* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 5, 2011

လောကပါလတရား တကယ်ရှိသူဆိုတာ

လောကပါလ (လောကကိုစောင့်ရှောက်တဲ့) တရားဆိုတာ ဟိရီနဲ့ သြတ္တပ္ပတရားနှစ်ပါးကို ပြောတာဖြစ်ပါတယ်။ ဟိရီဆိုတာ မကောင်းမှု အကုသိုလ်လုပ်ရမှာ ရှက်တာကိုဆိုလိုပြီး၊ သြတ္တပ္ပဆိုတာ မကောင်းမှု အကုသိုလ် လုပ်ရမှာကို ကြောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ မကောင်းမှု အကုသိုလ်ဆိုတာ လူသိရှင်ကြား လုပ်လို့ရတဲ့ အကုသိုလ်တွေ ရှိသလို လူမသိသူမသိ လုပ်လို့ရတဲ့ အကုသိုလ်တွေကလည်း အများကြီးပါပဲ။ လူသိသူသိမှာဆိုးလို့ လူရှေ့သူရှေ့မှာ မကောင်းတာတွေကို မလုပ်ဘဲ ရှောင်နေပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ဒါဟာ မကောင်းမှုကနေ တကယ်ရှက်ကြောက် ရှောင်ကြဉ်တာ မဟုတ်ပါဘူး။ မကောင်းမှု အကုသိုလ်ကို တကယ်ရှက်ကြောက်တဲ့သူ၊ လောကပါလတရား တကယ်ရှိသူဆိုတာ ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲ ဖြစ်ဖြစ် မကောင်းမှုအကုသိုလ်ရဲ့ အပြစ်တွေကို သေသေချာချာ သဘောပေါက်ပြီး ရှောင်ကြဉ်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်တဲ့အတွက် မကောင်းမှု အကုသိုလ် အလုပ်ကို ရှေ့နောက်ကွယ်ရာမထားဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ရှေ့နောက်နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ရှောင်ကြဉ်တဲ့ သူကိုသာ တကယ် ဟိရိသြတ္တပ္ပရှိတဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာ လုပ်တာပဲ ဖြစ်ဖြစ်၊ ကွယ်ရာမှာလုပ်တာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်ကို ကျန်တဲ့သူတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသား ဖြစ်ပါတယ်။ ဒီလိုဆိုတော့ လူရှေ့သူရှေ့မှာ မလုပ်ဘဲ ရှောင်ကြဉ်ပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေတာကိုလည်း ကိုယ်ကိုယ်တိုင်က သိနေပြီးသား ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်အဖွင့်ကို ကြည့်မယ်ဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူခြင်းဆိုတဲ့ အဖွင့်တစ်ခု ရှိပါတယ်။ ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကွယ်ရာအရပ်မှာပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ စိတ်ကွယ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူတော့တဲ့ အနှိုင်းမဲ့အရှင်မြတ်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အနေနဲ့ ဘုရားရှင်လောက် ကွယ်ရာမှာ အကုသိုလ် အလုပ်တွေကို အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် ဘုရားရှင်ကို အတုယူပြီး ကွယ်ရာမှာလည်း အကုသိုလ်အလုပ်တွေကို ရှောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အဓိကကတော့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာပဲ ဖြစ်ဖြစ်၊ လူကွယ်ရာမှာပဲ ဖြစ်ဖြစ် မလုပ်ဘဲရှောင်ကြဉ်နိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်မကောင်းမှု အကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်တယ်ဆိုတဲ့သူဟာ အဲဒီလို မျက်မှောက်မျက်ကွယ် နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်နိုင်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်ပြီး ဒီလိုမျက်မှောက်မျက်ကွယ် နှစ်ခုလုံးမှာ ဒီဟိရီသြတ္တပ္ပတရားတွေကို စောင့်ထိန်းတဲ့သူကိုသာ တကယ့်လောကပါလ တရားရှိသူ၊ လောကပါလ တရားနဲ့ ပြည့်စုံသူလို့ ပြောရခြင်း ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP