* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 5, 2011

အေနကဇာတင္ပြဲ (၂)



မြန်မာပြည်ပရိယတ္တိပညာရေး လို့ခေါ်တဲ့ ဘုန်းကြီးပညာရေးမှာ
ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းလို့
အခြေခံအဆင့်မှာ သုံးတန်းရှိတယ်။
ပထမကြီးတန်းအောင်ပြီးရင်
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဦးစီးပြီး ကျင်းပတဲ့
သာသနဓဇဓမ္မာစရိယဘွဲ့အတွက် ဓမ္မာစရိယစာမေးပွဲကို ၀င်ရောက်ဖြေဆိုခွင့်ရှိသွားပြီ။

ဒီနေရာမှာ ဘွဲ့ဆိုလို့ ပြောရအုံးမယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာဒကာတွေ ဒကာမတွေ အတော်လေး
ဘာသာရေးဝေါဟာရတွေနဲ့ စိမ်းနေတာ တွေ့ရပါတယ်။
ဒီကိုအလည်လာတဲ့ဆရာတော်တစ်ပါးက
သူပြန်ရင် သယ်ဆောင်သွားမည့် အိပ်ကြီးမှာ
သူ့နာမည်နဲ့ လိပ်စာကပ်သွားလိုကြောင်း၊
ဒီအတွက် စာရိုက် ပရင့်ထုတ်ပေးစေလိုကြောင်း၊
ဒီလို စာရိုက်ရာမှာ သူ့နာမည်ရှေ့မှာ ဦး၊ အရှင် လို့မရေးဘဲ
ဘဒ္ဒန္တဆိုတဲ့ စာလုံးရေးပေးစေလိုကြောင်း၊
(ဥပမာ - ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ စသည်)
ဒီလိုဘဒ္ဒန္တစာလုံးရေးတပ်ထားရင် မြန်မာပြည်က လေဆိပ်ဝန်ထမ်းတွေအပါအ၀င်
အားလုံးက လေးစားသမှု ပိုပြုကြကြောင်း၊
ဒီဘဒ္ဒန္တဆိုတဲ့ စာလုံးကို သူတို့က ဘွဲ့ကြီးတစ်ခုလို့ ယူဆကြကြောင်း ပြောပြပါတယ်။
သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးလိုက်ပါတယ်။

တကယ်တော့ ဒီဘဒ္ဒန္တဆိုတာ ဘွဲ့ထူးဂုဏ်ထူး မဟုတ်ပါဘူး။
မြန်မာလိုတော့ အရှင် လို့ အဓိပ္ပါယ်ရပါတယ်။
ရဟန်းဖြစ်ပြီးတဲ့ ဘယ်လိုဦးဇင်းမဆို သူ့တို့ရဲ့ ဘွဲ့နာမည်ရှေ့မှာ ရေးလို့ရပါတယ်။
ဒါ့ကြောင့်မို့ ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ ဆိုတာ
အရှင်ပညာဇောတ၊ အရှင်ဂုဏဆိုတာနဲ့ အတူတူပါဘဲ။
ဘဒ္ဒန္တဆိုတာ သီးခြားဖြေဆိုယူရတဲ့၊ ဒါမှမဟုတ် အစိုးရက သီးခြားကပ်ထားတဲ့
ဘွဲ့ထူး ဂုဏ်ထူးမဟုတ်ပါဘူး။ စကားစပ်မိလို့ ပြောဖြစ်တာပါ။
ထား။

အထက်ကပြောခဲ့တဲ့ ပထမကြီးတန်း အောင်ပြီးပြီဆိုရင်
ဓမ္မာစရိယစာမေးပွဲထက်ကြီးကျယ်တဲ့ တိပိဋကစာမေးပွဲကိုလဲ
ဝင်ရောက်ပြန်ဆိုခွင့် (ဖြေဆိုခွင့်) ရှိသွားပါပြီ။
ဒါတင်မကပါဘူး။
ရန်ကုန်၊ မန္တလေးတို့မှာရှိတဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွေမှာ
ပညာသင်ယူချင်တယ်ဆိုရင်လည်း ဒီပထမကြီးအောင်ပြီးတဲ့ ဦးဇင်း၊ ကိုရင်တွေဟာ
ဝင်ခွင့်ဖြေဆိုကာ ၀င်ခွင့်အောင်တယ်ဆိုရင် ပညာသင်ခွင့်ရပါတယ်။

ပထမကြီးတန်းအောင်မြင်ပြီးတဲ့ မိမိကတော့
မန္တလေးမှာရှိတဲ့ ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ
ဝင်ခွင့်ဝင်ရောက်ဖြေဆိုကာ ပညာသင့်ခွင့်ရပါတယ်။
ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ လေးနှစ်ပညာသင်ယူပြီး
သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရပါတယ်။
မဟာတန်းတက်ခွင့်ရလို့ မဟာတန်း (၂) နှစ် ဆက်တက်ဖြစ်ပါတယ်။
မဟာဘွဲ့ (M.A) အတွက် ကျမ်းပြုရမယ်ဆိုလို့ ကျမ်းကြီးကြပ်မဲ့ Supervisor နဲ့ညှိနှိုင်းရင်း
ကျမ်းခေါင်းစဉ်စောင့်ရင်း အထက်ကပြောခဲ့တဲ့
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကတိုးပူးပေါင်းကျင်းပတဲ့
အစိုးရဓမ္မာစရိယစာမေးပွဲကို (ဘွဲ့လောဘကြီးတဲ့ မိမိလည်း အလကားမနေပဲ) ၀င်ရောက်ဖြေဆိုဖြစ်ပါတယ်။
အောင်လို့ သာသနဓဇဓမ္မာစရိယဘွဲ့ရလိုက်ပါတယ်။

ဒီအစိုးရဓမ္မာစရိယစာမေးပွဲ အောင်လိုက်တဲ့အချိန်၊ အောင်ပြီလို့ သိလိုက်တဲ့အချိန်မှာ
“ဒါမှ ဣန္ဒက ကွ” လို့ မိမိနာမည်ကို မိမိခေါ်ကာ အော်ဟစ်လိုက်ဖူးပါတယ်။
ဝမ်းသာလွန်းအားကြီးလို့ ရင်ထဲ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံပါ၊ စကားပါ။
ဒါကို ဘာသာရေးအသုံးမှာ ဥဒါန်းစကားလို့ ခေါ်ပါတယ်။

ဘုရားရှင်လည်း ဘုရားဖြစ်ဖို့ ဘ၀ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့ရပါတယ်။
နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာ လောကီအာရုံ လောကီစည်းစိမ်ကို ငြီးငွေ့ပြီး
တောထွက်ပါတယ်။ တရားကျင့်ပါတယ်။
အသက် (၃၅) နှစ်အရွယ်၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့
မိုးသောက်ယံ အချိန်မှာ ဘုရားဖြစ်ပါတယ်။

ဒီလိုဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း သူ့နှလုံးသားထဲမှာ သူ့ရင်ထဲမှာ
ဝမ်းသာလုံးတွေ တစ်လုံးပြီး တစ်လုံးတက်လာပါတယ်။
နောက်ဆုံးမှာ ဒီဝမ်းသာလုံးတွေဟာ ဘုရားရှင်ရဲ့ ပါးစပ်တော်က
စကားလုံးအဖြစ်ထွက်လာတော့တာပါဘဲ။
ဒီဘုရားရှင်ရဲ့ ၀မ်းသာစကားလုံးတွေကတော့
“အနေကဇာတိသံသာရံ” အစချီတဲ့ ဂါထာတွေပါ။

ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း ဘုရားရှင်မြွက်ဆိုတဲ့စကားလုံးတွေဖြစ်လို့
ဘုရားရှင်ရဲ့ ပထမဦးဆုံးစကားတော် လို့ မှတ်ချက်ပြုကြပါတယ်။

ဘုရားဖြစ်ပြီး ပထမဦးဆုံးရွတ်ဆိုတဲ့ ဒီ “အနေကဇာတိသံသာရံ” ဂါထာတွေထဲက
အနေကဇာ ဆိုတဲ့ရှေ့ဆုံးစကားလေးကို ယူပြီး အနေကဇာတင်တယ် လို့ ပြောဆိုနေကြတာပါ။
မြန်မာရဟန်းတော်များက ရုပ်ပွါး၊ ဆင်းတု၊ စေတီတွေရှေ့မှာ ထိုင်ကာ
အရင်ပြောခဲ့တဲ့အစီအစဉ်အတိုင်း အနေကဇာတင်တယ် ဆိုပြီး ပြုမူနေကြတာပါ။

ဘုရားရှင်ကတော့ ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း (အသက်ရှင်ဆဲဆိုတော့)
သူကိုယ်တိုင် ရွတ်ဆိုနိုင်တာပေါ့။
အခုဘုရားရှင်က မရှိတော့ ရုပ်ပွါးတော်၊ ဆင်းတုတော်၊ စေတီတော်တွေကို ကိုးကွယ်ရတာ။
ဒါတွေက သက်မဲ့တွေ (အသစ်တွေ - သစ်သားစသည်မှ ဘုရားဖြစ်လာတာတွေ) ဆိုတော့
ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်းရွတ်ဆိုတဲ့
ဥဒါန်းဂါထာတွေ (၀မ်းသာစကားတွေ) ကို
သက်ရှိထင်ရှား ဘုရားရှင်ကိုယ်စား ဘုန်းကြီးတွေက ရွတ်ဆိုပေးရတဲ့သဘောပဲ။
ဒါကိုပဲ အနေကဇာတင်တယ်လို့ ခေါ်နေကြတာပဲ။

ဘုန်းကြီးတွေက သစ်သားရုပ်တုစတာတွေကို ဘုရားရှင်ကိုယ်စား ရွတ်ဆိုပေးတာနဲ့
ဘုရားဖြစ်သွားရောလား။ ဒီလိုတော့လဲ မဟုတ်ပါဘူး။
ဒီရုပ်တုကို ကိုးကွယ်မယ်ဆိုတာသိအောင် အထိမ်းအမှတ်ပြုလိုက်တဲ့ပွဲပါဘဲ။
အမှန်စင်စစ်၊ ဒီရုပ်တုကို ကိုးကွယ်တာတော့လဲ မဟုတ်သေးပါဘူး။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP