* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 10, 2011

စဉ်းစားပါဦး

သေချာတာတစ်ခုကတော့ နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်ကစပြီး စာရေး/ဖတ်သူတို့အလုပ်တွေ မနားတမ်းပြုလုပ်နေကြရတယ်ဆိုတာပါပဲ။ ကံ-ဆိုတဲ့ အလုပ်တွေကို ပြုလုပ်ရင်း ဘ၀တွေကို ဖန်တီးနေကြတာပေါ့။ ဓမ္မရှု့ထောင့်ကနေကြည့်မယ်ဆိုရင်တော့ ပြုလုပ်လိုက်တဲ့ ကံဆိုတဲ့အကြောင်းတရားဖြစ်တဲ့ ၀ိပါကဆိုတဲ့ အကျိုးတရားကတော့ အမှန်တကယ် ဖြစ်ပေါ်လာမှာပါ။ အကျိုးတရားတွေ ခံစားချင်ကြလို့လည်း အကြောင်းတရားတွေကို ပြုလုပ်နေကြတာပါ။ ဒီတော့ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကိုတော့ မလွဲမသွေ ရရှိမယ်ဆိုတာတော့ သံသယမထားသင့်ဘူးပေါ့။

ဗုဒ္ဓကဟောခဲ့တယ်မဟုတ်လား “ယာဒိသံ ၀ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ-မိမိစိုက်ပျိုးလိုက်တဲ့ မျိုးစေ့ရဲ့ အသီးအပွင့်တွေကို မိမိကိုယ်တိုင် ရရှိခံစားရမယ်”ဆိုတာပါ။ ဆိုပါစို့ မိမိက တမာမျိုးစေ့ကို စိုက်ပျိုးပြီး သရက်သီးစားချင်လို့ မရပါဘူး။ မိမိစိုက်ပျိုးလိုက်တဲ့ တမာဆိုတဲ့မျိုးစေ့ရဲ့ သဘာဝအရ တမာသီး သို့မဟုတ် တမာရွက်ပဲ စားရမှာပါ။ ဆိုလိုတာကတော့ သရက်စေ့ကို စိုက်ပျိုးလိုက်တဲ့အခါ သရက်သီးကိုပဲ စားသောက်ရမှာ သေချာသလို တမာစေ့ကို ပျိုးချလိုက်တဲ့အခါမှာလည်း ခါးသက်လှတဲ့ တမာအရသာကိုပဲ စားသောက်ရမှာပါ။
“ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ-ကောင်းတာပြုလုပ်မယ်ဆိုရင် ကောင်းတာကိုပဲ ရတတ်သလို၊ မကောင်းတာပြုလုပ်မယ်ဆိုရင်လည်း မကောင်းတာကိုပဲ ရတတ်တယ်”ဆိုတဲ့ နိယာမတရားတစ်ခုကိုလည်း မြတ်ဗုဒ္ဓဟောကြားထားခဲ့ပါသေးတယ်။ ဒီစကားအတွက်တော့ ဓမ္မအသိတွေ ပြည့်ဝနေတဲ့ စာဖတ်သူတို့ ကောင်းစွာနားလည်ထားပြီးသားဖြစ်တဲ့ ဗုဒ္ဓရဲ့ ဓမ္မဒေသနာလေးတစ်ခုပါ။
“အဟံ ကမ္မဒါယာဒေါ အမှိ-ငါဟာ ကံပေးသော အမွေကို ခံယူရသူတစ်ယောက်ဖြစ်တယ်။” “ယံ ကမ္မံ ကရိဿာာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ တဿ ဒါယာဒေါ ဘ၀ိဿာမိ-ကောင်းတာကိုပဲ ပြုပြု၊ ဆိုးတာကိုပဲ ပြုပြု၊ ထိုငါလုပ်လိုက်တဲ့ ကံတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ ကောင်းမွေ ဆိုးမွေတွေကို ငါခံယူရမယ်” ဆိုတဲ့ မလွဲဧကန် အမှန်ဖြစ်တဲ့ ကံဆိုတဲ့ နိယာမတရားတွေဟာလည်း ဘ၀မှာ ဘယ်တော့မှ မမေ့သင့်တဲ့ အရာတွေပါပဲ။ ဒီစကားတွေကို နိဒါန်းပြုနေရတာကတော့ ဘယ်ကံကိုပဲလုပ်လုပ် ဘယ်အလုပ်ကိုပဲပြုပြု ကိုယ်ပြုလုပ်လိုက်မယ့် ကံရဲ့ သဘောတရား နိယာမတရားတွေကို နားလည်ထားစေချင်လိုပါ။ သိမြင်နားလည်ထားမှလည်း မိမိမလိုလားတဲ့ အကျိုးတရားတွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်သလို မိမိတောင့်တဲ့ အကျိုးတရားတွေကိုတိုးပွားလာအောင် အမှန်တကယ်ရရှိအောင် ပြုလုပ်ပြီး ရယူနိုင်မှာပါ။ အောက်မှာဆက်ဖတ်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်။
တစ်ဦးတစ်ယောက်ကမျှ တစ်ခြားသူတစ်ယောက်ထက် အလုပ်ပိုများတယ်ဆိုတာ မရှိပါဘူး။ အားလုံး တူညီတဲ့ အလုပ်ကိုပဲ လုပ်နေတာပါ။ ဒီစကားကို လောကရှု့ထောင့်ကနေကြည့်ပြီးပြောရင်တော့ Bigger mistake ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ လောကရှု့ထောင့်ကနေကြည့်မယ်ဆိုရင် ကျောင်းဆရာအလုပ်၊ လယ်သမားအလုပ်၊ စာရင်းစစ်အလုပ်၊ မန်နေဂျာအလုပ်၊ စပါယ်ယာအလုပ်၊ ကူလီထမ်းအလုပ်စသည်ဖြင့် ပညတ်ပြုထားတာတွေ အများသားမဟုတ်လား။ ဒီအလုပ်တွေကို ဓမ္မရှု့ထောင့်ထဲထည့်ပြီးကြည့်လိုက်မယ်ဆိုရင် အလုပ်သုံးမျိုး သုံးစားပဲရပါတယ်။ အဲဒီအလုပ်သုံးမျိုးက မနောကံ-ဆိုတဲ့ ကြံစည်တွေးတောခြင်းကို ပြုလုပ်တဲ့အလုပ်၊ ၀စီကံ-ဆိုတဲ့ နှုတ်ဖြင့်ပြောဆို ပြုလုပ်တဲ့အလုပ်၊ ကာယကံ-ဆိုတဲ့ ကိုယ်အမူအရာဖြင့် ပြုလုပ်တဲ့အလုပ်..ဆိုပြီး သုံးခုပဲရှိပါတယ်။ ဒါကြောင့် တူညီတဲ့ အနေအထားရှိတယ်လို့ ဆိုတာပါ။ အကြောင်းကံ သုံးပါးရှိပေမယ့်လို့ အကျိုးရလဒ်ကတော့ နှစ်မျိုးပဲရှိပါတယ်။ ကောင်းတဲ့အကျိုးရလဒ်နဲ့ ဆိုးတဲ့အကျိုးရလဒ်ဆိုတာပါ။
ဒီတော့ “Think before you act” မပြုလုပ်ခင်စဉ်းစားဖို့လိုအပ်လာတာက မိမိက ကံသုံးပါးကို ပြုလုပ်တော့မယ်ဆိုရင် အကျိုးတရားနှစ်ပါးထဲက တစ်ခုခုက သင့်ထံရောက်လာမှာ သေချာတယ်။ ငါက ကောင်းတဲ့အကျိုးတရားလိုချင်သလား၊ မကောင်းတဲ့အကျိုးတရား မခံစားချင်ဘူးလားဆိုတာကိုပါ။ ဒီနှစ်ချက်ကို မိမိက ဘယ်အရာကို လိုချင်သလဲဆိုတာ ကွဲခြားနားလည်သွားပြီဆိုရင် လေးလေးနက်နက် ထပ်စဉ်းစားဖို့နောက်တစ်ချက် ရှိပါသေးတယ်။ အဲဒီစဉ်းစားနည်းလေးကို ဗုဒ္ဓမြတ်စွာက သားတော်ရာဟုလာကို သင်ပေးထားခဲ့ပါတယ်။ စဉ်းစားပုံ စဉ်းစားနည်းလေးကို လေ့လာကြည့်ရအောင်ပါ။
“ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ကာယေန ကမ္မံ ကတ္တဗ္ဗံ”
“ချစ်သားရာဟုလာ-ကာယကံအမှု ပြုတော့မယ်ဆိုရင် မပြုခင် ကြိုတင်ပြီးတော့ ဆင်ခြင်စဉ်းစားလိုက်ပါဦး၊ ငါအခုပြုမယ့် ကာယကံမှု့ဟာ ငါဆင်းရဲဖို့ ဒါမှမဟုတ် သူတစ်ပါးဆင်းရဲဖို့ သို့မဟုတ် ငါ သူတစ်ပါးနှစ်ဦးသား ဆင်းရဲဖို့များ ဖြစ်မှာလား၊ ဆင်းရဲဒုက္ခပွားကြောင်း မကောင်းတဲ့ အကုသိုလ်အမှု့ (အလုပ်)များ ဖြစ်မှာလားလို့ စဉ်းစားပါ ချစ်သား၊ ဒီလိုစဉ်းစားပြီးတဲ့နောက်မှာ ငါလုပ်မယ့် အလုပ်ဟာ ငါကိုယ်တိုင် ဆင်းရဲဖို့ သို့မဟုတ် သူတစ်ပါးဆင်းရဲဖို့ ဒါမှမဟုတ် ငါ သူတစ်ပါး နှစ်ဦးသားဆင်းရဲဖို့ဖြစ်မယ်ဆိုရင် ဒုက္ခပွားကြောင်း မကောင်းတဲ့ အကုသိုလ်အလုပ်ဖြစ်မယ်ဆိုရင် အဲဒီကာယကံမှု့မျိုး (အလုပ်မျိုး) ကိုဘယ်တော့မှ မပြုလုပ်ပါနဲ့ ချစ်သား ရာဟုလာ…..။ အဲဒီလို ချစ်သား စဉ်းစားဆင်ခြင်ကြည့်တဲ့အခါမှာ ငါအခုပြုမယ့် ကာယကံအမှု့ဟာ ငါဆင်းရဲဖို့လည်းမဟုတ်ဘူး၊ သူတစ်ပါးဆင်းရဲဖို့လည်း မဟုတ်ဘူး၊ ငါ သူတစ်ပါး နှစ်ဦးသားဆင်းရဲဖို့လည်းမဟုတ်ဘူး။ နောက်…ချမ်းသာပွားကြောင်း ကောင်းတဲ့ကုသိုလ်အလုပ်ဖြစ်တယ်လို့ စဉ်းစားမိရင် အဲဒီကာယကံမှုမျိုးကို ချစ်သား ပြုဖြစ်အောင် ပြုလုပ်လိုက်ပါ။”တဲ့….။ ဒါက ပထမအလုပ်ဖြစ်တဲ့ ကာယကံ-ကိုယ်ဖြင့်ပြုလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီး စဉ်းစားဖို့ပါ။
မြတ်နိုးစရာကောင်းတဲ့ လိုက်နာစရာကောင်းတဲ့ သဗ္ဗညုဉာဏ်ရှုင် ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာပါ။ ကံရဲ့ နိယာမတရားတွေကို နားလည်မထားဘူးဆိုရင် စဉ်းစားဖို့ မလိုအပ်ပါဘူး…….လို့ အတွေးအမှားကို ရောက်သွားမှာဆိုးလို့ စာဖတ်သူကို အထက်ကနိဒါန်းစကားကို လေးလေးနက်နက် နားလည်အောင် သိရှိအောင် ဖတ်ရှု့စေချင်ပါတယ်။
“ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ၀စသာ ကမ္မံ ကတ္တဗ္ဗံ။”
“ချစ်သားရာဟုလာ-၀စီကံအမှု့ ပြောတော့မယ်ဆိုရင် မပြောခင် ငါအခုပြောမယ့် ၀စီကံမှု့ဟာ ငါဆင်းရဲဖို့ ဒါမှမဟုတ် သူတစ်ပါးဆင်းရဲဖို့ သို့မဟုတ် ငါ သူတစ်ပါးနှစ်ဦးသား ဆင်းရဲဖို့များ ဖြစ်မှာလား၊ ဆင်းရဲဒုက္ခပွားကြောင်း မကောင်းတဲ့ အကုသိုလ်အမှု့ (စကား) များ ဖြစ်မှာလားလို့ စဉ်းစားပါ ချစ်သား၊ ဒီလိုစဉ်းစားပြီးတဲ့နောက်မှာ ငါပြောမယ့် စကားဟာ ငါကိုယ်တိုင် ဆင်းရဲဖို့ သို့မဟုတ် သူတစ်ပါးဆင်းရဲဖို့ ဒါမှမဟုတ် ငါ သူတစ်ပါး နှစ်ဦးသားဆင်းရဲဖို့ဖြစ်မယ်ဆိုရင် ဒုက္ခပွားကြောင်း မကောင်းတဲ့ အကုသိုလ်စကာများဖြစ်မယ်ဆိုရင် အဲဒီဝစီကံမှု့မျိုး (စကားမျိုး) ကိုဘယ်တော့မှ မပြောပါနဲ့ ချစ်သား ရာဟုလာ…..။တကယ်လို့ ချစ်သား စဉ်းစားပြီးတဲ့အခါ ငါပြောမယ့်စကားဟာ ငါဆင်းရဲဖို့လည်းမဟုတ်ဘူး၊ သူတစ်ပါးဆင်းရဲဖို့လည်း မဟုတ်ဘူး၊ ငါ သူတစ်ပါး နှစ်ဦးသားဆင်းရဲဖို့လည်းမဟုတ်ဘူး။ နောက်ပြီး…ချမ်းသာပွားကြောင်း ကောင်းမြတ်တဲ့စကားတွေဖြစ်တယ်လို့ စဉ်းစားမိရင် အဲဒီက၀စီကံမှုမျိုး၊ စကားမျိုးကို ချစ်သား ပြာဖြစ်အောင် ပြောလိုက်ပါ။” ဒါက မပြောခင် စဉ်းစားရမယ့် စဉ်းစားသင့်တဲ့ နည်းပါ။
“ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ မနသာ ကမ္မံ ကတ္တဗ္ဗံ။”
“ချစ်သား ရာဟုလာ-မနောကံအမှု့ ကြံစည်မှု့ပြုတော့မယ်ဆိုရင် မကြံစည်ခင် ငါအခုကြံစည်တဲ့ အတွေးဟာ ငါဆင်းရဲဖို့ သို့မဟုတ် သူတစ်ပါးဆင်းရဲဖို့ ဒါမှမဟုတ် ငါ သူတစ်ပါး နှစ်ဦးသားဆင်းရဲဖို့များ ဖြစ်နေမှာလား၊ ဆင်းရဲပွားကြောင်း မကောင်းတဲ့ အကုသိုလ်အမှု့ (အတွေးတွေ)ဖြစ်နေမှာလားလို့ စဉ်းစားပါ ချစ်သား။ အဲဒီလို သင်ချစ်သား စဉ်းစားဆင်ခြင်ပြီးတဲ့နောက် ငါတွေးကြံတဲ့ အတွေးတွေဟာ ငါကိုယ်တိုင် ဆင်းရဲဖို့ ဒါမှမဟုတ် သူတစ်ပါးဆင်းရဲဖို့ သို့မဟုတ် ငါ သူတစ်ပါး နှစ်ဦးသား ဆင်းရဲဖို့ဖြစ်မယ်ဆိုရင် ဒုက္ခပွားကြောင်း မကောင်းတဲ့ အတွေးအကြံမျိုးဆိုရင် အဲဒီအတွေးမျိုးကို ဘယ်တော့မှာ မတွေးကြံပါနဲ ချစ်သား။ တကယ်လို့များ ချစ်သား သေသေချာချာ စဉ်းစားပြီးတဲ့နောက် ငါတွေးမယ့် အတွေးတွေဟာ ငါဆင်းရဲဖို့လည်းမဟုတ်ဘူး၊ သူတစ်ပါးဆင်းရဲဖို့လည်း မဟုတ်ဘူး၊ ငါ သူတစ်ပါး နှစ်ဦးသားဆင်းရဲဖို့လည်းမဟုတ်ဘူး။ နောက်ပြီး…ချမ်းသာပွားကြောင်း ကောင်းမြတ်တဲ့ အတွေးတွေဖြစ်တယ်လို့ စဉ်းစားမိရင် နားလည်သိရှိရင် အဲဒီအတွေးအကြံမျိုးကို ချစ်သား ကြံစည်ဖြစ်အောင် ကြံစည်လိုက်ပါ။”
တကယ်တော့ ဗုဒ္ဓမြတ်စွာက မပြုလုပ်ခင် စဉ်းစားလိုက်ပါဦး Think before you act ဆိုတဲ့ စကားတစ်ခုအတွက်မဟုတ်ပါဘူး။ Think while you are acting-ပြုလုပ်နေစဉ်မှာလည်း အထက်ကပြဆိုခဲ့တဲ့နည်းလမ်းအတိုင်း ပြုလုပ်နေစဉ် ပြောဆိုနေစဉ် တွေးနေစဉ်မှာလည်း ငါလုပ်နေတဲ့၊ ငါပြောနေတဲ့၊ ငါတွေးကြံနေတဲ့ အလုပ်၊ အပြော၊ အတွေးတွေဟာ မိမိ သူတစ်ပါး နှစ်ဦးသား ဒုက္ခပွားကြောင်း ဆင်းရဲကောင်းအကုသိုလ်ကံတွေဆိုရင် မပြုလုပ်ဖ္ခိုပွားကြောင်း ဆင်းရဲကောင်းအကုသိုလ်ကံတွေဆိုရင် မပြုလုပ်ဖို မပြောဆိုဖို့ မတွေးကြံဖို့နဲ့ ချမ်းသာပွားကြောင်း ကောင်းမြတ်တဲ့ ကုသိုလ်အလုပ်တွေဆိုရင် ချက်ချင်းပဲ ပြုလုပ်ဖို့ ပြောဆိုဖို့ တွေးကြံဖို့ဆိုတဲ့ စဉ်းစားမှု့လေး ပြုလိုက်ဖို့နဲ့ think after you act-ပြုလုပ်ပြီးတဲ့အခါမှာလည်း ငါပြုလုပ်လိုက်ခဲ့တဲ့ ပြောဆိုလိုက်ခဲ့တဲ့ တွေးကြံလိုက်ခဲ့တဲ့ အလုပ် အပြော၊ အတွေးတွေဟာ မိမိ သူတစ်ပါး နှစ်ဦးသား ဒုက္ခပွားကြောင်း ဆင်းရဲကောင်းအကုသိုလ်ကံတွေဆိုရင် မပြုလုပ်ဖ္ခိုပွားကြောင်း ဆင်းရဲကောင်းအကုသိုလ်ကံတွေဖြစ်ခဲ့သလား၊ ဖြစ်ခဲ့တယ်ဆိုရင် စောင့်စည်းတဲ့သံဝရစိတ်ကို မွေးမြူပြီးတော့ နောက်ထပ် မပြုလုပ်ဖို မပြောဆိုဖို့ မတွေးကြံဖို့နဲ့ ချမ်းသာပွားကြောင်း ကောင်းမြတ်တဲ့ ကုသိုလ်အလုပ်တွေဆိုရင် ချက်ချင်းပဲ ပြုလုပ်ဖို့ ပြောဆိုဖို့ တွေးကြံဖို့ ဟောထားပါသေးတယ်။
စာဖတ်သူအနေနဲ့ ဗုဒ္ဓရဲ့ အရာရာနဲ့ပတ်သက်ပြီး မပြုလုပ်ခင် မပြောဆိုခင် မတွေးကြံခင်မှာ စဉ်းစားရမယ့်၊ စဉ်းစားသင့်တဲ့ သဘောလေးကို နားလည်လိုက်ပြီလို့ ယုံကြည်လိုက်ပါတယ်။ ဒီတော့ စာရေးသူတို့အနေနဲ့ နေ့စဉ်တိုင်းမှာ မနောကံ-ဆိုတဲ့ ကြံစည်တွေးတောခြင်းကို ပြုလုပ်တဲ့အလုပ်၊ ၀စီကံ-ဆိုတဲ့ နှုတ်ဖြင့်ပြောဆို ပြုလုပ်တဲ့အလုပ်၊ ကာယကံ-ဆိုတဲ့ ကိုယ်အမူအရာဖြင့် ပြုလုပ်တဲ့အလုပ်ဆိုတဲ့ အလုပ်တွေ မလွဲမသွေလုပ်နေကြပါတယ်။
ဒီတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ် မြတ်ဗုဒ္ဓရဲ့ စကားတော်အတိုင်း စဉ်းစားဆင်ခြင်ပြီးတော့မှ ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ယံ ကမ္မံ ကရိဿာာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ တဿ ဒါယာဒေါ ဘ၀ိဿာမိ-ကောင်းတာကိုပဲ ပြုပြု၊ ဆိုးတာကိုပဲ ပြုပြု၊ ထိုငါလုပ်လိုက်တဲ့ ကံတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ ကောင်းမွေ ဆိုးမွေတွေကို ငါခံယူရမယ်”ဆိုတဲ့ နိယာမတစ်ခုက အထင်အရှားရှိပြီးသားမို့ပါ။ အမှန်တရားတစ်ခုဖြစ်နေလို့ပါ။ ကံတစ်ခုကို မပြုလုပ်ခင်မှာ ကောင်းတာကိုပဲ ပြုပြု၊ ဆိုးတာကိုပဲ ပြုပြု၊ ထိုငါလုပ်လိုက်တဲ့ ကံတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ ကောင်းမွေ ဆိုးမွေတွေကို ငါခံယူရမယ် ဆိုတဲ့စကားလေး သုံးခေါက်လောက် ရွတ်ဆိုလိုက်ပါ။
ရွတ်ဆိုပြီးတဲ့အခါ ချမ်းသာပွားကြောင်း ကြီးပွားကြောင်းတွေဖြစ်တဲ့ ကောင်းမွေကိုရယူပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအကျိုးတရားတွေကို မပေးနိုင်တဲ့ မကောင်းကံတွေကို ဖယ်ရှားပစ်ပြီး မိမိအလိုရှိတဲ့ ချမ်းသာကြီးပွားကြောင်းတွေကို အမှန်တကယ် ပေးနိုင်တဲ့ ကံသုံးပါးလုံးမှာ ကောင်းကံတွေပြုလုပ်လိုက်ဖို့ပါပဲ……….။
(ဥယျာဉ်မှူးလေး)
ကျမ်းကိုး။ ။
မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
မင်းကွန်းတိပိဋက သြ၀ါဒကထာပေါင်းချူပ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP