* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 10, 2011

*သံသရာ*

သံသရာဟူသည် တစ်ဘ၀မှ တစ်ဘ၀ တပြောင်းပြန်ပြန် အဖန်ဖန် အထပ်ထပ် အဆက်မပြတ် ဖြစ်ပျက်ခြင်းပင် ဖြစ်ပါသည်။ အဌသာလိနီအဌကထာ၌လည်း “ခန္ဓာ အာယတန ဓာတ်တရားတို့၏ အဆက်မပြတ်သော ဖြစ်စဉ်သည် သံသရာမည်၏” ဟု ဖော်ပြထားပါသည်။
ဤတွင် သတိပြုစရာ ရှိလာ၏။ သတ္တ၀ါတို့သည် ဤသို့ သံသရာလည်ပတ်ကြရာ၌ “ဤဘ၀ ဤဘုံမှ ရုပ်နာမ်ကပင် ထိုဘ၀ ထိုဘုံ၌ ပြောင်းရွှေ့ဖြစ်ပျက်၏” ဟု မစွဲယူသင့်ခြင်း ဖြစ်သည်။ ထိုသို့ စွဲယူပါက သဿတဒိဌိ (မြဲ၏ဟူသော အမှားများ) ဖြစ်လိမ့်မည်။ တစ်ဖန် “ဤဘ၀ ဤဘုံမှ ရုပ်နာမ်သည် ဤဘ၀ ဤဘုံမှာပင် သေကျေ ကင်းပြတ်၏၊ နောက်ဘ၀ နောက်ဘုံနှင့် ဘာမျှမသက်ဆိုင်” ဟု စွဲယူပြန်လျှင်လည်း ဥစ္ဆေဒဒိဌိ (သေလျင်ပြတ်၏ ဟူသော အယူမှား) ဖြစ်လိမ့်ဦးမည်။ မြတ်ဗုဒ္ဓကား ယင်းအယူအဆနှစ်ခုတို့၏ အကြားမှာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်းကိုသာ ညွန်ပြတော်မူလေသည်။
ဤအကြောင်းနှင့် ပတ်သက်၍ ဤဘ၀ ဤဘုံမှ ရုပ်နာမ်တစုံတရာက မပြောင်းရွှေ့ဘဲ ဟိုဘ၀ ဟိုဘုံ၌ ပဋ္ဋိသန္ဓေ နေနိုင်ပုံကို မိလိန္ဒပဥှာတွင် ဤသို့ ပြဆိုထား၏-
အရှင်နာဂသေန။ ။မင်းမြတ်- ဥပမာကား တစ်စုံတယောက်သော ယောင်္ကျားသည် မီးတိုင်တစ်ခုမှ မီးတိုင်တစ်ခုကို ညှိထွန်း၏။ မင်းမြတ် အသို့နည်း၊ ထိုမီးသည် ထိုမီးတိုင်မှ ပြောင်းရွှေ့သွားသလော?
မိလိန္ဒမင်း။ ။အရှင်ဘုရား- မပြောင်းရွှေ့ပါ။
အရှင်နာဂသေန။ ။မင်းမြတ်- ဤအတူပင် ဤဘ၀မှ တစုံတရာ မပြောင်းရွှေ့ဘဲ ပဋ္ဋိသန္ဓေဖြစ်၏။
မိလိန္ဒမင်း။ ။ထို့ထက် အလွန် ဥပမာ ပြုပါဦးလော့?
အရှင်နာဂသေန။ ။မင်းမြတ်- သင်မင်းမြတ်သည် ငယ်စဉ်က ကဗျာဆရာထံမှ တစုံတခုသော ကဗျာကို သင်ဖူးကြောင်း မှတ်မိပါ၏လော?
မိလိန္ဒမင်း။ ။အရှင်ဘုရား- မှတ်မိပါ၏။
အရှင်နာဂသေန။ ။မင်းမြတ်-အသို့နည်း၊ ထိုကဗျာသည် ဆရာ့ထံမှ ပြောင်းရွှေ့လာသလော?
မိလိန္ဒမင်း။ ။အရှင်ဘုရား-မပြောင်းရွှေ့ပါ။
အရှင်နာဂသေန။ ။မင်းမြတ်-ဤအတူသာလျှင် ဤဘ၀မှ တစုံတရာ မပြောင်းရွှေ့ဘဲ ဟိုဘ၀၌ ပဋ္ဋိသန္ဓေစွဲယူ၏။
သို့ဖြစ်၍ တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့၍ သံသရာလည်ပတ်ရာတွင် ဤဘ၀ ဤဘုံမှ ရုပ်နာမ်နှင့် ဟိုဘ၀ ဟိုဘုံမှ ရုပ်နာမ်သည် ထပ်တူထပ်မျှ လုံးဝတူသည်လည်းမဟုတ်၊ တကွဲတပြား လုံးဝခြားနားသည်လည်း မဟုတ်၊ နွားနို့မှ နို့ဓမ်းစသည် ဖြစ်ရာတွင် နို့ဓမ်းသည် နွားနို့မဟုတ်သော်လည်း နွားနို့နှင့် အကြောင်းမကင်းသကဲ့သို့ ထို့အတူပင် ဤဘ၀ ဤဘုံမှ ရုပ်နာမ်အကြောင်းကြောင့် ဟိုဘ၀ဟိုဘုံမှ ရုပ်နာမ်အကျိုးတရား ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ဤသို့ တစ်ဘ၀မှ တစ်ဘ၀ ပြောင်းရွှေ့ဖြစ်ပျက်ရာ၌ သံသရာခရီးကား ရှည်ဝေးကြာမြင့်လွန်းလှ၏၊ သမုဒ္ဒရာသည် ဆုံးစမမြင် ကျယ်ပြန့်သလိုပင် သံသရာသည်လည်း ဆုံးစမမြင် အလွန်ပင် ရှည်လျားလှပါ၏၊ သံသရာဟူသော သမုဒ္ဒရာ၏ အနားရေးကမ်းစကို ဘယ်မှာ စတင်ခဲ့ကြောင်း မသိနိုင်ပေ၊ သံသရာ၏ ရှေ့ဖျား အနားရေး အစကား နှစ်ပေါင်း ရာထောင် စသည်ကြာခဲ့ပြီ၊ ကမ္ဘာပေါင်း ရာထောင် စသည် ရှည်ခဲ့ပြီ၊ “ဤမင်း ဤဘုရားလက်ထက်က စတင် ဖြစ်ခဲ့သည်၊ ထိုကာလ၏ ရှေးက စတင် မဖြစ်ပေါ်ခဲ့သေး” ဟု ခေတ်ကာလကို သတ်မှတ်၍ မရနိုင်။ ထို့ကြောင့် “သမုဒ္ဒရာ အသွင် သံသရာခွင်” (သံသာရ သာဂရ) ဟု ဖွင့်ဆိုကြခြင်း ဖြစ်ပါ၏။
သာသနာရေး ၀န်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ ပြန်လည် ကူးယူပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ။
တောသားလေး
Be the first to rate this [?]

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP