* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 11, 2011

မန်းရွှေမြို့က ရှင်ပြုအလှူတော် (၁)

မြန်မာ့ဇာတ်သဘင်ပညာရပ်များ နှင့် သုခုမအနုပညာရှင်ကြီးမှာ ပေါ်ထွက်ရာ ၊ သုခုမ သဘင်ပညာရပ်များ ထွန်းကားရာ မြို့တော်ကြီး တစ်ခုဖြစ်တဲ့ မန္တလေးမြို့တော်ကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် နဲ့ ၂၀ ရက်နေ့က သာသနာ့အမွေ ခံယူသည့်ပွဲ တစ်နည်းအားဖြင့် ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီးကို ၀မ်းမြောက်စွာ ၊ ကြည်နူးစွာနဲ့ အောင်အောင်မြင်မြင် လှူဒါန်းမှုပြုနိုင်ခဲ့ပါတယ်...။

ပြီးခဲ့တဲ့နှစ်က ခုလိုအချိန်မှာလဲပဲ ကျမကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တဲ့ မန္ထလေးတိုင်း ၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ အနီးမှာတည်ရှိတဲ့ အနာကြီး ရောဂါဆေးရုံကြီးမှာလဲ အလှူဒါနအဖြစ် အနာကြီးရောဂါဝေဒနာရှင်များစွာအတွက် ဆေး ၊ ၀ါး ၊ အဟာရပဒေသာပင် အတွက် ကျပ်ဆယ်သိန်းတိတိနဲ့ ဆန်အိတ် ၊ ဆီပုံး များကို သွားရောက်လှူဒါန်းဖြစ်ခဲ့စဉ်က မန်းလေးမြို့ကြီးကို တစ်ခေါက်တစ်ခါ ရောက်ခဲ့ပါသေးတယ် ....။

ယခုနှစ်မှာလဲပဲ မန်းလေးမြို့မှ ဟာသလူရွှင်တော်ကြီးတစ်ဦးဖြစ်တဲ့အပြင် စာရေးဆရာ ၊ (မန္ထလေးသား စစ်စစ်ကြီးပါဗျာ ဆိုတဲ့ ဟာသ၊ ပြဇာတ်ကိုရေးသားတင်ဆက်ခဲ့သူ) လေးချစ် (ခေါ်) ဦးချစ်စရာကြီးက .....

“မနှင်းရေ ... လေးချစ် သားလေးကို အခုချိန်ထိရှင်မပြုနိုင်သေးဘူး ... ဖြစ်နိုင်မယ်ဆိုရင် လေးချစ်မသေခင်မှာ သားလေးကိုရှင်ပြုခွင့်ရခဲ့ချင်တယ် ” ဆိုပြီး ကျမကို တိုင်ပင်ခဲ့ပါတယ် .... ။

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ စစ်စစ်များကို ကျမအနေနဲ့ များစွာတန်ဖိုးထားသလို လေးစားထိုက်တဲ့ အနုပညာရှင် ၊ ထူးချွန်တဲ့သဘင်ပညာရှင်များကိုလဲ ကျမ အမှန်တစ်ကယ် လေးစား တန်ဖိုး ထားမိပါတယ်...။
အဲဒါကြောင့်ပဲ ကျမအနေနဲ့ ဦးချစ်စရာကြီးရဲ့ လှူချင်တဲ့ ဆန္ဒကိုလဲ ဖြည့်ဆည်းခွင့်ရအောင် ၊ ကျမကိုယ်တိုင်လဲပဲ မွန်မြတ်တဲ့အလှူတစ်ခုအဖြစ် ပါရမီထိုက်တဲ့ ဒါနမြောက်သွားအောင် ဒီအလှူပွဲကြီးကို ကျင်းပဖို့ အဝေးကနေ ၄လနီးပါးလောက် ဖုန်းနဲ့ပဲ စီစဉ်ပြီး တိုင်ပင်ခဲ့ကြပါတယ် ....။
အလှူရက်ကိုတော့ စင်္ကာပူနိုင်ငံရဲ့နှစ်သစ်ကူးရုံးပိတ်ရက်တိုလေးကိုလုပ်ဖို့ ရွေးချယ်ခဲ့ပြီး မန်းလေးမြို့က ရှင်ပြု ၊ နားသအလှူတော်မင်္ဂလာပွဲအတွက် တတ်ကြွသော ခြေလှမ်းများစွာဖြင့် ချီတတ်ဖြစ်ခဲ့ပါတယ် ....။

အလှူတော်မင်္ဂလာအခမ်းအနားကိုတော့ မန္ထလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁လမ်းကြား၊ ပေါက်မြိုင်တိုက် ၊ အေးငြိမ်းအောင်မြင်သိဒ္ဒိရှင် ဓမ္မာရုံကြီးမှာမဏ္ဍပ်ထိုးပြီး ကျင်းပခဲ့ပါတယ်...။
ရွှေရောင်ဝင်းနေတဲ့ အလှူတော်မဏ္ဍပ်ကြီး
မန်းလေးမြို့ သုခုမအနုပညာရှင်ကြီး .... လူရွှင်တော် ၊ စာရေးဆရာ ဦးချစ်စရာရဲ့ (သား) မောင်စိုးမင်းအောင် ၊ သမီး မရတနာစုကြည် (ခ) မစုမြတ်အောင် ၊ မန်းလေးမြို့မှ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး ဦးဒီပါ ရဲ့မြေးလေး နဲ့ ယနေ့ထိတိုင် ရှင်ပြုခွင့်မရသေးတဲ့ သားလေးတစ်ယောက်တို့ကို ရှင်သာမဏေအဖြစ် သွတ်သွင်းရန် ၊ နားထွင်းမင်္ဂလာကျင်းပရန်အတွက် အလှူဝင်နေ့မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မောင်ရှင်လောင်းလှည့်လည်ပါတယ် ......

ကြည်နူးမှု ပီတိတွေကြားက အလှူဒါယိကာကြီး ဦးချစ်စရာကြီးနဲ့ ဇနီး ဒေါ်အေးအေးသွင်(ခ) မခိုင် ......


မန်းလေးမဟာမြတ်မုနိဘုရားကြီးကို ဖူးမျှော်၍ရွှေသင်္ကန်းကပ်လှူပြီး မန်းလေးရဲ့ ထုံးနန်းစဉ်လာအတိုင်းပဲ မဟာမြတ်မုနိဘုရားကြီးကနေ မန္ထလေးဘိုးဘိုးကြီးနတ်နန်း ကို ဦးခိုက်ရန်အတွက် ကျုံးတစ်လျှောက် ယာဉ်တန်းကြီးဖြင့် လှည့်လည် သွားရောက် ခဲ့ကြရပါတယ်။



မန်းလေးမှာ ကားဝယ်ပြီဆိုလျှင် ၊ ဆိုင်ကယ် ၀ယ်ပြီဆိုလျှင် မန်းလေးဘိုးဘိုးကြီးနန်းကို သွားပြီး ဦးတိုက်ကြလေ့ရှိသလို ၊ ရှင်ပြု နားသအလှူတော်မင်္ဂလာပွဲတွေမှာလဲ မောင်ရှင်လောင်းများနဲ့အတူ မန်းလေးတောင် ဘိုးဘိုးကြီးနန်းမှာ နတ်ပြသွားရတာဟာ မန်းလေးမြို့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ ထုံးတန်းဓလေ့ တစ်ခုလဲဖြစ်ပါတယ် ....။

မန္ထလေးတောင် ဘိုးဘိုးကြီးနတ်နန်းမှာ
မောင်ရှင်လောင်းများနတ်ပြနေပုံ
အဲဒီ့အပြင် အလှူ့အစ်မအဖြစ် ရှိနေရတဲ့ ကျမကိုလဲ မိဆိုင်နတ်၊ဖဆိုင်နတ်ကို မဖြစ်မနေတင်ရမယ်ဆိုလို့ ကျမတို့ ဘိုးဘွား ၊ အမိ အဘ နဲ့ ကျမကိုမွေးဖွားရာ ပုပ္ပါးနယ်ပိုင်ဖြစ်တဲ့ အဘမြင်းဖြူရှင်ထံမှာလည်း ထုံးစံအရ မိဆိုင်နတ် ၊ ဖဆိုင်နတ်ကို ပွဲပေး ကန်တော့ ရပါတယ်...။


အလှူ့အရွကြီး အဲ မှားလို့ အလှူ့အစ်မကြီးးD


မေတ္တာဖြင့်ကူညီပေးကြတဲ့ ရွှေတံဆိပ်ဆုရ မဟာအောင်မြေမြို့နယ် လူငယ်ဗျောအဖွဲ့နဲ့အတူ ဟာသလူရွှင်တော် ဦးမော် (ခ) ဦးမော့(စ်) ကလည်း “ ဒါနအရာ ... သုံးတန်စေတနာ ပြဌါန်းကာ .... ” အစရှိတဲ့ သူ့ပါးစပ်ထဲတွေ့ကရာ တေးသီချင်းတွေနဲ့ မမောနိုင်မပမ်းနိုင် ပျော်ရွှင်စွာနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို ....
မန်းလေးမြို့မှ သစ်လွင်အငြိမ့် နှင့် ရွှေမဟာဇာတ်ပိုင် ၊ (မင်းသမီးကြီး) ရွှေမန်းသူမြင့်မြင့်သန်း ကလဲ ဗျောစည်အဖွဲ့ နဲ့အတူ တေးသီချင်းများနဲ့ အားပါးတရ တွဲဖက် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ် ....။
မောင်ရှင်လောင်းလေးတွေလဲ ဗိုက်ဆာကုန်ကြပြီ ....
မန်းလေးတောင်ခြေမှာ၊ ဇာတ်သဘင်ပညာရှင်များရဲ့ ပျော်ပျော်ပါးပါး အဆို အကတွေပြီးတဲ့အခါမှာတော့ အလှူတော်မဏ္ဍပ်ကြီးဆီသို့ ပြန်လည်ဆိုက်ရောက်လာကြပါတယ်...။
ပရိတ်သတ်များနဲ့ ရပ်ကွက်ကလူတွေ ကလေးတွေအားလုံးကို အလှူဝင်နေ့မှာ ထမင်းနဲ့ အလှူငါးခြောက်ကြော် ၊ မှန်ရောင်ဟင်းချို ၊ သရက်ချဉ်သုတ် ၊ ငရုတ်သီးကြော် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ် ....။
ကျမအနေနဲ့က အလှူရဲ့အစီအစဉ်တွေနဲ့ ဘယ်လိုတွေလုပ်ရတယ်ဆိုတာတွေကို သိပ်စဉ်းစား မထားတော့ အလှူဝင်အတွက် ဘာကိုမှ ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့မိဘူး ။
ကျမတို့ ပြုလုပ်တဲ့အလှူက ခုလောက်ကြီးလဲ ကြီးကျယ်ခမ်းနားတဲ့ အလှူကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိတာလဲ ပါပါတယ် ...။

အလှူလုပ်တယ်ဆိုတော့ ရိုးရိုးလေးပဲ လာတဲ့ပရိသတ်ကို ထမင်းကျွေးမယ် ၊ ရပ်ကွက်တစ်ခုလုံးကို စတုဒီသာကျွေးမယ်ပြီးရင် ပင့်သံဃာတော်တွေကို လှူဖွယ်ဝတ္ထုအစုစုနဲ့ ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းမယ် နောက်ဆုံးအဖြစ် ပရိက္ခရာရှစ်ပါးအစုံအလင်နဲ့ မောင်ရှင်လောင်းတွေကိုရှင်သာမဏေအဖြစ် ကိုရင်လေး တွေဝတ်ကြမယ် ဒီလောက်ပဲ သိထားခဲ့ပါတယ်....။


တစ်ကယ့်တစ်ကယ် အလှူပွဲကြီးကျင်းပတဲ့အခါမှာ ထင်ထားတာထက် အဆပေါင်းများစွာ ကြီးမားသွားခဲ့တော့ အံ့လဲ သြခဲ့ရတယ် .....အလှူအတွက် ၀မ်းသာပီတိလဲ ဖြစ်ခဲ့ရပါတယ်...။

ဖျော်ဖြေဧည့်ခံရေးအနေနဲ့လဲ အလှူဝင်ညမှာ ဆိုင်း မန္ထလေးသိန်းအောင်(သား) ပိုင်အောင် အဖွဲ့၊ ရွှေဖလား လူရွှင်တော် ပထမဆုရ ၊ ဖိုက်စတား အဖွဲနဲ့အတူ (မင်းသမီး) ပန်တျာ- ၀င်းသပြေထွန်း တို့အဖွဲ့က ပထမပိုင်းဖျော်ဖြေတင်ဆက်ခဲ့ကြသလို ၊ ဟာသလူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးစိန်ရိုး ၊ ဦးမိုးဒီ ၊ ဦးဥသြ ၊ ဦးကောင်းစံ ၊ ဦးရွှေဂဲ(ရွှေမန်းသဘင်) အဖွဲ့နှင့် မင်းသမီး ကျားလေးစိန် တို့က ဒုတိယပိုင်းအဖြစ် ဦးချစ်စရာကြီးရဲ့အလှူအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မေတ္တာဖြင့် လာရောက်ကပြဖျော်ဖြေခဲ့ကြပါတယ် .....။

ကျမရဲ့အလှူတော်မှတ်တမ်းတစ်ခုအဖြစ် .... အလှူကြီးနေ့အခမ်းအနားနဲ့ လှူဒါန်းမှူများကို အပိုင်း(၂)မှာ ဆက်လက်ရေးသားပါဦးမည်......။

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP