* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 8, 2011

သစ္စာသိပုံ ဉာဏ်မျိုးစုံ နှင့် ဘဝပန်းလေး မနွမ်းစေချင်

ဗုဒ္ဓရှင်တော်သည် သစ္စာ ၄-ပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးမှသာ ကောဏ္ဍညစသော သာဝကငါးဦးအား တရားဦးအဖြစ်ဖြင့် ဟောကြားတော်မူခဲ့သည်။

ယင်းသို့ သိတော်မူရာတွင် သာမန် ထိုးထွင်း သိရုံမျှ မဟုတ်ဘဲ သစ္စာတစ်ပါး တစ်ပါးတွင် ဉာဏ် ၃-မျိုး ၃-မျိုး စိတ်ဖြာ၍ ကျယ်ဝန်းစွာ သိတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ယင်းသို့ စိတ်ဖြာ၍ သိသော ဉာဏ်တော်ဆိုသည်မှာလည်း ဘုရားမဖြစ်မီ ရှေးအခါက ကြားရုံမျှပင် မကြားဖူးသော သစ္စာလေးပါးတရားတို့၌ ပညာမျက်စိ ပွင့်လင်းခြင်းပင် ဖြစ်သည်။
အသိဉာဏ်တရား ထင်ထင်ရှားရှား ဖြစ်ခြင်းပင် ဖြစ်သည်။
အမျိုးမျိုး အဖုံဖုံ သိတော်မူခြင်းလည်း ဖြစ်၏။
သိသင့်သိထိုက်သမျှ အလုံးစုံကို သိမြင်ခြင်းလည်း ဖြစ်၏။
အသိဉာဏ် အလင်းရောင်ကြီး ထင်ရှား ပေါ်ပေါက်လာခြင်းလည်း ဖြစ်တော့သည်။

ခွဲခြမ်းစိတ်ဖြာ၍ သိတော်မူပုံကား -

ဒုက္ခသစ္စာ၌ -
၁။ ‘ဤတရားသည် ဆင်းရဲခြင်း အမှန်တရားတည်း’ဟု လည်းကောင်း၊
၂။ ‘ဤဒုက္ခတရားသည် ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိရမည့်တရားတည်း’ဟု လည်းကောင်း၊
၃။ ‘ဤကဲ့သို့ ပိုင်းခြား၍ သိရမည့် ဒုက္ခသစ္စာတရားကို ငါသည် ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိခဲ့ပြီ’ဟု လည်းကောင်း၊
ဤသို့ ၃-မျိုး စိတ်ဖြာ၍ သိတော်မူလေသည်။

၎င်းသိပုံ (ဝါ) ဉာဏ်တော် ၃-မျိုးတွင် -
နံပါတ်(၁)ဉာဏ်ကို ‘သစ္စဉာဏ်’ (သစ္စာတရား အမှန်တရားဟု သိသောဉာဏ်) ဟုလည်ကောင်း၊
နံပါတ်(၂)ဉာဏ်ကို ‘ကိစ္စဉာဏ်’ (သစ္စာတရား၌ ပြုလုပ်ရမည့်ကိစ္စကို သိသောဉာဏ်)၊
နံပါတ်(၃)ဉာဏ်ကို ‘ကတဉာဏ်’ (သစ္စာတရား၌ ပြုလုပ်ရမည့်ကိစ္စကို ပြုလုပ်ပြီးပြီဟု သိသောဉာဏ်) ဟု လည်းကောင်း အသီးသီး ခေါ်ဝေါ်လေသည်။

(နောက် သစ္စာများ၌လည်း ဤနည်းတူ မှတ်ပါ။)

သမုဒယသစ္စာ၌ -
၁။ ‘ဤတဏှာသည် ဒုက္ခ၏အကြောင်း အမှန်တရား’ဟု လည်းကောင်း၊
၂။ ‘ဤတဏှာသည် ပယ်စွန့်ရမည့် တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ဤပယ်စွန့်ရမည့် တဏှာတရားကို ငါသည် ပယ်စွန့်ပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူသည်။

နိရောဓသစ္စာ၌လည်း -
၁။ ‘နိဗ္ဗာန်တရားသည် ဒုက္ခ၏ အပြီးသတ်ချုပ်ငြိမ်းခြင်းတရား အမှန်’ဟု လည်းကောင်း၊
၂။ ‘ဤနိဗ္ဗာန်တရားသည် မျက်မှောက်ပြုရမည့် ကိုယ်တိုင်ထိုးထွင်း၍ သိရမည့်တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ယင်းသို့ မျက်မှောက်ပြုရမည့် နိဗ္ဗာန်တရားကို ငါသည် မျက်မှောက်ပြုပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူသည်။

ထို့အတူ မဂ္ဂသစ္စာ၌လည်း -
၁။ ‘ဤမဂ္ဂင်ရှစ်ပါးသည် ဒုက္ခငြိမ်းရာသို့ ပို့ဆောင်တတ်သော တရားအမှန်’ဟု လည်းကောင်း၊
၂။ ‘ဤမဂ္ဂင်ရှစ်ပါးတရားသည် ပွားများအောင် အားထုတ်ရမည့် တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ဤပွားများအောင် အားထုတ်ရမည့် မဂ္ဂင်ရှစ်ပါး တရားကို ငါသည် ပွားများအောင် လုပ်ပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူလေသည်။

ဤသို့လျှင် သစ္စာတစ်ပါးတစ်ပါး၌ အမှန်တရားဟု သိသောဉာဏ်၊ ပြုရမည့်ကိစ္စကို သိသောဉာဏ်၊ ၎င်းကိစ္စကို ပြုပြီးပြီဟု သိသောဉာဏ်အားဖြင့် ၃-မျိုးစီ ဖြစ်ရကား ၃-မျိုးလေးလီ ပေါင်းလိုက်လျှင် သစ္စာ ၄-ပါး၌ ဉာဏ် ၁၂-ပါး ရလာလေသည်။

မှတ်ကျောက်ပမာ သုံးစရာ

ဗုဒ္ဓရှင်တော်သည် အထက်ပါ ဉာဏ် ၁၂-မျိုး ဖြစ်ပုံကို ဟောပြတော်မူပြီးနောက် ဆက်လက်၍ “ချစ်သားတို့ - ငါသည် ဤသစ္စာ ၄-ပါးတရားကို ၃-မျိုးလေးလီအားဖြင့် ၁၂-မျိုး ခွဲခြမ်းစိတ်ဖြာ၍ သိသော အသိဉာဏ်ကို မရသေးသမျှ၊ ယင်းအသိဉာဏ် ကောင်းကောင်းကြီး မစင်ကြယ်သေးသမျှ၊ နတ်, လူ, ဗြဟ္မာ စသည်တို့နှင့်တကွဖြစ်သော ဤလောကကြီး၌ အမြင့်မြတ်ဆုံးဖြစ်သော၊ တရားခပ်သိမ်းကို ကိုယ်တိုင် အမှန်အတိုင်းသိသော အသိဉာဏ်ကို ရပြီ (ဝါ) ဘုရားဖြစ်ပြီဟု ဝန်မခံခဲ့ပေ။
ထိုဆိုခဲ့ပြီး အသိဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် သန့်သန့်ရှင်းရှင်းကြီး ရပြီးသောအခါမှ စ၍သာလျှင် ဘုရားဖြစ်ပြီဟု ဝန်ခံခဲ့သည်”ဟု ဟောတော်မူသည်။

ဤစကားဖြင့် ‘သစ္စာ ၄-ပါးကို ၁၂-မျိုး စိတ်ဖြာ၍ ပိုင်ပိုင်နိုင်နိုင် သိသောပုဂ္ဂိုလ်မှသာ လောကတွင် သမ္မာသမ္ဗုဒ္ဓဟူသော ဘွဲ့ထူးကို ခံယူထိုက်သည်’ ဟူသော အဓိပ္ပာယ်ကိုလည်း သိစေတော်မူသည်ပင် ဖြစ်သည်။
ယင်းသို့ မိန့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓဘာသာဝင်နှင့်တကွ သတွာအားလုံးတို့အား စစ်ဆေး စမ်းသပ်ကြည့်စရာ မှတ်ကျောက်တစ်ခု, လက်နက်ကိရိယာကောင်းတစ်ခု ပေးအပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။

မည်သူပင်ဖြစ်စေ ကိုယ့်ကိုကိုယ် ဘုရားဟု ဝန်ခံလာသောသူမျိုးကို ‘သင်သည် သစ္စာ ၄-ပါးကို သိ၏လော?၊ ထိုသစ္စာ ၄-ပါးတရားကို ၁၂-မျိုး ၁၂-ဖုံ ခွဲခြမ်းစိတ်ဖြာ၍ ထိုးထွင်း သိမြင်ခဲ့ပြီလော?ဟု မေးကြည့်၍ ‘မသိဘူး’ဟု ဆိုလျှင် ‘ထိုသူသည် ဧကန္တ ဘုရားအစစ် မဟုတ်၊ အတုသာ ဖြစ်သည်’ဟု ပိုင်ပိုင်ကြီး ဆုံးဖြတ်ရပေမည်။

သည်သာမကသေး။ မည်သူ၏ တရားကိုမဆို တရားစစ် တရားမှန် ဟုတ်,မဟုတ် စစ်ဆေးလိုလျှင်လည်း ဤသစ္စာ ၄-ပါး ဒေသနာ လက်နက်ကိရိယာကောင်းကိုပင် သုံးရပေမည်။

မည်သည့်တရားတွင်မဆို သစ္စာ ၄-ပါးတရားမျိုး ရှိ,မရှိ စစ်ဆေး၍ မရှိလျှင် တရားစစ် တရားမှတ် မဟုတ်ဟု ရဲရဲကြီး ဆုံးဖြတ်နိုင်ပေသည်။

သို့ဖြစ်ရကား သစ္စာ ၄-ပါးတရားတော်သည် ဘုရားစစ် ဟုတ်,မဟုတ်၊ တရားစစ် ဟုတ်,မဟုတ် စစ်ဆေး စမ်းသပ်ဖို့ရန် လက်နက်ကိရိယာကောင်းကြီးတစ်ခုလည်း ဖြစ်ပါပေသည်။

(အရှင်သီလာနန္ဒာဘိဝံသံ၏ “တရားဦး” မှ)

+++++

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ ဓမ္မသင်တန်းအဖြစ် “ဓမ္မစကြာ”သင်တန်းကို ဆရာတော် အရှင်စက္ကိန္ဒက မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ပို့ချပေး၏။

ရှေးဦးစွာ သင်တန်းသူ သင်တန်းသားများက ယခင်ပို့ချခဲ့ပြီးသည်အထိ ဓမ္မစကြာကို ရွတ်ဆို ပူဇော်ကြသည်။

ယခုတစ်ပတ်တွင် သစ္စာတစ်ပါးစီ၌ ဉာဏ် ၃-ပါး၊ သစ္စာလေးပါး ဉာဏ်သုံးမျိုး၊ သုံးမျိုးလေးလီ ဉာဏ် ၁၂-ပါးအကြောင်း မှတ်သား ရွတ်ဆို လေ့လာ သင်ယူကြရ၏။



ဓမ္မစကြာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ပညာနန္ဒက “ဘဝပန်းလေး မနွမ်းစေချင်” တရားခေါင်းစဉ်ဖြင့် ဟောကြား ချီးမြှင့်လေသည်။




+++++

ရွှေဘုံပေါ်မှာ နေရတော့၊ တရားမသိရင်၊ ရင်လေးတယ်။
တဲကုတ်ထဲမှာ ရေပေမယ့်၊ တရားသိရင်၊ ရင်အေးတယ်။
နေရေးသေရေး၊ အစဉ်တွေး၍၊ ရင်အေးအောင် ကြံကြစေလိုတယ်။
မြင်ရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
ကြားရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
နံရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
စားရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
တွေ့ထိရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
ကြံစည်ရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
အဲဒါမှ ဗုဒ္ဓဝါဒ ပီသပါပေတယ်။

+++++

တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အဝဝတို့ကို အမျှပေးဝေကြပါသည်။

သာဓု ... သာဓု ... သာဓု။
0 comments 

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP