဘုရား၊ ဒီလိုဟင်းကောင်းဟင်းလျှာတွေဘုဉ်းပေးပြီး
ကိလေသာရာဂစိတ်တွေများ မထကြွဘူးလား” လို့ လျှောက်တယ်။
ဒီတော့ ဆရာတော်က
“ဒကာတော်မင်းကြီး၊ ဒီကိစ္စက ထန်းပင်ပေါ်က ထန်းနို့နဲ့တူတယ်။
ထန်းပင်ပေါ်က ထန်းနို့ချောင်းဟာ ညှစ်ရင် ညှစ်သလောက် အရည်ထွက်နေပေမဲ့
မညှစ်ပဲ ပစ်ထားလိုက်ရင် သူဟာသူ လိမ်ကောက် ခြောက်သွေ့သွားတာပါဘဲ”
လို့ အမိန့်ရှိလိုက်တယ်။
ဒီတော့မှ မင်းတုန်းမင်းကြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျသွားတယ်။
ဒီတရုတ်ဒကာကိုလဲ ဒါကိုပဲ ပြောပြဖြစ်တယ်။
တရုတ်ဒကာတော့ သဘောကျ မကျတော့မသိပါဘူး။
နောက်မေးခွန်းတစ်ခုက
ကိုယ်ဝန်တားဆီးတာနဲ့ ဖျက်ချတာကို
ဗုဒ္ဓဘာသာရှုဒေါင့်က ဘယ်လို ယူဆပါသလဲ တဲ့။
ဗုဒ္ဓဘာသာက ကိုယ်ဝန်သန္ဓေတားဆီးတာကို မဆန့်ကျင်ပါဘူး။
ကိုယ်ဝန်တားဆီးဆေးနဲ့ပတ်သက်ပြီး
ရိုးရာဗိန္ဓောဆေးပဲဖြစ်ဖြစ် ခေတ်ပေါ်အနောက်တိုင်းဆေးပဲဖြစ်ဖြစ်
ကျန်းမာရေးနဲ့ညီညွတ်မယ်ဆိုရင်
သုံးချင်သပဆိုရင် သုံးဆောင်နိုင်ပါတယ်။
အခြားအချို့ဘာသာဝင်တွေက ကိုယ်ဝန်တားဆီတာဟာ
ဘုရားသခင်ရဲ့ ဆန္ဒတော်ကို ဆန့်ကျင်ရာရောက်တယ်၊ အပြစ်ရှိတယ်လို့ မှတ်ယူကြပါတယ်။
သဘာဝမကျပါဘူး။
ကိုယ်ဝန်တားဆေးသုံးတာဟာ သတ္တ၀ါတစ်ဦး၊ တစ်ယောက်ကို သတ်တာမဟုတ်ပါဘူး။
ဖြစ်လာမဲ့ တည်ရှိလာမဲ့သတ္တ၀ါကို တားဆီးတာပါ။
ဒီလိုတားဆီးတာမျိုးကို တားဆီပိုင်ခွင့်ရှိပါတယ်။
ဒါနဲ့ဆက်စပ်လို့ ဘုရားရှင်အတ္ထုပ္ပတ္တိဖြစ်တော်စဉ်ကို သတိရမိပါတယ်။
သိပြီးသားဖြစ်တဲ့အတိုင်း
ဘုရားဖြစ်မဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ကြင်ယာတော်ယသော်ဓရာတို့ဟာ
အသက် (၁၆) နှစ်အရွယ်မှာ အိမ်ထောင်ပြုကြပါတယ်။
အိမ်ထောင်သက်တမ်း (၁၃) နှစ်ကြာလို့
သူတို့ဇနီးမောင်နှံ အသက် (၂၉) နှစ်အရွယ်ရောက်မှ
ရာဟုလာဆိုတဲ့ သားတော် တစ်ယောက်သာ ထွန်းကားခဲ့ပါတယ်။
အိမ်ထောင်သက် (၁၃) နှစ်အတောအတွင်း
ကလေးယူမယ်ဆို လေး၊ ငါးယောက်လောက် ရနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့ သားတော် ရာဟုလာတစ်ယောက်ထဲ ထွန်းကားခဲ့တာဟာ စဉ်းစားစရာပါ။
အဲ့ဒီခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ခန့်က
ဆေးလောကမှာ အင်မတန်တတ်ကျွမ်းတဲ့ ဇီဝကနဲ့ ဆရာအစဉ်အဆက်တွေက
Contraceptive လို့ ခေါ်တဲ့ သန္ဓေတားဆေးကို ထုတ်လုပ်နိုင်နေပြီလား။
ထုတ်လုပ်နိုင်နေပြီဆိုရင် ယသော်ဓရာအပါအ၀င် အမျိုးသမီးထုကြီးက
ထိုဆေးကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပြီလား။
စဉ်းစားမိတာကို ပြောပြတာပါ။
ပြောချင်တာကတော့
ဗုဒ္ဓဘာသာက သန္ဓေတားတာကို
မဆန့်ကျင်ပါဘူး။ မကန့်ကွက်ပါဘူး။
ဒီလိုပဲ ဆွမ်းကပ်တဲ့ တရုတ်မိသားစုကို ရှင်းပြခဲ့ပါတယ်။
ပြီးမှ
သန္ဓေဖျက်ချမှုနဲ့ပတ်သက်ပြီး
ဗုဒ္ဓဘာသာရှုဒေါင့်က ဆက်လက်ပြောပြပါတယ်။
အဲ၊ ဒါပေမဲ့ သန္ဓေဖျက်ချတာကိုတော့ လုံးဝ ဆန့်ကျင်ပါတယ်။
သန္ဓေတားဆီးတာကို ဗုဒ္ဓဘာသာက မဆန့်ကျင်ပေမဲ့
သန္ဓေဖျက်ချတာကိုတော့ လုံးဝကန့်ကွက်ပါတယ်။
ဗုဒ္ဓဘာသာက သန္ဓေဖျက်ချတာကို လက်မခံပါဘူး။
ရဟန်းတော်များလိုက်နာရမည့် အရေးအကြီးဆုံးသိက္ခာပုဒ်လေးမျိုးရှိပါတယ်။
အဲ့ဒီလေးမျိုးထဲက တစ်မျိုးက လူမသတ်ရဘူးတဲ့။
လူသတ်ရင် အဲ့ဒီလူသတ်တဲ့ရဟန်းကို ရဟန်းအဖြစ် မသတ်မှတ်ရဘူး၊
လူသတ်တဲ့ရဟန်းနဲ့ အပေါင်းအသင်းမလုပ်ရဘူးလို့
ဘုရားရှင်က ဥပဒေထုတ်ထားပါတယ်။
လူသတ်တယ်ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရှိနေတဲ့အမျိုးသမီးကို
ကိုယ်ဝန်ကျဆေး၊ သန္ဓေကျဆေးကို ပေးခွင့်မရှိပါဘူး။ မပေးရပါဘူး။
ကိုယ်ဝန်ကျဆေး၊ သန္ဓေကျဆေးပေးရင်လည်း လူသတ်တာနဲ့အတူတူပါဘဲတဲ့။
လူသတ်တာ တနည်းအားဖြင့် သက်ရှိသတ္တ၀ါကို သတ်တာကို
ပါဠိလို ပါဏာတိပါတလို့ ခေါ်တယ်။
ငါးပါးသီလထဲမှာ ပထမဦးဆုံးသီလက ပါဏာတိပါတ ပါဘဲ။
သူတပါးအသက်ကို သတ်ရာမှာ
သတ်တဲ့ကံမြောက်ဘို့ သတ်ရာမြောက်ဘို့ သတ်တာအထမြောက်ဘို့အတွက်
အကြောင်းတရား ငါးချက်လိုအပ်ပါတယ်။
ကိုယ်သတ်မဲ့ လူ၊ သတ္တ၀ါဟာ
(၁) သက်ရှိသတ္တ၀ါဖြစ်ရပါမယ်။
(၂) သက်ရှိထင်ရှားဖြစ်တယ်လို့လည်း သိရပါမယ်
(၃) သတ်လိုတဲ့စိတ်၊ သေစေလိုတဲ့စိတ်လည်း ရှိရပါမယ်။
(၄) သတ်ဖို့ရန် လုံ့လပြုရပါမယ်၊ အားထုတ်ရပါမယ်။
(၅) ကိုယ်သတ်လိုက်တဲ့ လူ၊ သတ္တ၀ါဟာ သေလည်း သေသွားရပါမယ်။
ဒီအချက်ငါးချက်နဲ့ညီမှ သတ်ရာရောက်ပါတယ်။
ငါးပါးသီလထဲက ပထမဆုံးသီလကို ချိုးဖောက်ရာရောက်ပါတယ်။
ဒါ့ကြောင့်မို့ ကားမောင်းရင်း ကြွက်လေးတွေ၊ ကြောင်လေးတွေ၊ ခွေးလေးတွေကို
မတော်တဆတိုက်မိပြီး သေဆုံးသွားတာနဲ့
ပထမဆုံးသီလဖြစ်တဲ့ ပါဏာတိပါတသီလကို ချိုးဖောက်ရာ မရောက်ပါဘူး။
ကဲ။ သန္ဓေဖျက်ချမှုနဲ့ ပါဏာတိပါတ သူတပါးအသက်သတ်မှုကို လေ့လာကြည့်ရအောင်။
မိခင်ဝမ်းတွင်းမှာ သန္ဓေစတည်တာနဲ့ သန္ဓေသားလေးဟာ
သက်ရှိသတ္တ၀ါဖြစ်သွားပါဘီ။
ဒါ့ကြောင့် နံပါတ် (၁) အချက်ဖြစ်တဲ့ သက်ရှိသတ္တ၀ါဖြစ်ရမယ်ဆိုတဲ့ အင်္ဂါရပ်နဲ့ ညီသွားပါပြီ။
ရက်အနည်းငယ် လအနည်းငယ်အတွင်းမှာဘဲ
သန္ဓေသားလေးဟာ သက်ရှိထင်ရှားဖြစ်နေတယ်ဆိုတာကို မိခင်လုပ်သူက သိလို့
နံပါတ် (၂) အချက်ဖြစ်တဲ့ သက်ရှိထင်ရှားဖြစ်တယ်လို့လည်း သိရပါမယ် ဆိုတဲ့
အင်္ဂါရပ်နဲ့လည်း ညီသွားပါတယ်။
သန္ဓေသားကို ဖျက်ချလိုလို့ ဖျက်ချပေးမဲ့သူကို လိုက်လံရှာဖွေပြီး ဖျက်ချတာဖြစ်တဲ့အတွက်
နံပါတ် (၃) အချက်ဖြစ်တဲ့ သတ်လိုတဲ့စိတ်၊
သေစေလိုတဲ့စိတ်လည်း ရှိရပါမယ်ဆိုတာနဲ့လည်း ညီညွတ်သွားပါတယ်။
သန္ဓေသားကို ဖျက်ချဘို့ ဖျက်ချပေးမဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာလည်း
နံပါတ် (၄) အချက်ဖြစ်တဲ့ သတ်ဖို့ရန် လုံ့လပြုရပါမယ်၊
အားထုတ်ရပါမယ်ဆိုတာနဲ့ ကိုက်ညီပါတယ်။
နံပါတ် (၅) သန္ဓေသားသေဆုံးသွားရင် သူတပါးအသက်သတ်တာ
တနည်းအားဖြင့် ပါဏာတိပါတကံမြောက်တော့တာပါဘဲ။
အကျဉ်းချုပ်ပြောရရင်တော့
သန္ဓေသားကို ဖျက်ချတာဟာ သူတပါးအသက်သတ်ခြင်းအင်္ဂါငါးချက်နဲ့ ကိုက်ညီနေလို့
ပါဏာတိပါတကံမြောက်ခြင်းအင်္ဂါရပ်ငါးချက်နဲ့ ကိုက်ညီနေလို့
လုံးဝမကျူးလွန်သင့်ပါဘူး။
ဗုဒ္ဓဘာသာက
Prevention ကို လက်ခံတယ်၊
Abortion ကိုတော့ လုံးဝဆန့်ကျင်တယ်လို့ ပြောလိုက်ပါရစေ။


0 comments:
Post a Comment