* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 7, 2011

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

ဒကာ။ ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက်မှု ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်းအိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ အင်း....အရိယာနဲ့ ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစားပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ ဒါပေမဲ့ သုံးစွဲခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတော့ မတူဘူး၊ တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထုကာမကို ခံယူသုံးစွဲပုံက အပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ, မယှဉ်တဲ့ စိတ်နဲ့သာ အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ ခံစားကြတာဖြစ်တယ်။
သောတာပန်, သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိဝိပ္ပလ္လာသ လုံးဝမပါဘူး၊ သညာဝိပ္ပလ္လာသ လောက်နဲ့သာ သုခဟု မှတ်ထင်ခံစားကြတာ၊ သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲထင်နေတာမို့ ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘဟူ၍လည်းကောင်း အသိ, အမှတ်, ပြောင်းပြန်ဖြစ်သွားတာကလေးလောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။
အရိယာပုဂ္ဂိုလ်တို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ၀တ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရ အဋ္ဌကထာဆရာက.....
ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော ပရိဠာဟ ဂူပသမတ္တံ၊
မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
မတ္တဟတ္ထိ- အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေးမှ
လွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င်ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်, သကဒါဂါမ်ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြင့်ခံစားကြတယ်-
လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့် မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင်ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသောကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ အပါယ်လားကြောင်းဖြစ်အောင် ခံစား, စံစားတတ်ကြသည်၊ သောတာပန်, သကဒါဂါမ်တို့ခံစားပုံကတော့ အပါယ်လားကြောင်းမဟုတ်တဲ့ ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊ အဲဒါဟာ ပုထုဇဉ်နဲ့ အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်း မတူကွဲပြား ခြားနားချက်ပဲ၊ ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ့နော်။
ဒကာ။ ။ ရှင်းလင်းကြပြီဖြစ်၍ ကျေနပ်လှပါတယ်ဆရာတော်၊ အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP