* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 22, 2011

Four Ariyas (Part 2) - အရိယာလေးမျိုး (အပိုင်း ၂)

၂။ ဒဿနအရိယာ

ရုပ်ဆင်းအင်္ဂါအားဖြင့်လည်းကောင်း၊ နေပုံထိုင်ပုံ သွားပုံလာပုံ စားပုံသောက်ပုံ အမူအရာ ဣရိယာပုထ် အားဖြင့်လည်းကောင်း ရှုမြင်ရသူတို့ စိတ်နှလုံး နှစ်ခြိုက်ဖွယ်ကောင်းသူ၊ အသွင်အပြင် အမြင်အားဖြင့် ကြည်လင်ရွှင်ပြနေသူ၊ ချစ်မြတ်နိုးဖွယ်ကောင်းသူ၊ ကြည်ညိုစရာ ကောင်းသူသည် “ဒဿနအရိယာ” မည်၏။ (ပသန္နေန ဒဿနီယေန သမန္နာဂတော)
ရုပ်ဆင်းအင်္ဂါ တင့်တယ်မှု မတင့်တယ်မှု ကွဲပြားရာ၌ အတိတ်ကံ စီမံအပ်သော ခန္ဓာကိုယ် အချိုးအစားအပြင် ရုပ်ခန္ဓာကို ညှိုးနွမ်းစေနိုင်သော ကိလေသာ အပူအပန် နည်းခြင်းများခြင်း သည်လည်း ပဓာနအကြောင်း ဖြစ်၏။ အတိတ်ကံ စီမံအပ်သော ကမ္မဇရုပ်ကို အရင်းတည်သည့် လက်ရှိခန္ဓာ ချောမောလှပမှု ပြေပြစ်ခန့်ငြားမှု မရှိသော်လည်း၊ တာတေလံအောင် အရုပ်ဆိုး အကျည်းတန်သော်လည်း ကိလေသာ ပူပန်မှု နည်းပါးသောကြောင့် ကိုယ်အဆင်းအင်္ဂါ ကြည်လင်သူ နှစ်လိုကြည်ညိုဖွယ်ရာ ရှိသူများကိုလည်းကောင်း၊ အတိတ်ကံကြောင့် ခန္ဓာကိုယ် အချိုးအစား ချောမောပြေပြစ် လှပခန့်ငြားစေကာမူ ကိလေသာ ဖျက်ဆီးအပ်သော စိတ်ဓာတ်ကြောင့် အလှပျက်ရသူ လူ့အော့ကြောလန်များကိုလည်းကောင်း လောက၌ အထင်အရှား တွေ့မြင်နိုင်၏။
ဘုရားရဟန္တာ အရိယာ သူတော်စင်တို့၏ စိတ်ဓာတ်သည် ကိလေသာ ပူပန်မှု ကင်းသောကြောင့် စင်ကြယ်၏။ စင်ကြယ်သော စိတ်ကြောင့် ကိုယ်ရေအဆင်း တောက်ပတင့်တယ်၏။ စိတ်အစဉ်၌ ကိလေသာ မရှိသောကြောင့်၊ စိတ်အစဉ်၌ ကောက်ကျစ်ရှုပ်ထွေးမှု ကင်းသောကြောင့် “စိတ်၏တံခါးပေါက်”ဟု ခေါ်ဆိုကြသော မျက်စိမျက်နှာသည်လည်း ကြည်လင်ရွှင်ပြ ရွှန်းလဲ့တောက်ပ နေ၏။ ချစ်ခင်လေးမြတ် ကြည်ညိုစရာ ကောင်း၏။
“အတီတံ နာနုသောစန္တိ၊ နပ္ပဇပ္ပန္တိ နာဂတံ။
ပစ္စုပ္ပန္နေန ယာပေန္တိ၊ တေန ၀ဏ္ဏော ပသီဒတိ။”ဟု ဒေ၀တာသံယုတ် အရညသုတ်[i]၌ နတ်သားတစ်ယောက်ကို ဘုရားရှင် ဟောတော်မူသည့်အတိုင်း ပြီးခဲ့သည့် အတိတ်ကိုလည်း မကြောင့်ကြ၊ မရောက်သေးသည့် အနာဂတ်ကိုလည်း မတောင့်တ၊ ပစ္စုပ္ပန် အခိုက်အတန့်၌ ရနိုင်သမျှဖြင့် တင်းတိမ်ရောင့်ရဲ မျှတနိုင်သောကြောင့် ဘုရားရဟန္တာတို့၏ အဆင်းရူပကာယသည် အစဉ်အမြဲ ကြည်လင်ရွှင်ပြ လန်းဆန်းတောက်ပနေ၏။ ကြည်ညိုစရာ ကောင်းနေ၏။
ဘုရားရှင်သည် ကိလေသာ ကင်းစင်တော်မူ၍ ရုပ်ဆင်းအင်္ဂါ တင့်တယ်သပ္ပာယ်ခြင်း၌ အမြတ်ဆုံး ဖြစ်တော်မူ၏။ ပါရမီတော် အဟုန်တို့ကြောင့်လည်း ဘုရားရှင်သည် တင့်တယ်သော အဆင်းအင်္ဂါနှင့် ပြည့်စုံတော်မူ၏။ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်စသော ဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော်တို့သည်လည်း ကိလေသာ ကင်းစင်သောကြောင့် ရုပ်ဆင်းအင်္ဂါ တင့်တယ် သပ္ပာယ်တော်မူကြ၏။ မှန်၏။ သာမန် ပုထုဇဉ်တို့သည်ပင် လောဘငွေ့ ဒေါသငွေ့စသော ကိလေသာ အငွေ့အသက် နည်းပါးနေခိုက် ရုပ်ဆင်းအင်္ဂါ ကြည်လင်၍ ရှုချင်စဖွယ် လန်းဆန်းတက်ကြွ နေပေသည်။ အချဉ်းခပ်သိမ်း ကိလေသာ လုံးဝကင်းသော အရိယာတို့၏ ရုပ်အဆင်းကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
ဤ နေရာ၌ ရူပကာယ လှပတင့်တယ်မှုအပေါ် တွယ်တာတပ်မက်၍ သာယာဖွယ် ရှာခြင်းကို ဘုရားရှင် ကဲ့ရဲ့တော်မူကြောင်းကိုလည်း သတိထားသင့်၏။ သို့သော် သပ္ပာယ် တင့်တယ်သော ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်သာဝကတို့ကို ဖူးမြင်၍ ခိုင်မြဲသောသဒ္ဓါ မတုန်လှုပ်သောသဒ္ဓါ တည်ငြိမ်သော ချစ်ခင်လေးမြတ်မှုတို့ကို ပွားစေနိုင်လျှင် “ဒဿနာနုတ္တရိယ - အမြတ်ဆုံး မြင်တွေ့မှု” ဖြစ်ကြောင်း အနုတ္တရိယသုတ်[ii]၌ ဘုရားရှင် ဟောတော်မူ၏။
ဘုရားရဟန္တာတို့၏ ရူပကာယ အသရေတော် တင့်တယ်ခြင်းကြောင့် ရုပ်ဆင်းအင်္ဂါ တင့်တယ်မှုကို အမှီပြု၍ သဒ္ဓါတရား တိုးပွားကြသူ ရူပပမာဏ ပုဂ္ဂိုလ်တို့ ကောင်းကျိုးရကြ၏။ ဖူးမြင်ရသူတို့ ကုသိုလ် တိုးပွားကြောင်းဖြစ်သော ကိလေသာကင်းသည့် ဘုရားရဟန္တာတို့၏ တင့်တယ်သော ရူပကာယ အသရေတော်သည် အရိယာတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်၏။
ဖူးမြင်ရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက် ကြည်ညိုစေနိုင်သော သွားလာ နေထိုင် စားသောက်မှု ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့သည့် ပုထုဇဉ် ရသေ့ရဟန်းတို့သည် ဘုရား ရဟန္တာ အရိယာ သူတော်စင်တို့နှင့် တစ်စိတ်တစ်ဒေသအားဖြင့် တူညီသောကြောင့် အရိယာများပင် ဖြစ်ကြ၏။ “ဒဿနအရိယာ”များ ဖြစ်ကြသည်။ အလားတူပင် ခန္ဓာကို သတိဖြင့် ရှုမှတ်နေသူ၊ ဣရိယာပုထ် သိမ်မွေ့သည့် သူတော်စင်တို့ကို လူပင်ဖြစ်သော်လည်း “ဒဿနအရိယာ”ဟု ဆိုနိုင်၏။
သင်္ခပါလဇာတ်တော်[iii]လာ ပုထုဇဉ်မျှသာဖြစ်သော အာဠာရရသေ့သည် “ဒဿနအရိယာ” မည်၏။ ဤ ဇာတ်တော်၌ အရှင်အာနန္ဒာလောင်း ဗာရာဏသီမင်းသည် အရှင်သာရိပုတ္တရာလောင်း အာဠာရရသေ့၏ ဣရိယာပုထ်ကို မြင်မြင်ချင်း ကြည်ညို၏။ အပြစ်ကင်းသော ကိုယ်ရောင်ကိုယ်ဝါနှင့် ကြည်လင်တောက်ပသော မျက်စိရှိသည့် ရသေ့မြတ်ကို “အရိယာ”ဟူသော ဝေါဟာရဖြင့် ချီးကျူးထား၏ (အရိယာဝကာသော)။
ထိုအာဠာရရသေ့သည် ကြည်လင်တောက်ပသော မျက်စိ ရှိ၏ (ပသန္နနေတ္တော)။ ကိုယ်ရေအဆင်း အပြစ်ကင်း၍ တင့်တယ်၏ (အရိယာဝကာသော)။ ချောမောပြေပြစ် လှပ၏ (အဘိရူပေါ)။ နတ်ကဲ့သို့ တင့်တယ်သောအဆင်း ရှိ၏ (ဒေ၀၀ဏ္ဏော)။ ရုပ်အဆင်းအားဖြင့် အရိယာနှင့် တူ၏ (အရိယသဒိသော)။ အရိယာတို့၏ ကိုယ်ပွား အရိယာတို့၏ ပုံတူသဖွယ် ဖြစ်၏ (အရိယပဋိရူပကော)။
ဗာရာဏသီမင်းကို မြင်မြင်ချင်း ကြည်ညိုစေနိုင်သော အာဠာရ ရသေ့ကဲ့သို့ ဣရိယာပုထ် စင်ကြယ်သော၊ ကြည်ညိုဖွယ်ရာ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံသော ရသေ့ရဟန်း သူတော်ကောင်း၊ လူသူတော်ကောင်းတို့သည် “ဒဿနအရိယာ” မည်၏။
လယ်တီဆရာတော် (ဦးဉာဏဓဇ) ၏ အလိုအားဖြင့် ပရမတ္ထအရိယာသည် “ဒဿနအရိယာ” မည်၏[iv]။ ဤ၌ ဆရာတော်သည် “ဒဿန”အရ မဂ်ဉာဏ်ကို ယူ၏။
သပြေကန်ဆရာတော် (အရှင်ဝါသေဋ္ဌာဘိဝံသ)၏ ပရိတ်ကြီး နိဿယသစ်[v]၌လည်း “ဒဿန”အရ သောတာပန်ပုဂ္ဂိုလ်ကို ယူ၏ (သီလ၀ါ ဒဿနေန သမ္ပန္နော - အဖွင့်)။
(ဆက်ရန်)

[i]. သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ စာ - ၅
[ii]. အင်္ဂုတ္တရပါဠိ၊ ၂၊ စာ - ၂၈၆
[iii]. ဇာတကအဋ္ဌကထာ၊ ၅၊ စာ - ၁၇၅
[iv]. ပရမတ္ထဒီပနီ၊ စာ - ၂၃၄။ အနုဒီပနီပါဌ၊ စာ - ၁၆၇
[v]. ပရိတ်ကြီးနိဿယသစ် (၁၉၉၉ ခုနှစ်ထုတ်)၊ စာ - ၄၀၇

Picture from (20 Feb 2011):
http://www.sumopaint.com/image/?id=842700

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP