* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 7, 2011

*အပေါက်ပွင့်လို့ အဆင်သင့်ဟာကို အမောက်စွင့်ပြီး ဘ၀င်မမြင့်ပါနဲ့*

1/07/2011 တောသားလေး , Posted in , 1 Comment


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားသည့် “ထူးမှထူး” စာအုပ်မှ ကောက်နုတ်ပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဆရာတော် စာလေးကတော့ ဒီလိုပါခင်ဗျာ…

*အပေါက်ပွင့်လို့ အဆင်သင့်ဟာကို အမောက်စွင့်ပြီး ဘ၀င်မမြင့်ပါနဲ့*

ကိုယ်ရဲ့ ပြည့်စုံမှုတွေကို မတည်မြဲဘူးလို့ နှလုံးသွင်းလိုက်ရင်လည်း မာနကတော့ ကျသွားမှာပါပဲ။ ဥပမာလေးတစ်ခု ကြည့်ရအောင်။ ဦးဇင်း တခြားတရားတော်တွေမှာတော့ တခြားအကြောင်းအရာအတွက် ဥပမာပေးထားတာပေါ့။ မာနအတွက် ဥပမာယူမယ်ဆိုရင်လည်း ရတာပါပဲ။

တစ်ခါတုန်းက အခုလို နွေရာသီပေါ့လေ။ မြေခွေးတစ်ကောင် လွင်ပြင်ထဲလျှောက်သွားရင်းနဲ့ တစ်နေရာရောက်တော့ ဆင်သေကောင်တစ်ကောင်တွေ့တယ်။ ဆင်သေကောင်ကလည်း သေပြီးတာ သိပ်မကြာသေးဘူး။ လတ်လတ်ဆတ်ဆတ်လေးပေါ့။ အဲဒါနဲ့ မြေခွေးက ဆင်သေကောင်ရဲ့ စအိုဝကနေ ၀မ်းဗိုက်ထဲကို ၀င်သွားတယ်။ အထဲထဲကိုရောက်တော့ အူတွေ ကလီစာတွေကို စားတာပေါ့။ စားပြီးလို့ ဗိုက်တင်းသွားတော့ ဆင်ရဲ့ ၀မ်းဗိုက်ကိုထဲမှာပဲ အိပ်လိုက်တယ်။

အိပ်ရာကထလာတော့ ရှေ့၊ နောက်၊ ၀ဲ၊ ယာ ဘယ်ဘက်ကိုပဲ ကြည့်လိုက်ကြည့်လိုက် စားစရာတွေချည်းဘဲဆိုတော့ “ငါဒီတစ်သက် စားစရာတွေ မကုန်တော့ဘူး။” ဆိုပြီး ဘ၀င်မြင့်သွားတယ်။ ရွှေဘုံပေါ်မှာ စံနေတာတော့ မဟုတ်ဘူး။ အသားဘုံပေါ်စံပြီးတော့ ဘ၀င်တွေမြင့်နေတယ်။ လက်မတွေ ထောင်လို့။ မြေခွေးက အိပ်တဲ့အခါမှာ ရိုးရိုးတောင် ဆန့်အိပ်တာ မဟုတ်ဘူး။ ဒူးထောင်ပြီး ဒူးတစ်ဖက်ပေါ် တခြားခြေတစ်ဖက်တင်လို့။

“ငါတော့ ဒီတစ်သက် စားလို့ မကုန်တော့ဘူး။ ငါ့လောက်စားစရာ သောက်စရာ ပြည့်စုံတဲ့ကောင် ရှိပါ့ဦးမလား။ စားချင်ရင် အသည်းတွေ ကလီစာတွေ စားလို့ရတယ်။ သောက်ချင်ရင် သွေးတွေ အဆီတွေ သောက်လို့ရတယ်။ အစားအသောက်လည်း ပြည့်စုံတယ်။ အသောက်အစားလည်း ပြည့်စုံတယ်။ အေးဆေးဘဲ။

မြေခွေးက ဘ၀င်တွေမြင့်ပြီးတော့ မာနတွေကြီးနေတယ်။ နေကလည်း ပူပြင်းတော့ ဆင်သေကောင် တဖြည်းဖြည်းနဲ့ ခြောက်ခြောက်လာတယ်။ ခြောက်ပြီးတော့ နောက်ဆုံးတော့ စအိုပေါက်က ပိတ်သွားတယ်။ ပိတ်သွားတော့ ထွက်လို့ကို မရတော့ဘူး။ အသက်ရှူရတာလည်း မွန်းကျပ်လာတယ်။

ဒီအတိုင်းဆိုရင်တော့ ငါသေတော့မှာပဲ ဆိုပြီးတော့ မြေခွေးက ရှိရှိသမျှ အပေါက်လေးကနေ အတင်းတိုး ထွက်လာတာပေါ့လေ။ အတင်းတိုးထွက်တော့ အသားတွေပဲ့ကြွေ၊ အရည်တွေစုတ်ပြတ်၊ သွေးတွေပန်းထွက်နဲ့ မြေခွေးခမျာ တော်တော့်ကို ဆင်းရဲဒုက္ခကြီးစွာ ခံစားလိုက်ရတယ်။

ဘာပြောချင်တာလဲဆိုတော့ ဦးဇင်းတို့၊ ယောဂီတို့ရဲ့ ဘ၀မှာ ပြည့်စုံနေကြတယ်ဆိုတာ ပြည့်စုံတာကတော့ အမျိုးမျိုး ရှိတာပေါ့လေ။ ပစ္စည်းဥစ္စာပြည့်စုံတာ၊ ရာထူးအာဏာပြည့်စုံတာ အသိဥာဏ်ဗဟုသုတ ပြည့်စုံတာ၊ အောင်မြင်ကျော်ကြားမှု ပြည့်စုံတာ စသည်အားဖြင့် အများကြီးရှိပါတယ်။

အဲဒီလို ပြည့်စုံနေတာ ဘာကြောင့်လဲဆိုရင် အတိတ်ကုသိုလ်ကံတွေ အားကောင်းလို့။ တနည်း ခုဏ မြေခွေး ဥပမာလေးနဲ့ ပြောရရင်တော့ ကံကြမ္မာစအိုပေါက်ပွင့်နေလို့။ ကံကြမ္မာစအိုပေါက်ပွင့်နေလို့ ပြည့်စုံနေတာပါ။ ကဲ…ကံကြမ္မာ စအိုပေါက်က အမြဲတမ်းပွင့်ပါ့မလား။ အမြဲတမ်းပွင့်နေမယ်လို့ ပြောလို့ မရဘူးနော်။ ပွင့်တဲ့အခါ ပွင့်မယ်။ ပိတ်တဲ့အခါ ပိတ်မယ်။ ကံသိပ်ကောင်းလွန်းရင် ကံကြမ္မာစအိုပေါက် အမြဲတမ်းပွင့်နေတဲ့သူလည်း ရှိချင်ရှိမယ်။ ရှားပါတယ်။

ဒါက ပရိတ်သတ်ထဲမှာမို့ ပြောလို့ကောင်းအောင်၊ နားခံသာအောင် “ကံကြမ္မာစအိုပေါက်” လို့ပြောတာ။ ကိုယ်ဘာသာကိုယ် ပြောမယ်ဆိုရင် သုံးလုံးတည်းပြောလို့ရတယ်။ ကံကြမ္မာကို “ကံ” လို့ပဲတစ်လုံးတည်းပြော၊ စအိုပေါက်ကိုလည်း “ပေါက်” လို့နှစ်လုံးတည်းပဲပြော။ “ကံ…ပေါက်” ပေါ့။ ပရိတ်သတ်ထဲမှာတော့ “ကံကြမ္မာစအိုပေါက်” လို့ပြောပေါ့လေ။

ကံကြမ္မာစအိုပေါက်လေး ပွင့်နေတုန်းမို့ စားစရာလည်းပြည့်စုံ သောက်စရာလည်းပြည့်စုံ နေစရာပြည့်စုံ ထိုင်စရာပြည့်စုံ လှူဖို့တန်းဖို့ စသည်အားဖြင့် ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ၊ အသိဥာဏ်ဗဟုသုတ၊ ရုပ်အဆင်း စသည်အားဖြင့် ပြည့်စုံနေကြတာပါ။ ပြည့်စုံမှုနဲ့ သူ့ကံနဲ့တော့ တွဲရမှာပေါ့နော်။ ဒီကံကြောင့် ဒီအကျိုးပြည့်စုံ ဟိုကံကြောင့် ဟိုအကျိုးပြည့်စုံ သူ့ကံစအိုပေါက်နဲ့ သူပါပဲ။ ကံတစ်ခုတည်းကြောင့် အကျိုးအားလုံး ပြည့်စုံနေတာတော့ မဟုတ်ပါဘူး။

ရုပ်အဆင်းလှတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်အဆင်းလှကြောင်း ကုသိုလ်ကံလေးက အကျိုးပေးနေလို့ ရုပ်အဆင်းလှနေတာ။ ရုပ်အဆင်းနဲ့ဆိုင်တဲ့ ကံကြမ္မာစအိုပေါက်လေးက ပွင့်နေလို့ ရုပ်အဆင်းလှနေတာ။ ဒါပေမယ့် ဒီကံလေးက အမြဲတမ်း အကျိုးပေးနေမယ်လို့ ပြောလို့မရဘူး။ အချိန်မရွေး ကံပိတ်သွားနိုင်တယ်။
ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ၊ ပညာ၊ ဗဟုသုတ၊ အောင်မြင်ကျော်ကြားမှု စသည်တို့လည်း နည်းတူပါပဲ။ သက်ဆိုင်ရာ ကံအခွင့်သာတုန်း၊ သက်ဆိုင်ရာ ကံပေါက်ပွင့်နေတုန်း အကျိုးပေးနေတာပါ။

အချိန်မရွေးကံပေါက် ပိတ်သွားနိုင်ပါတယ်။ အဲဒီလိုလေး နှလုံးသွင်းလိုက်မယ်ဆိုရင်လည်း မာနမကျနိုင်ဘူးလား။ ကျနိုင်ပါတယ်။ ကိုယ်ရဲ့ ပြည့်စုံမှု ပိုင်ဆိုင်မှုဆိုတာ တကယ်တော့ မတည်မြဲပါဘူး။ ကံကြမ္မာစအိုပေါက်လေး ပွင့်နေတုန်းပဲ တည်ရှိနေတာပါ။ လောကဓံဓနတွေကလည်း ပူပူပြင်းပြင်း ကိလေသာနေတွေကလည်း ပူပူပြင်းပြင်းနဲ့ တော်ကြာ ဒီကံကြမ္မာ စအိုပေါက်လေး ပိတ်သွားရင်တော့ ပြည့်စုံမှာ မဟုတ်တော့ဘူး။

မပြည့်စုံတော့တဲ့ အခြေအနေမှာ အသားမပဲ့ရင် ကံကောင်း၊ အရေမစုတ်ရင် ကံကောင်း၊ အမွှေးမကျွတ်ရင် ကံကောင်းဆိုပြီးတော့ နှလုံးသွင်းလိုက်ရမှာနော်။ ဒါကြောင့် တစ်ခေါက်ပြန်ဆိုလိုက်ပါ။

မြင့်သူကြားမှာ နိမ့်မှသာ မြင့်ရာရောက်နိုင်သည်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP