* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 31, 2011

ပါကဒါနပရိယာယစတုက္က (အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄ မျိုး )

ယခင်ပို့စ်များတွင် ကာလအားဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအားဖြင့်သောလည်းကောင်း ကံ (၄)မျိုးစီ ရှိကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုတဖန်…အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄ မျိုး ရှိကြောင်းကိုလည်း ရေးသားလိုပါသည်။
၎င်းကို ပါဠိဘာသာဖြင့်…ပါကဒါနပရိယာယစတုက္က ဟု ခေါ်သည်။

အကျိုးပေး အလှည့်အစဉ် အားဖြင့် ကံ ၄မျိုး တို့မှာ…

  1. ဂရုကံ
  2. အာသန္နကံ
  3. အာစိဏ္ဏကံ
  4. ကဋတ္တာကံ…တို့ ဖြစ်ကြသည်။

ဂရုကကံ

ဂရုကကံ ဆိုသည်မှာ..ကြီးလေးသောကံ၊ အားကြီးသောကံ ဖြစ်သည်။
သေပြီးနောက်.. ဒုတိယဘ၀၌ မုချမသွေ အကျိုးပေးမြဲသော အားကြီးသောကံ ဖြစ်သည်။
ဂရုကကံ၌…ကုသိုလ်ဂရုကကံ နှင့် အကုသိုလ်ဂရုကကံ ဟု၍ (၂)မျိုး ရှိ၏။

ကုသိုလ်ဂရုကကံမှာ..မဟဂ္ဂုတ်ကုသိုလ်ကံမျိုးကို ဆိုလိုသည်။
မဟဂ္ဂုတ်ကုသိုလ်ကံဆိုသည်မှာ… ဒါန သီလ စသော ကာမကုသိုလ်တို့ထက် သာလွန် အဆင့်မြင့်သော ဈာန်ကုသိုလ်မျိုးကိုဆို၏။
ရူပကုသိုလ် နှင့် အရူပကုသိုလ်တို့သည် အဆင့်မြင့်သော အစွမ်းထက်သော ဈာန်ကုသိုလ်များဖြစ်ကြသည်။

ရူပကုသိုလ် (၅)ပါး ရှိ၏။

  1. ပထမဈာန်ကုသိုလ်၊
  2. ဒုတိယဈာန်ကုသိုလ်၊
  3. တတိယဈာန်ကုသိုလ်၊
  4. စတုတ္ထဈာန်ကုသိုလ်၊
  5. ပဉ္စမဈာန်ကုသိုလ် တို့ ဖြစ်၏။

အရူပကုသိုလ် (၄)ပါး ရှိသည်။

  1. အာကာသာနဉ္စာယတနကုသိုလ်၊
  2. ၀ိညာဏဉ္စာယတနကုသိုလ်၊
  3. အာကိဉ္စညာယတနကုသိုလ်၊
  4. နေ၀သညာနာသညာယတနကုသိုလ် တို့ ဖြစ်ကြ၏။

ထို ရုပကုသိုလ် နှင့် အရူပကုသိုလ်များသည်ပင် မဟဂ္ဂုတ်ကုသိုလ်များဖြစ်ကြ၏။
ထိုမဟဂ္ဂုတ်ကုသိုလ်များသည်..ကုသိုလ်အရာ၌ အားကြီးသောကုသိုလ်ကံများဖြစ်သည်။
ထိုကံတို့သည် အားကြီးသောကြောင့် မုချမသွေ အကျိုးပေးမြဲသောကံများဖြစ်ကြသည်။
ဈာန်ရပြီး ပုဂ္ဂိုလ်သည်..သေလျင် ဗြဟ္မာ့ပြည်သို့ ဧကန် ရောက်၏။..တခြားကံအကျိုးများက ၀င်ရောက်၍ မတားမြစ်နိုင်ပေ။..
ထိုအားကြီးသောကုသိုလ်ကံများကို ကုသိုလ်ဂရုကကံဟု ခေါ်သည်။

ဂရုကကံကို အကုသိုလ်အရာ၌ ဆိုရလျင်..ပဉ္စာနန္တရိကကံ ပင်ဖြစ်၏။ သာမာန် သူ့အသတ်သတ်ခြင်း၊ သူ့ပစ္စည်းခိုးခြင်း တို့သည်..အကုသိုလ်ဂရုကကံများ မဟုတ်သေးပေ။
အားကြီးသော အကုသိုလ်ကံဖြစ်သည့်….ပဉ္စာနန္တရိကကံ ဆိုသည်မှာ..

  1. အမိ ကို သတ်ခြင်း
  2. အဖ ကို သတ်ခြင်း
  3. ရဟန္တာ ကို သတ်ခြင်း၊
  4. ဘုရားရှင် အား သွေးစိမ်းတည်အောင်ပြုခြင်း၊ နှင့်
  5. သံဃာအသင်းခွဲခြင်း….စသည့် ကံကြီးများ ဖြစ်သည်။

ထိုအကုသိုလ်ကံကြီးများ၌လည်း..အပြစ်အကြီးဆုံးကံမှာ.. သံဃာအသင်းခွဲခြင်း ဖြစ်သည်။
ဒုတိယအားဖြင့် အပြစ်ကြီးသောကံမှာ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်း ဖြစ်သည်။
တတိယအနေဖြင့် အပြစ်ကြီးလေးသောကံမှာ…ရဟန္တာ ကို သတ်ခြင်း ဖြစ်သည်။
ထို့နောက် အပြစ်ကြီးသောကံမှာ..အမိ ၊ အဖ တို့ကို သတ်ခြင်း ဖြစ်ပေသည်။
အမိ နှင့် အဖ တို့တွင်လည်း သီလချင်း တူညီနေလျင်..အမိကို သတ်ခြင်းက..ပို၍ အပြစ်ကြီးမားပေသည်။
ပဉ္စာနန္တရိယကံ ရှိခဲ့သူသည် ဧကန်မုချ အ၀ီစိငရဲသို့ ကျရောက်ရပေမည်။

ထို့ကြောင့် ဂရုကကံ ဆိုသည်မှာ..ကုသိုလ်အရာမှာဖြစ်စေ အကုသိုလ်အရာမှာဖြစ်စေ အကျိုးပေးမြဲသော အားကြီးသော ကံမျိုးကို ဆို၏။

အာသန္နကံ

အာသန္နကံဆိုသည်မှာ…

  1. သေခါနီးအချိန်၌ ကပ်၍ပြုသော ကုသိုလ် (သို့) အကုသိုလ် စေတနာ (ကံ) ဖြစ်သည်။
  2. ရှေးက ပြုခဲ့ဖူးသော ကံတခုခုအား…သေခါနီးအချိန်၌ အမှတ်ရကာ အောက်မေ့ဆင်ခြင်မိသော ကုသိုလ်(သို့) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။

အာသန္နကံ၌လည်း ကုသိုလ် အာသန္နကံ နှင့် အကုသိုလ် အာသန္နကံ ဟူ၍ ၂ မျိုးရှိ၏။
အာသန္နကံသည် အရေးကြီးသည်။ မသေခင် မိမိသည် (ဒါန သီလ စသော) ကောင်းမှု ကုသိုလ်များ ပြုလုပ်ခဲ့သော်ငြားလည်း..သေခါနီးအချိန်၌ စိတ်ဆိုးမှု ဒေါသဖြင့်သော်လည်းကောင်း၊ စွဲလမ်းမှု လောဘဖြင့်သော်လည်းကောင်း..စသော
စိတ်အနှောက်အယှက်တခုခုဖြင့် သေဆုံးသွားခဲ့လျင် ဒုတိယဘ၀၌ မကောင်းသော ဘုံဘ၀သို့ ကျရောက်ပေသည်။

ထို့ကြောင့် သေခါနီးအချိန်၌ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကို အာရုံပြု၍သော်လည်းကောင်း၊
မိမိ၏ မြတ်သောဒါနကိုလည်းကောင်း၊ သင်ယူမှတ်သားခဲ့ဖူးသော တရားဓမ္မများကိုလည်းကောင်း အာရုံပြု၍ စိတ်ထား ကောင်းကောင်း ရှိဖို့ရန် လိုအပ်ပေမည်။
သို့မှသာလျင် ဒုတိယဘ၀၌ ကောင်းရာ သုဂတိဘ၀သို့ ရောက်နိုင်ပေမည်။

အာစိဏ္ဏကံ

နေ့စဉ် မပြတ် လေ့ကျက် ပြုလုပ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ (ကံ)မျိုးဖြစ်သည်။
(သို့မဟုတ်) တကြိမ်ပြုဖူး၍ မပြတ် အောက်မေ့ သတိရအပ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ (ကံ)မျိုးဖြစ်သည်။

နေ့စဉ် ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း..စသည်တို့သည် ကုသိုလ် အာစိဏ္ဏကံများ ဖြစ်သည်။
နေ့စဉ် ဆဲဆိုခြင်း၊ အရက်သောက်ခြင်း၊ သတ်ဖြတ်ခြင်း စသည်တို့သည် အကုသိုလ် အာစိဏ္ဏကံများ ဖြစ်ကြသည်။

ကုသိုလ်အာစိဏ္ဏကံသည် အမှန်ပင် အားကိုးရပေသည်။ ထိုကုသိုလ်အာစိဏ္ဏကံသည်ပင်လျင် သေခါနီး၌ ကုသိုလ်အာသန္နကံ ဖြစ်သွားတတ်ပေသည်။
အမြဲတမ်း အလေ့အကျင့် ပြုထားသောကြောင့် သေခါနီးအချိန်၌ ကောင်းရာ အာရုံများ မိမိစိတ်တွင် ထင်ပေါ်လာနိုင်သောကြောင့်ဖြစ်ပေသည်။

ကဋတ္တာကံ
ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘ၀၌ သာမာန်ပြုလုပ်အပ်သော ကံမျိုးဖြစ်သည်။
ရှေးကံ(၃)ပါးမှလွတ်သော ရံခါပြုသော ကုသိုလ် (သို့မဟုတ်) အကုသိုလ် သာမည(သာမာန်)ကံများပင် ဖြစ်၏။

အထက်၌ ဖော်ပြခဲ့သော ထိုကံ ၄ မျိုးတို့၏ အကျိုးပေးအစဉ် အလှည့်မှာ..

ဂရုကကံ ရှိလျင်…ကရုကကံသည် ဦးစွာ အကျိုးပေးမယ်..
ဂရုကကံ မရှိခဲ့လျင်..အာသန္နကံ သည် အကျိုးပေးမည်..
ဂရုကကံလည်း မရှိ ၊ အာသန္နကံလည်း မရှိခဲ့လျင်..အာစိဏ္ဏကံသည် ၀င်ရောက် အကျိုးပေးမည်။
ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ တို့ ၃ ခုလုံးမရှိမှသာလျင်..သာမာန် ကဋတ္တာကံများ အကျိုးပေးမည်။

သေခါနီးအချိန်၌ ကပ်၍ ပြုလုပ်သော အာသန္နကံသည်..အလေ့အကျင့် မပြတ် ပြုလုပ်လာခဲ့သော အာစိဏ္ဏကံထက် ဦးစွာ အကျိုးပေးတတ်သည်။

ကျမ်းဂန်၌လာသော ဥပမာတခုမှာ..
နွားကျောင်းသားသည် ညနေ နွားများကို ခြံထဲသွင်းသောအခါ..နောက်ဆုံးမှ မသန်မစွမ်း နွားအိုကြီးသည်..အတွင်းထဲထိ မ၀င်နိုင်တော့ဘဲ..ခြံအ၀၌ပင် ရှိနေပေမည်။
မနက် ခြံတံခါး ဖွင့်ပေးလိုက်သောအခါ ဦးစွာ ထွက်ရမည်မှာ..ခြံဝနှင့် နီးသော ထို နွာအိုကြီး ဖြစ်ပေမည်။

ထို့အတူပင် အာသန္နကံ နှင့် အာစိဏ္ဏကံ တို့၌လည်း အာသန္နကံသည် (သေခါနီး) အနီး၌ ကပ်၍ပြုလိုက်သောကံဖြစ်သောကြောင့် ထိုကံသည် ဦးစွာ အကျိုးပေးတတ်ပေသည်။

ဤသည်မှာ အကျိုးပေးအစဉ်အားဖြင့် ကံ(၄)မျိုးတို့ ဖြစ်ပေသည်။

အောက်ပါ စာမျက်နှာ နှင့် အသံဖိုင်မှ ထုတ်နုတ်ဖော်ပြထားသည်။
စာမျက်နှာ ၆၇- ၇၂ - အဘိဓမ္မာသင်တန်းပို့ချချက်များ(တတိယတွဲ) - ဒေါက်တာသီလာနန္ဒာဘိဝံသ
ပို့ချချက် အမှတ်စဉ် (၁၂) - ဓမ္မဗျူဟာ ဒေါ်ခင်လှတင်

Category: ကံ ကံ၏အကျိုး | Tags: ကံ ကံ၏အကျိုး | Leave a Comment

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP