* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 18, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားအလှူ


ကျွန်မတို့ အားလုံး ရဲ့ လောကသုံးပါးရဲ့ အားထား မှီခို ရာ ကျေးဇူးတော်ရှင် ဂေါတမ မြတ်စွာဘုရား ပွင့်ထွန်း ပေါ်ပေါက်လာ ခဲ့တာ အခု ကဆုန်လပြည့် (၁၃၇၃ ခုနှစ်) မှာ နှစ်ပေါင်း ၂၆၀၀ တင်းတင်းပြည့်ခဲ့ပါပြီ။

ဘုရားရှင်တော်၊ မပွင့်ပေါ်လျင်၊ လူတော် အများစိတ်ကောင်းထားလည်း၊
ဤကားသုသိုလ်၊ အကုသိုလ် ဟု၊ ထို ထိုဘုံဘဝ မသိရ၊ များလှ အပြစ်တွေ..။
ဘုရားရှင်တော် ၊ပွင့်ထွန်းပေါ်၍၊ ဟော ဖေါ်ညွှန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ် နှင့် ၊ထို ထို ဘုံဘဝ သိကြရ၊ များလှ ကျေးဇူးပေ..။
ကျေးဇူးတော် ရှင်၊ ဘုရားရှင် ကို၊ဦးတင် မပြတ်၊ကျေးဇူးဆပ်ဘို့
အမြတ်ရတနာ၊ သာသနာ၏ နိုင်ရာဝန်ထမ်း၊ကိုယ် စီစွမ်း၊ကြိုးပမ်းကြပါစို့..။

ဆိုတဲ့ ယဉ်ကျေးမှုသင်တန်းမှ အရှင်ဇနကာဘိဝံသ ရဲ့ ကဗျာလေး ကို နှုတ်က ရွတ်ဆိုမိပါသေးတယ်။

ဘုရားရှင် ရဲ့မွေးနေ့ နှစ်ပတ်လည် ပွင့်ပေါ်ခြင်း နှစ်ပတ်လည် ပရိနိဗ္ဗာန်ပြုခြင်း (ဖွား၊ပွင့်၊ဟော၊စံ၊ ဗျာဒိတ်ခံခြင်း) နှစ်ပတ်လည် အခါသမယမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီး မှာ နည်းပေါင်းစုံနဲ့ ပူဇော်မှုတွေ ပြုနေကြပါလိမ့်မယ်..။ ဘုရားရှင်ရဲ့ အမြတ်ရတနာ သာသနာ ကိုနိုင်ရာဝန်ထမ်း ကြိုးပမ်း နေကြ တာမို့ ကျွန်မသည်လည်း နိုင်မယ်လို့ထင်ရတဲ့ တာဝန်လေး တစ်ခုကို ထမ်းရွက်ခဲ့ပါတယ်။

မေလဆန်း တုံးက ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး စင်္ကပူနိုင်ငံဓမ္မဒူတ ခရီးစဉ်မှာ ဖုန်းနဲ့ ဂါရဝ ပြုခဲ့ ပါတယ်။အဲဒီနေ့မှာ တိုက်တိုက် ဆိုင်ဆိုင် ပိုင်းလော့ဆရာတော် ဘုရား နှင့် နောက်ထပ်ဘုန်းဘုန်းတစ်ပါး ဖြစ်တဲ့ဘုန်းဘုန်းဓမ္မဂင်္ဂါ တို့၏ သာသနာပြု လုပ်ငန်း website များ ရေးသား စောင့်ရှောက်ပေး ရန် တာဝန်များ ရရှိခဲ့ပါတယ်။

ကျွန်မ ပိုင်းလော့ဆရာတော် တပည့် အဖြစ်ရပ်တည်ပြီးကတည်းက ဆရာတော် ဘုရား၏ ဆုံးဖြတ်ချက် အကြံဉာဏ်များ ကို ရယူပြီးမှ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်..။ ကိစ္စများ ပြဿနာ များရှိရင်လည်း ဘုန်းဘုန်းထံပြေးရပါတယ်။

ဘုန်းဘုန်းကလည်း မှတ်သားဖွယ် ဆုံးမပြီးမှ အကြံပေးလေ့ရှိပါတယ်။

မြန်မာပြည်မှ နေစဉ် ကျွန်မ သင်တန်းတွေဖွင့် တဲ့အခါ မှာ ပြောဘူးတာ မှတ်မိနေပါသေးတယ်..

*သမီး ဘာပဲလုပ်လုပ် စေတနာ ကိုအပြည့် အဝထားပါ၊ကိုယ့်အတွက်ဆိုတာ မေ့ထား တစ်ဘက်သား ကောင်းကျိုးစီးပွား ရအောင် ဘယ်လိုဆောင်ရွက်ပေး ရမလဲ ဆိုတာ ရာနှုန်းပြည့် တွေးပြီး လေးလေးနက်နက် ထက်ထက်သန်သန်သာလုပ်ပါတဲ့။ အဲဒီစိတ် ထားနိုင်ရင် တစ်နာရီရ တစ်နာရီသင်၊ တစ်ယောက်ရတစ်ယောက် အကျိုးရှိတာမို့ အဲဒီ တစ်ယောက်ကို သင်ပေတော့တဲ့။

ဘုရားအလောင်း သုမေဓာ လမ်းပေါ်မှာ အလျားမှောက် တယ်ဆိုတာ လွယ်လွယ်လေး လူတိုင်းမှောက်တတ်ပါတယ်တဲ့။ ဒါပေမဲ့ သတ္တဝါတွေအပေါ်ထားတဲ့ မဟာကရုဏာ ၊စေတနာ တရားကတော့လူတိုင်းမလုပ်နိုင်ဘူးတဲ့။ သေးဖွဲ တဲ့အလုပ်ပေမဲ့ စေတနာ စွမ်းအင်က စကြာဝဠာမက ကြီးကျယ် မြင့်မြတ် စေခဲ့တာမို့ ဘုရားဖြစ်လိမ့်မယ် ဆိုတဲ့ဗျာဒိတ်ပန်း ကိုဆွတ်လှမ်းခံယူရရှိခဲ့တာ ဖြစ်တယ်* တဲ့။

ကျွန်မ ကိုယ့်စိတ်ကို ပြန်စစ်ကြည့်တော့ အလုပ်တခု လုပ်မယ်ကြံရင် ကောင်းပါ့မလား၊ အောင်မြင်ပါ့မလား၊ အကျိုးအမြတ် ရှိပါ့မလား။ ဘယ်သူ တွေကငါ့ကို ဘာပြောကြမလဲ ဆိုတဲ့ မေးခွန်းတွေက တစ်ခါ တစ်ခါ ရှေ့တိုးဘို့ တွေဝေ တွန့်ဆုတ်စေတာ ဖြစ်ပါတယ်။နေရာယူချင်တာ ထင်ပေါ်ချင်တာ တွေပါနေတာလား။ သူများအပေါ်က နေဘို့ သူများထက်သာ ဘို့ ယှဉ်ပြိုင်ဘို့ လုပ်နေခဲ့လား ရှိရပါဘူး။ အမှန်တကယ်ဖြောင့်စင်းဘို့ လိုအပ်လှပါတယ်။တစ်ဘက်သား ကိုယ့်ထက် သာရင် ပျော်နေရမှာတဲ့ ဘုန်းဘုန်းကမှာပါတယ်။

မေးခွန်းတွေမေးရင်း ငါ့အတွက်….ငါ့အတွက် ဆိုတဲ့ ငါဘက်က ကြည့်ခဲ့တယ်ဆိုတာ ပြန်တွေ့ရပါတယ်။

ဘုန်းဘုန်း ရဲ့ သြဝါဒ အရ တစ်ဘက်သား အပေါ် ကုသိုလ် ၊ပညာ၊ဥစ္စာ တိုးအောင် ဘာလုပ်ပေးရမလဲဆိုတဲ့အမြင်ကို မွေးမြူနိုင်အောင်ကြိုးစားပါတယ်။

အဲလို သူ့အတွက်ဆိုတာ ကို ကြည့်မိတဲ့အခါ တစ်ခွန်း ရရ တစ်နာရီရရ အကျိုးရှိစေရမယ်ဆိုတဲ့ ထက်သန်တဲ့စေတနာတွေ မြစ်တစ်စင်းလို စီးဆင်းလိုက်တာ..ခွန်အားတွေ အပြည့်ပါပဲ..။ အခက်အခဲတွေ့ခဲ့ ရင်လည်း အဲဒီခွန်အား နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဘုန်းဘုန်း ဆုံးမ ခဲ့တဲ့စကားတွေ၊ ကိုယ်တွေ့ လေးတွေကို ကျွန်မ ဘလော့စရေး ကတည်းက ဆောင်းပါးအတိုလေးတွေရေးသား မျှဝေ ခဲ့တာပါ။အခု နာဂစ် မုန်တိုင်းကယ်ဆယ်ရေး ဆောင်းပါးတွေ ရေးမိတော့ သဘောတူပါ့မလား လို့ မေးလျှောက်မိပါတယ်။ဘုန်းဘုန်းက Webiste http://www.pilotsayadaw.net မှာ တင်လိုက်ဘို့ မိန့်ပါတယ်..။ ဒီဆိုက်ကလေး ရဲ့ ရာဇဝင်ကို သိထားတဲ့ကျွန်မ က မူလကုသိုလ်ရှင်တွေရယ် ဖန်တီးရှင်တွေဖြစ်တဲ့ ကိုမျိုး(ဓမ္မရံသီ) ၊ ကိုဝင်းမြင့်၊မမေဟန် တို့ နဲ့ တိုင်ပင် ခဲ့ပါတယ်။ ခန့်ခန့်ညားညား ဖန်တီးမှုလေးတွေကိုလည်းခြေရာလက်ရာမပျက် ဆက်လက် တည်ရှိစေလိုပါတယ်။ ဒါကြောင့်မို့ ကျွန်မ သည် ကဆုန်လပြည့်ဗုဒ္ဓနေ့အမီ မှာ ဆရာသမားကိုကျေးဇူးဆပ် ဘလော့တစ်ခုလေးဖန်တီးခဲ့ပါတယ်။ http://www.pilotsayadw.org မှာ ဘလော့ပုံစံလေး နဲ့ သတင်းများ ဆုံးမစကား တရားတွေ မျှဝေရေးသားမှာဖြစ်ပါတယ်။



နောက်တစ်ခုက ဘုန်းဘုန်းဓမ္မဂင်္ဂါ ရဲ့ Dhamma Ganga Pali Institute Blog လေးဖြစ်ပါတယ်။ http://www.dgpi.net

တိုင်းတပါး သားတို့ရဲ့ တက္ကသိုလ်တွေ မှာ ဆရာလုပ်နေကြ ရတဲ့ ဘဝချင်း တူတာ မို့ ဘုန်းဘုန်း ရဲ့ တာဝန်ယူရမှုကိုကျွန်မ မှန်းဆနိုင်ပါတယ်။ စေတနာ တွေကရှေ့ပြေး နေပြီး တစ်ချိန်ချိန်မှာ သူတတ်သလို တတ်စေရေမယ်ဆို တဲ့ စေတနာ အိပ်မက်က အမြဲမက်နေတော့တာပါ။ လူကတော့ မကျန်းမာတာရယ်၊ စာရေးတာရယ် ၊ စာသင်ရတာရယ် ၊ စာတမ်းရေးရတာရယ် နဲ့ လုံးလည် ချာလပတ်လိုက်နေတဲ့ကြားထဲကကို ရသမြောက်ဆောင်းပါးတွေတစ်ပုံတစ်ပင်ရေးဖွဲ့နိုင်သော ရဟန်းတစ်ပါးလည်းဖြစ်ပါတယ်။ အင်မတန်မှ လူ့စရိုက် ကို နှိုက်နှိုက်ချွတ်ချွတ် ပီပီပြင်ပြင် ရေးဖွဲ့ နိုင်တဲ့ မို့ အွန်လိုင်းစာဖတ် ပရိသတ် မှာလည်း တောင့်တင်းလှပါတယ်။

Dhamma Ganga Pali Institute Face Book စာမျက်နှာ မှာ Admin လုပ်ဘို့ ပြောတာကို ကျွန်မ လက်ခံခဲ့ပါတယ်။ အဲဒီမှာတင်တဲ့ ပိုစ့်များ နှင့် သင်တန်းမှတ်စုများ ကိုနောင်တစ်ချိန်မှာ ပါဠိစာပေ လေ့လာလိုကြသူ ကမ္ဘာပေါ်က မည်သူမဆို အလွယ်တကူကြည့်ရှုနိုင်ကြပါစေရန် ။Dhamma Ganga Pali Institute Blog တစ်ခုကို ဖန်တီးရင်း တရားအလှူ ပြုလိုက်တာ ဖြစ်ပါတယ်။

အဘက်ဘက်က ပါရမီဖြည့်ကူညီကြသူတွေ ရဲ့ စေတနာနဲ့ မေတ္တာတရား တို့ မပါဝင်ပဲ ဤသို့ ပြုလုပ်ဆောင်ရွက် နိုင်ကြပါ မဟုတ်ပါဘူး။ Domain Name တစ်ခု ရဘို့ ပင်ပန်းနေ တဲ့ကြားက စိတ်ရှည် လက်ရှည် မညည်းမညူ ကူလည်း ကူညီတယ် ငွေကြေးစိုက်ထုတ် လှူဒါန်း ပေးတဲ့ ပင်တိုင်ဘလော့အမ မမြကြေး မုံ (နော်ဝေး) ရဲ့ စေတနာကို ချီးလည်းချီးကျူး ရသလို အမှန်တကယ်လည်း ကျေးဇူးတင်လေးစား လှပါတယ်။

နောက် စေတနာ ထက်သန်စွာ Credit Card ပေးသုံး ဝယ်ယူစေတဲ့ ကိုချိုထွန်းအောင် (Stockton, CA, USA) ရဲ့ကျေးဇူးကိုလည်း မှတ်တမ်းပြုလိုပါတယ်။

တရားတော်များ ကို လင့်ချိတ်ခွင့်ပြုပေးတဲ့

http://www.dhammadownload.com ( ဦးကျော်လွင်)

http://www.dhammaransi.net (ကိုမျိုး)

တို့ ကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း ဗုဒ္ဓနေ့ တရားအလှူ တွင် ပါဝင် ပါကြောင်း ပြောကြားလိုပါတယ်။ နောက် နှုတ် ၏ စောင်မခြင်း၊ လက် ၏ စောင်မခြင်း တို့ဖြင့် ကူညီ ကြ မျှဝေပေးကြတဲ့ ကိုမျိုးမြတ်သူ၊ ကိုပြည့်စုံအောင် နဲ့ တကွ စင်္ကပူမှ ပါဠိသင်တန်းသူများ ၊ အလင်းစေတမန် ရပ်ဝန်းမှ ကျေးဇူးတင်ထိုက်သူများ အားလုံးကို မမေ့မလျှော့ ထာဝစဉ် ဦးညွှတ်လျှက်ရှိ ပါကြောင်း ။ ဤ ဗုဒ္ဓနေ့ ဓမ္မဒါန ကုသိုလ်များ တွင် စုပေါင်း ပါဝင်ကြပါကြောင်း ဝမ်းမြောက်ကြပါရန် ပြောကြား မျှဝေလိုက်ပါရစေရှင့်။

လိုအပ်သည်များကို လည်း ဝေဖန်အကြံပြုပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။

မေတ္တာဖြင့်

သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP