* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 6, 2011

အေနကဇာတင္ပြဲ (၃)



တချို့ကလည်း အနေကဇာတင်ပွဲကို ဘုရားသိဒ္ဓိတင်ပွဲတဲ့။
“ဘုရားရုပ်တုကို သိဒ္ဓိမတင်ရသေးဘူး၊ သိဒ္ဓိတင်ရအုံးမယ်” စသည်ဖြင့် ပြောဆိုကြပါတယ်။

သိဒ္ဓိတင်တယ်ဆိုတာ အစွမ်းမရှိတဲ့ အစွမ်းမထက်တဲ့အရာဝတ္ထုတစ်ခုကို
အစွမ်းရှိလာအောင် အစွမ်းထက်လာအောင် ရွတ်ဖတ်မန်းမှုတ်ပေးတာလို့ နားလည်မိပါတယ်။

မိမိတို့အိမ်ကို ပင့်ဆောင်ပြီး ကိုးကွယ်မဲ့ ဗုဒ္ဓရုပ်ပွါးတော်ကို သိဒ္ဓိတင်တယ်ဆိုတော့
ဗုဒ္ဓရုပ်ပွါးတော်က အစွမ်းမရှိလို့လား၊
အစွမ်းရှိခဲ့ရင်တောင် ဘုန်းကြီးတွေ ရွတ်ဖတ်ပေးရုံနဲ့
အစွမ်းရှိလာမှာလား၊ အစွမ်းထက်လာမှာလား။
ဘုရားကို ဘုန်းကြီးကသိဒ္ဓိတင်ပေးရတယ်ဆိုတာ အတော့်ကို ကြားလို့မကောင်းတဲ့စကားပါ။

သိဒ္ဓိတင်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်၊ အကြောင်းအရာနဲ့ပတ်သက်လို့
ရေစကြိုအရှင်ဧသိကရေးထားတာ အတော်လေးပြည့်စုံလို့
ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

ယနေ့ မြန်မာနိုင်ငံ၌ သိဒ္ဓိတင်သော အလုပ်ကိုလည်း
လူအတော်များများ လက်ခံ ယုံကြည်နေကြ၏။
သိဒ္ဓိတင်ခြင်း ဆိုသည်မှာ
ပါဠိဘာသာ သိဒ္ဓိဟူသော ဝေါဟာရပုဒ်နှင့် မြန်မာဘာသာ တင်ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်၍ သိဒ္ဓိတင် ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပေသည်။

ဤတွင် သိဒ္ဓိဟူသော ပုဒ်ကို အနက်အဓိပ္ပာယ် ရှာဖွေကြည့်ပါက
အဘိဓာန်ပါဠိ၌ သိဒ္ဓိပုဒ်၏ အဖွင့်မရှိ။ ပရိယာယ်လည်း မရှိ။
သို့သော် သာဓနသဒ္ဒါဟောနိုင်သော အနက်တို့ကို ဖော်ပြရာ၌
သိဒ္ဓိပုဒ်ကို ပြီးစီးခြင်းဟူ၍ အနက်ပေးထားကြပါသည်။

မြန်မာအဘိဓာန်ကျမ်း၌
သိဒ္ဓိ = ပြီးခြင်း၊ သိဒ္ဓိတင်၊ လက်ဖွဲ့စသည်ကို အစွမ်းထက်အောင် ဆောင်ရွက်သည်။
ချီးမွမ်းသည်။ အမွှမ်းတင်သည်။ ဟု ဖွင့်ပြထားသည်။
ထို့ကြောင့် သိဒ္ဓိတင်ခြင်းဆိုသည်မှာ
စီမံဖန်တီးထားသော ပစ္စည်းကို အစွမ်းထက်အောင် ဆောင်ရွက်သော အလုပ်ကို ဆိုလိုသည်။

သိဒ္ဓိတင်သည် ဆိုရာမှာလည်း
ဟိန္ဒူ ဗြာဟ္မဏတို့ကဲ့သို့ ဂါထာမန္တန်ဖြင့် ရွတ်ဆိုခြင်းကိုပင် ဆိုလိုပါသည်။
မြန်မာတို့က မန္တန်ဖြင့် မန်းသည်ဟု ခေါ်၏။
လက်ဖွဲ့မန်း၊ ရေမန်း၊ ဆီမန်း စသည်ဖြင့် အမျိုးမျိုးသော မန်းမှုတ်မှုတို့ကို တီထွင်ပြုလုပ်ကြသည်။ ဤသို့ မန်းလိုက်သဖြင့် ရေသည် အစွမ်း ထက်သွား၏။
ဆီသည် တန်ခိုးရှိသွား၏။ လက်ဖွဲ့စသည်တို့လည်း အစွမ်းထက်သွားကာ
လိုရာသိဒ္ဓိများ ပြီးမြောက်မည်ဟု ယုံကြည်ကြသည်။

ဤကဲ့သို့သော ယုံကြည်ချက်ဖြင့် ဂါထာမန္တန်တို့ကို
ကိုယ်တိုင် ရွတ်ဖတ် သရဇ္ဈာယ်၍ သိဒ္ဓိတင် မန်းမှုတ်ကြသည်။
မိမိတို့ မလုပ်တတ်ပါက အခြား မန်းမှုတ်တတ်သူတို့ကို မန်းမှုတ်စေ၍
အစွမ်းထက်အောင် ပြုလုပ်ကြသည်။

သိဒ္ဓိတင်သည်ဆိုသော ဂါထာမန္တန်တို့မှာလည်း
သက္ကတ၊ ပါဠိ၊ မြန်မာဘာသာတို့ဖြင့် သီကုံးထားခြင်း ဖြစ်သည်။
ဂါထာမန္တန်တို့မှာ မိမိတို့ လိုအင်ဆန္ဒကို တောင်းဆိုထားသော စာများသာ ဖြစ်သည်။
ပုံစံအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။

မဟိဒ္ဓိကာ ဘေးရန်ကာ၍ ကမ္ဘာမပျက် အာယုဆက်၍
အသက်ကပ်လုံး တည်စေသော် ။
ခဲဖွယ်ဘောဇဉ် ချိုချဉ်ကစ မွတ်သိပ်လှသော် တောင့်တချက်ချင်း ရောက်စေသော်။
အရေးရှိလျှင် အရိပ်ဆာယာ နတ်တကာနှင့် ၀ိဇ္ဇာအပေါင်း မစေသော် ။
ဗိုလ်လူများစွာ ရန်ပြုလာလျှင် ၀ိဇ္ဇာဗလ နတ်ကစ၍ သိဒ္ဓိဆိုင်ရာ နတ်များစွာက
ညီညာဖြဖြ ၀ိုင်းအုံကြ၍ မ စ ပြုပြင် ငါ့ရုပ်သွင် မထင်ချက်ချင်း ပျောက်စေသော် ။

ဤသို့သော မန္တန်စာဖြင့် သိဒ္ဓိတင်ကြခြင်းသာ ဖြစ်ပေသည်။

ယနေ့ခေတ်တွင် သိဒ္ဓိတင်ခြင်းကို လူကြိုက်များလာသည့်အလျောက်
သိဒ္ဒိတင်ပေးသော ပုဂ္ဂိုလ်ကြီးများလည်း ပေါ်ပေါက်နေ၏။
ထိုပုဂ္ဂိုလ်များမှာ အများအားဖြင့် ဂိုဏ်းဆန်ဆန်အလုပ်ကို ပြုလုပ်နေသူများ ဖြစ်သည်။

ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး၊ လက်ဖွဲ့၊ ဓာတ်လုံး စသည်တို့ကို
ဥုံ အောင်းဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။
လူတွေကလည်း နာမည်ကြီး ဂိုဏ်းပုဂ္ဂိုလ်ကြီး က ရွတ်ဆိုပေးသမျှကို
ကွန်ပျူတာဂဏန်းစက်ကဲ့သို့ အချက်ကျမှန်မည်ဟု ဧကန်ယုံကြည်မှုဖြင့်
လက်ဝါးလှန်၍ တောင်ခံနေကြကုန်၏။

ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင် ပေးသူများ ရှိနေသည်။
ထိုပုဂ္ဂိုလ်ကြီးက တစ်ကျပ်တန် ငွေစက္ကူကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။
ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲ သွင်းကာ
သပ်ရပ်စွာ သိမ်းဆည်းထားလိုက်သည်။
ပြီးနောက် လက်ကိုင်အိတ် တွင်းမှ ၂၀၀ိ/- တန် ငွေစက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။ လက်တွေ့မှာမူ သိဒ္ဓိတင် ပေးသော ပုဂ္ဂိုလ်အတွက် ၁၉၉-ကျပ် အမြတ်ရသွားပြီ။ တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သော အလုပ်မှာ ဘယ်ဖက်စပ် ကုမ္ပဏီလုပ်ငန်းမှ မရှိချေ။

လူတို့သည် ဘ၀နှင့် ဘ၀ခံစားမှုအတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။
အာသာရမ္မက်အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။
ယုံကြည်စရာကို ရှာဖွေ လက်ခံနေကြသည်။
ယုတ္တိရှိ မရှိကို အသိဥာဏ်ဖြင့် အမြင်မှန် မရနိုင်ခဲ့ကြပေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP