ဘလော့ဂ်တာ…(၇)
“Google က အလကားတွေပေးပြီး အကုန်မှတ်ထားတာနော်… နောင်နှစ်လေးဆယ်လောက်ကျရင် အမှတ်မထင် ကိုယ်ရေးခဲ့တာတွေက ကိုယ့်ကို ပြန်ချောက်လှန့်မှာတဲ့…” ကိုဧရာက သတင်းနားထောင်ပြီး မသီတာကို တဆင့်လှမ်းပြောလိုက်ခြင်းပါ။
“အမလေး ချောက်ပါစေ လှန့်ပါစေတော်… ချောက်စေ လှန့်စေချင်လွန်းလို့ပါ” လို့ ပြန်ပြောလိုက်တော့
သူကလည်း “အေးလေ” တဲ့။
ဘလော့ဂ်လုပ်တာကို အားပေးပေမဲ့ မသီတာ စာရေးရင် ကိုယ်ရေးကိုယ်တာတွေချည်း ရေးတယ်ဆိုပြီး ကိုဧရာက သိပ်သဘောမကျချင်ပါဘူး။ သားတော်ကြီး ရေချမ်းကလည်း ပြောလာသေးတယ်။ “ဖေဖေတို့ မေမေတို့ စာရေးတယ် ဆိုရင်လည်း နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းအရာတွေ ရေးမှပေါ့” … “ဒါမှပိုက်ဆံရမှာပေါ့” တဲ့။ တိန်)))
ဖအေလုပ်သူကတော့ “အဲ့လိုမျိုးတွေ ရေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူးကွ” လို့ ပြန်ဖြေနေရှာသေးတယ်။
၂၀၀၄ခုနှစ်၊ ဧပြီလထုတ် ယဉ်ကျေးမှုမဂ္ဂဇင်း၊ မနုဿကျော်ဝင်း ရေးသားတဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်း ဆောင်းပါးမှာ-
မောင်လင်းသည် ဦးသက်ဝင်းပေးသော မှတ်စုစာအုပ်ကလေးကို ဖွင့်လိုက်ရာ မှတ်စုအတိုအထွာကလေးများကို အောက်ပါအတိုင်း တွေ့ရှိရ၏။ ထိုမှတ်စုကလေးများ၏ အောက်ခြေ၌လည်း မည်သည့်စာအုပ်စာပေမှ ထုတ်နုတ်မှတ်သားထားကြောင်း မှတ်ချက်ဖြင့် ရေးသားဖော်ပြထားသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရလေသည်။
…
စာဖတ်ခြင်းကား ပြည့်ဝစေ၏။ ဆွေးနွေးခြင်းကား ဖျတ်လတ်တက်ကြွစေ၏။ ရေးသားခြင်းကား တိကျစေ၏။ဆိုတာလေး အမှတ်မထင် ဖတ်လိုက်ရတော့ ကိုယ်ပိုင်ဘလော့ဂ်ထောင်ပြီး လုပ်နေတဲ့ ဘလော့ဂ်ပို့စ်များ ဖတ်ခြင်း၊ ကော်မန့်များ ရေးခြင်း၊ ကိုယ်တိုင် ဘလော့ဂ်ပို့စ်များ ရေးသားခြင်း၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့် အကျိုးတရားတို့ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ရပါတယ်။(………)
"Reading makes a full man; conference a ready man; and writing an exact man."

0 comments:
Post a Comment