* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 8, 2011

ဒါနစစ်တမ်း

စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းကို ''ဒါန''ဟု ခေါ်ပါသည်။ ပါရမီ ၁ဝ-တွင်၎င်း၊ ပုညကြိယာဝတ္ထု ၁ဝ-ပါးတွင်၎င်း၊ မင်းကျင့်တရား ၁ဝ-ပါးတွင်၎င်း၊ ဒါနပါဝင်လျက်ရှိပါသည်။ ဘုရားအလောင်း သုမေဓာ ရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း ကျင့်စဉ်ကောင်းတို့ကို စူးစမ်းရှာဖွေရာတွင် ပထမဆုံး ဒါနကို တွေ့မြင် ရလေသည်။ ထိုဒါနကို စေတနာဒါန၊ ဝတ္ထုဒါနဟု ၂-မျိုး ခွဲနိုင်သည်။
    လှူလိုသောအခါ  ဖြစ်ပေါ်လာသော စေတနာသည် ''ပုဗ္ဗစေတနာ''မည်၏။ လှူနေသောအခါ ဖြစ်ပေါ် လာသော စေတနာသည် ''မုဉ္စစေတနာ''မည်၏။ လှူပြီးသောအခါ ဖြစ်ပေါ်လာသော စေတနာသည် ''အပရစေတနာ''မည်၏။ ပုဗ္ဗ-မုဉ္စ-အပရ စေတနာ ၃-တန်ကို ''စေတနာဒါန''ဟု ခေါ်သည်။ ဆွမ်းသင်္ကန်း စသော လှူဖွယ်ဝတ္ထု ပစ္စည်းစုံတို့ကိုကား 'ဝတ္ထုဒါန' ဟုခေါ်ဆိုရသည်။ နောက်ဘဝသံသရာဝယ် အကျိုးပေး ရာ၌ ဆွမ်းသင်္ကန်းစသော ဝတ္ထုများက အကျိုးပေးကြသည်မဟုတ်ပါ။ ဒါနပြုသူ၏ သန္တာန်၌ဖြစ်သော စေတနာဒါနများကသာ အကျိုးပေးကြပါသည်။ လှူဖွယ်ဝတ္ထု  ဒါနစုကား စေတနာထက်သန်စေဖို့ရာ အာရုံမျှသာဖြစ်သည်။ ထို့ကြောင့် လှူဖွယ်ဝတ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ် ပေသည်။
     ထိုဒါနကိုပင် ၃-မျိုး ၃-စား ခွဲနိုင်ပါသည်။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အစားအဝတ်များကိုသာ လှူလျှင် ဟီနဒါန (ယုတ်ညံ့သောအလှူ)ဖြစ်သည်။ မိမိ သုံးစားသောပစ္စည်းနှင့် တန်းတူပစ္စည်းကို လှူလျှင် မဇ္ဈိမဒါန (အလတ်စားအလှူ) ဖြစ်ပေသည်။ မိမိ သုံးစားသော ပစ္စည်းထက် သာလွန်ကောင်းမြတ်သော ပစ္စည်းတို့ကို လှူလျှင်ကား ပဏီတဒါန (မွန်မြတ်သောအလှူ) ဖြစ်ပေသည်။ တစ်ဖန် ဟီနဒါနကိုပင် ဒါသဒါန-ကျွန်အနေမျိုးဖြစ်သော အောက်တန်းစားအလှူဟု၎င်း၊ မဇ္ဈိမဒါနကို သဟာယဒါန-မိတ်ဆွေသူငယ်ချင်း အနေမျိုး ဖြစ်သော အလတ်တန်းစားအလှူဟု၎င်း၊ ပဏီတဒါနကို သာမိဒါန-အရှင်သခင်မျိုးဖြစ်သော အထက်တန်းစား အလှူဟု၎င်း ထပ်ဆင့်၍ခွဲခြားနိုင်ပေသည်။
တစ်နည်းအားဖြင့်ဆိုသော် အလှူဒါနပြုတုန်း၌ စိတ်ဆန္ဒလုံ့လဝီရိယ သဒ္ဓါတရားတို့ညံ့လျှင် ဟီနဒါန ဖြစ်သည်။ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါတရားတို့  မှန်မှန်သာရှိလျှင် မဇ္ဈိမဒါနဖြစ်သည်။ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါတရားတို့ ထက်သန်လျှင်ကား ပဏီတဒါနဖြစ်ပါသည်။ ဤတွင် ကုသိုလ်ပြုသူချင်း တူသော်လည်း စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါတရားတို့ ထက်သန်မှု၊ မသန်မှု လိုက်၍ အကျိုးပေးရာ၌ ကွာဟချက် ရှိနိုင်ပုံများ ကိုလည်း စဉ်းစားကြည့်နိုင်ကြပါသည်။ ဥပမာ- ဆရာတစ်ဦးတည်းက တစ်ကြိမ်တည်း သင်ပြပေးသော တပည့်များပင် တတ်သိပုံချင်း ခြားနားချက်ရှိနေသကဲ့သို့ပေတည်း။
     ဘုရားဒကာ ကျောင်းဒကာ အလှူဒကာစသောဂုဏ်၊ အင်မတန် သူတော်ကောင်းတာပဲစသော ချီးမွမ်းမှုကို လိုလား၍ ပြုသောဒါနသည် ဟီနဒါနတည်း။ နောင်သံသရာ၌ အကျိုးရ၊ မရကို ဂရုမစိုက်ပဲ အကျိုးမရချင်နေပါစေ၊ သူတော်ကောင်း ပညာရှိဆိုတာ ပေးကမ်းချီးမြောက် ရိုးထုံးစံတည်းဟု သဘောထား လျက် သူတစ်ပါး စားစေဝတ်စေလိုသော စေတနာသက်သက်ဖြင့် ပေးလှူစွန့်ကြဲခြင်းသည် ပဏီတဒါန တည်း။ ယင်းသို့ လျှင် ဒါနပြုသူတို့၏ စေတနာထားပုံ ရည်ရွယ်ချက်တို့ကို လိုက်၍ အယုတ်အလတ် အမြတ်အားဖြင့် ဒါနသုံးမျိုး ကွဲပြားနိုင်ပြန်လေသည်။
     ထို့ပြင် ဘဝစည်းစိမ် ခံစားလို၍ပြုသော ဒါနသည် ဟီနဒါနတည်း။ မိမိ၏ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ ရောက်ဖို့ အခြေခံ ဖြစ်ပါစေဟု ဆုတောင်း ၍) ပြုသောဒါနသည် မဇ္ဈိမဒါနတည်း။ သတ္တဝါများ၏ သံသရာလွတ်မြောက်ရေးကို မြှော်တွေးလျက် ဘုရားအလောင်းတို့ ဖြည့်ကျင့်အပ်သော ဒါနပါရမီမျိုးကား အမြတ်ဆုံး ပဏီတဒါနဖြစ်သတည်း။ ဤကား တစ်မျိုးထက် တစ်မျိုး စိတ်ထားတတ်၍ မြတ်ပုံ ဖြစ်ပါသည်။ အလှူဒါနပြုရာတွင် စေတနာသန့်ရှင်းမှလည်း အကျိုးသန့်ရှင်းနိုင်ပါသည်။ စေတနာမသန့်ရှင်းလျှင် အကျိုးပေး မသန့်ရှင်းနိုင်ပါ။
     မှန်ပါသည်။ ဂုဏ်ကို၎င်း၊ လာဘ်ကို၎င်း၊ ဘဝစည်းစိမ်ကို၎င်း လိုချင်တောင့်တ၍ စွန့်ကြဲပေးကမ်း လှူဒါန်းလျှင် လောဘပါဝင်နေသောကြောင့် မသန့်ရှင်းသောဒါနဖြစ်သည်။ ဤအလှူနှင့်စပ်၍ စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း၊ နှလုံးမသာယာခြင်းဖြစ်ရလျှင်းလည်း ဒေါသ ဒေါမနဿတို့ ပါဝင်နေသောကြောင့် မသန့်ရှင်းသော ဒါနသာ ဖြစ်ရပေမည်။ ထို့ကြောင့် အလှူဒါနပြုရာတွင် လောဘ ဒေါသ စသော အပြစ်အနာ အဆာတို့မှ ကင်းဝေးစေလျက် အထက်တန်းကျသောအလှူ မွန်မြတ်သောအလှူဖြစ်သော ပဏီတဒါန မြောက်ရန် အတွက် ကြိုးပမ်းသင့်ကြပေသည်။
     ယခုကာလ၌ ဒါနသည် သံသရာရှည်စေသည်ဟု အယူသီးတတ်ကြသည်။ သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်ဖွဲ့ မနေသင့်ပါချေ။ ဒါနပြုရာတွင် ပြုသူတို့၏ စိတ်မစင်ကြယ်မှုကြောင့်သာ လူတွင်ပါ၍ နွားကျား ကိုက်ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေပါ၊ ဤဒါနကြောင့် လူချမ်းသာ နတ်ချမ်းသာ ခံစားရတော့မည်ဟု ရည်ရွယ်မှု တဏှာဇောက သံသရာရေယဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။
    ’’သုမနာ, သဒ္ဓါ၊ သီလ၊ ပုညအားဖြင့် တူညီသော ပုဂ္ဂိုလ် ၂-ဦးတွင် ဒါနရှင်သည် လူ၌ဖြစ်စေ၊ နတ်၌ဖြစ်စေ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ထင်ပေါ်ကျော်ဇောခြင်း၊ အစိုးတရရှိခြင်း အားဖြင့် ဒါနမဲ့သူထက် အမြဲတန်း ထူးခြားသာလွန်ပေသည်။ သို့ရာတွင် အရဟတ္တဖိုလ် တရားထူးသို့ ဆိုက်ထိရာ၌ကား အတူတူပင်တည်း’’ ဟု သုမနမင်းသမီးလေး၏ အမေးကို ဗုဒ္ဓမြတ်စွာ ဖြေရှင်းမိန့်ဟချက် ရှိခဲ့ပါသည်။ (သုမနာသုတ် ပဉ္စကအင်္ဂုတ္တိုရ်) မိန့်ကြားချက်၌ ဒါနရှင်က အရဟတ္တဖိုလ်တရားထူးရရာ (ကျွတ်တန်းဝင်ရာ)၌ နောက်မကျပုံကို  စာရှုတို့ တွေ့ရှိ ရမည်ဖြစ်သည်။ ထို့ကြောင့် ဒါနသည် သံသရာကို မရှည်စေဟု ဧဝကန် မှတ်ယူရပေမည်။
     ကုသိုလ်ပြုစဉ်၌ လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ပြုသော ကုသိုလ်သည် ဝဋ္ဋနိဿိတကုသိုလ် မည်၏။ သံသရာဝဋ်မှ ကျွတ်ဖို့မမျှော် သံသရာဝဋ်အတွင်း၌ ခံစားဖို့သာမျှော်သော ကုသိုလ်ကို ဆိုလိုပါ သည်။ နိဗ္ဗာန်ကို မျှော်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် ဝိဝဋ္ဋနိဿိတ ကုသိုလ်မည်၏။ ဤကုသိုလ် ၂-မျိုးတွင် အလှူဒါနပြုရာတွင်ဖြစ်စေ သီလစသည် ဆောက်တည်ရာတွင်ဖြစ်စေ၊ ဝိဝဋ္ဋနိဿတမှန်လျှင် သံသရာမှ  အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်းဆုကို ပြည့်စေနိုင်ပါသည်။ ထို့ကြောင့် ဒါနပြုတိုင်းပြုတိုင်း ဝိဝဋ္ဋနိဿိတဒါန မျိုးဖြစ်ရန် အရေးကြီးလှပေသည်။
     ဒါနနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြဖွယ်ရာများ ဒါန၏ အကျိုးကျေးဇူးတို့ကို ဝတ္ထုသာဓကများဖြင့် ဖေါ်ပြရလျှင်ကား ဆုံးနိုင်ဖွယ်ရာ မရှိချေ။ သို့သော် ဆောင်းပါးတိုလေးမျှသာ နေရာပေးနိုင်သော ဓမ္မဗျူဟာ တွင် တိုတိုကျဉ်းကျဉ်းမျှသာ ဖော်ပြလိုက်ရပေသည်။ တိရစ္ဆာန်လေး တစ်ကောင်အား ဝဝ လင်လင်ရှိအောင် ထမင်းတစ်ထပ် ကျွေးသော ဒါနကလေးသည်ပင် ဘဝပေါင်း တစ်ရာတိုင်တိုင် -
(၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားကြီးခြင်း၊
(၅) ဥာဏ်ပညာကြီးခြင်း၊
ဟူသော အကျိုးငါးပါးကို ရရှိနိုင်ပေသည်။ အခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်းပင် တူသော် လည်း အရာရာ ဒါနရှင်တို့ကသာ သာလွန်မြင့်မြတ် တတ်ကြသည်။
'    ''အချင်း - သီဟစစ်သူကြီး ဒါနပြုသူ၌ လက်တွေ့ ဒိဋ္ဌရရှိနိုင်သော အကျိုး ၅-မျိုးရှိသည်''။
(၁) ဒါနရှင်သည် လူတိုင်း၏ ချစ်ခင်လေးစားမှုကို ခံယူရသည်။
(၂) ဒါနရှင်အိမ်သို့ သူတော်စင်များ အမြဲကြွရောက် ချီးမြောက်လေ့ရှိကြသည်။
(၃) ဒါနရှင်မှာ အမြဲတမ်း ကောင်းသတင်း ကြွယ်လျက်သာရှိသည်။
(၄) မည်သည့် အခမ်းအနား ပွဲသဘင်မျိုးမှာမဆို ဒါနရှင်သည် ရှိုးတိုးရှန်းတန့် မဖြစ်ပဲ ရဲတင်းစွာ ဝင်ထွက်နိုင်သည်။
(၅) ကွယ်လွန်သောအခါ သုဂတိဘဝသို့ ရောက်ရသည်ဟု ဒါနအကျိုး ၅-မျိုးကို သီဟ စစ်သူကြီးအား ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ဘူးလေသည်။ (သီဟသေနာပတိသုတ် ပဉ္စကအင်္ဂုတ္တိုရ်) ယနေ့ခေတ် ဒါနရှင်တို့သည်လည်း မိမိတို့ကိုယ်တိုင်ပင် ဤအကျိုးတရားများကို လက်တွေ့ခံစားနေရသည်ကို သတိပြုကြည့်လိုက်လျှင် တွေ့ရှိကြ ရမည်ဖြစ်ပါသည်။
    (ဆောင်)    အများချစ်အပ်၊ သူမြတ်တို့ချဉ်း၊ ကောင်းသတင်းကြွယ်၊ ပွဲလယ်ဝင်ရဲ၊ ခန္ဓာစဲသော်၊ ရောက်မြဲ နတ်ဌာန်၊ ဤငါးတန်၊ မှတ်ရန် ဒါနအကျိုးတည်း။ အချုပ်ဆိုရလျှင် စာရေးသူတို့နိုင်ငံသည် အလှူဒါန ပြုကြရာတွင် အရက်ရောဆုံး အထက်သန်ဆုံး နိုင်ငံဖြစ်ပါသည်။ ဤစေတနာတွေကြောင့် ငတ်မွတ်ခေါင်းပါးခြင်းစသော ဘေးအန္တရာယ် အသွယ်သွယ်တို့ ကင်းဝေးလျက် ရှိသည်ဟုပင် ဆိုရပေမည်။ သို့သော် ဗုဒ္ဓဘာသာဝင်တို့၏ ခေါင်တိုင်စခန်းမှာ တစ်ဘဝ အရေး မျှသာ မဟုတ်သေးပါ၊ ခန္ဓာဝန် ကိလေသာဝန်ပြတ်ငြိမ်း၍ ဒုက္ခဇာတ်သိမ်းရာ နိဗ္ဗာန်သို့တိုင် ဖြစ်ပါ သည်။ ထို့ကြောင့် ''အဒ္ဓါ ဣမာယ ပဋိပဒါယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ၊ ဤဒါနအကျင့်ဖြင့် အိုနာသေရေး ဆင်းရဲဘေးမှ ဧကန်လွတ်မြောက်ရတော့မည်''ဟု နိဗ္ဗာန်ကို မြှော်မှန်းပြီးလျှင် တည်ကြည်သော စိတ်ထားဖြင့် နှစ်ထောင်းအားရ လှူဒါန်းဝေငှ၍ အထက်တန်းကျသော ပဏီတဒါနမျိုးကို ထူထောင်ကြ ရန်ပင် ဖြစ်ပါသည်။
     ''အို - အသင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့၊ လူနတ်တို့၏ စည်းစိမ်ချမ်းသာကို မတောင်းတ ကျော်ဇောခြင်း ကိတ္တိသဒ္ဒပကာသနမျှကို ဆန်ခြမ်းမျှမလိုပဲ ဘုံသုံးပါးကို ရာဇဝတ်နှောင် ထောင်အိမ်ပုံ၊ သုံးဘုံသူ တို့ကို ရာဇဝတ်ကောင်ထောင်သား၊ ကာမဂုဏ် ၅-ပါး အာရုံတရားတို့ကို အဆိပ်ပမာ စိတ်မှာထင်လျက်၊ မရွှင်မှိုင်တွေး၊ ထိုင်ကာငေးမျှ၊ ပူဆွေးသော ဓမ္မသံဝေဂဖြင့်၊ ဒါန-သီလ-သမထ- ဝိပဿနာဘာဝနာ  အလုပ်တို့ကို ကြိုးစား အားထုတ်နိုင်ပါစေသတည်း။


အရှင်မဟောသဓပဏ္ဍိတ
ဓမ္မဗျူဟာ (အတွဲ ၁ဝ၊ အမှတ် ၉ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP