ဒေသန္တရ ခရီးသွားမှတ်တမ်း (၁၂)...
တိမ်တွေနဲ့ ထိလုနီး တောင်ကြားတွေ အထဲက ချန်ဂို
အိန္ဒိယ-တရုတ် နယ်စပ်နားက စစ်ဆေးရေးဂိတ် ကို ဖြတ်ပြီး ချန်ဂို(Chango) ရွာဆီကို ကားလေးနဲ့ ရောက်လာပြီ။ ရွာကတော့ အိန္ဒိယ မြောက်ပိုင်း ဟီမာရှယ် ပရာဒေ့ရှ် (Himachal Pradesh) ပြည်နယ်၊ ကင်နော (Kinnaur) ခရိုင်အထဲမှာ ရှိတာပါ။
ချန်ဂို (Chango) ရွာမှာ တည်းခိုခန်းတော့ မရှိဘူး။ တစ်ရွာလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တော့ ဘုန်းကြီးကျောင်း ရှိမှာပဲ။ ရွာသား တစ်ဦးက ဘုန်းကြီးကျောင်းကို လိုက်ပို့ပေးမယ် ဆိုတော့ ၀မ်းသာသွားရတယ်။ ပြီးတော့ အဲဒီ ဘုန်းကြီးကျောင်းမှာ အလှူပွဲကလည်း ရှိနေသေးတယ် ဆိုပဲ။ ဒါဆိုရင်တော့ စာရေးသူ ပိုပြီးတော့ ၀မ်းသာသွားရပြန်ပြီ။ ဆွမ်းအတွက် အဆင်ပြေပြီပေါ့။

အလှူပွဲ ရှိတဲ့ ကျောင်းကို ရောက်ပြီ
ဘုန်းကြီးကျောင်းက ရွာရဲ့ တောင်ပေါ်မှာ ရှိနေတာဆိုတော့ ရွာအောက်ကနေ လမ်းတော်တော် လျှောက်ရသား။ ကျောင်းပေါ်ကို စာရေးသူလည်း ရောက်သွားရော အလှူပွဲ ရှိနေတဲ့ အတွက် လူတွေနဲ့ စည်ကားနေကြတယ်။ အလှူပွဲကတော့ သုံးရက် ဆက်တိုက်မှာ ဒီနေ့ကတော့ နောက်ဆုံးနေ့ပဲ လို့ သိရတယ်။
စာရေးသူ ရောက်သွားတဲ့ အချိန်မှာ ရဟန်းတွေရော သီလရှင်တွေပါ ဘုရားခန်း ဓမ္မာရုံအထဲမှာ ဂါထာ မန္တာန်တွေ ရွတ်ဖတ်နေတဲ့ အချိန် ဖြစ်နေတယ်။ စာရေးသူကို ဓမ္မာရုံ အထဲက ရဟန်းတွေ ရှိတဲ့နေရာဘက်မှာ သီတင်းသုံး ထိုင်နေဖို့ နေရာပေးတယ်။
စာရေးသူလည်း နံဘေးက သက်တော်၊ ၀ါတော် ကြီးတဲ့ဆရာတော် တစ်ပါးကို ရိုရိုသေသေ ရှိခိုးပြီး အဲဒီ ဆရာတော် နံဘေးမှာ ထိုင်လိုက်တယ်။ အဲဒီ ဘုန်းကြီးကျောင်းမှာ ရွတ်ဖတ်နေကြတာက ဘင်ခရာ ဗုံတွေနဲ့ လင်းကွင်းတွေ တီးကြတယ်။ ခရာတွေလည်း မှုတ်ကြတယ်။ ဗုံတွေနဲ့ ခရာတွေကို တီးတာက တီးချင်တိုင်း တီးလို့ မရဘူး။ သူတို့တွေ ရွတ်ဖတ်နေတဲ့ စည်းချက်မှန်မှန် အသံတွေနဲ့ လိုက်ဖက်ညီအောင် တီးမှုတ် ကြရတာ။ ရှင်းရှင်းပြောရရင် ဘုရားစာ ရွတ်ဖတ်ကြတာ တီးဝိုင်းပါ ပါတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။

လားမားကြီး တစ်ပါးက အမြင့်တစ်နေရာကနေ ဦးဆောင်ပြီး ရွတ်ဖတ်တယ်
တစ်နာရီလောက် တီးမှုတ်ရင်း ရွတ်ဖတ်ပြီးကြတာနဲ့ ဆွမ်းဘုဉ်းပေးဖို့အတွက် စာရေးသူကို ပင့်ဖိတ်တယ်။ စာရေးသူလည်း ဆွမ်းဘုဉ်းပြီး ရွာသားတွေနဲ့ မိတ်ဆက် စကားပြောမိတယ်။ အဲဒီအချိန်မှာ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည် ၀တ်ထားတဲ့ ရွာသားတစ်ယောက်က အိမ်ကို ပြန်တော့မယ့် အကြောင်း စာရေးသူကို ပြောရင်း လာနှုတ်ဆက်တယ်။ အခု လာနှုတ်ဆက်တဲ့ ရွာသားကို စာရေးသူ တော်တော်လေးကို ရင်းရင်းနှီးနှီး မြင်ဖူးနေတယ်။ သူကလည်း စာရေးသူကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတယ်။
နေပါဦး… ဘယ်မှာ မြင်ဖူးပါလိမ့်!!!
သြော်… အခုမှ မှတ်မိပြီ။ ဘုရားခန်းအထဲမှာ စာရေးသူက တရိုတသေ ရှိခိုး ဦးချခဲ့တဲ့ ဘုန်းကြီးပါလား။ ဘယ်လို ဖြစ်တာပါလိမ့်။ ဘုရားခန်းမှာတုန်းကတော့ သင်္ကန်းဝတ်နဲ့ ရွတ်ဖတ်နေပြီးတော့။ အခုက ဘောင်းဘီရှည်နဲ့။ စာရေးသူအတွက် စဉ်းစားရ ကြပ်သွားရပြီ။ အခုပဲ ဘုန်းကြီးဝတ်ကနေ လူထွက်လိုက်တာလား ပေါ့။

ဗုံတွေလည်း စည်းနဲ့ဝါး ကိုက်အောင် တီးရသေးတယ်
ဒီကိစ္စ စာရေးသူလည်း ဒီအတိုင်း မနေနိုင်တော့ဘူး။ စပ်စုကြည့်မှ ရတော့မယ်။ တခြားရွာသားတွေကို မေးလိုက်တော့ အဲဒီ ဘုန်းကြီးက ကျေးရွာလားမား (Village Lama)။ ကျန်တဲ့ ဟိုဘုန်းကြီးတွေက ဘုန်းကြီးကျောင်းလားမား (Monastery Lama)။ ကျေးရွာလားမား မှာက အိမ်ထာင်ရှိတယ်၊ ဘုန်းကြီးကျောင်းလားမား ကျတော့ အိမ်ထောင် မရှိဘူး တဲ့လေ။
အင်း… အစောနက တွက်လို့ မရတဲ့ ပုစ္ဆာ အခုမှပဲ အဖြေထွက်တော့တယ်။ တိဗက်ဗုဒ္ဓဘာသာ မှာ အဓိက ဂိုဏ်းကြီး လေးဂိုဏ်း (ဂီလုဂိုဏ်း၊ စကြားဂိုဏ်း၊ ကကျွိဂိုဏ်း၊ ငီးမားဂိုဏ်း) အထဲက အိမ်ထောင်ပြုလို့ ရတဲ့ ငီးမားဂိုဏ်းက ဘုန်းကြီးဟာ ကျေးရွာလားမား ဖြစ်လိမ့်မယ်။ စာရေးသူလည်း အဲဒီ ဘုန်းကြီး အကြောင်းကို အသေးစိတ် မမေးရဲဘူးလေ။ သူများနေရာမှာ ရောက်နေတာ ဆိုတော့ ရောက်တဲ့နေရာက လူတွေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် နေရမှာ။

လေမှုတ် တူရိယာတွေကို သီလရှင်လေးတွေက မှုတ်တတ်သား
ရွာသားတွေလည်း ဘုန်းကြီးကျောင်းမှာ စားသောက်ပြီးသွားကြတာနဲ့ ရွာထဲကို ဆင်းသွားကုန်ကြပြီ။ ဘုန်းကြီးကျောင်း တစ်ခုလုံးလည်း ဆူညံသံတွေ တိတ်ဆိတ်သွားပြီ။ ဟင်… ဘုန်းကြီးတွေ တစ်ပါးမှ မတွေ့တော့ပါလား? ဘုန်းကြီးတွေက ဘယ်ကို ကြွသွားကုန်တာလဲ လို့ စာရေးသူ က သီလရှင်လေး တစ်ပါးကို မေးကြည့်တော့ အဲဒီ သီလရှင်လေးက တော်တော်ဝေးတဲ့ တောင်ကုန်းထိပ်ကို လက်ညှိုးထိုးပြရင်း -
“အဲဒီ လားမားကြီးတွေက သူတို့ သီတင်းသုံးနေထိုင်တဲ့ ဟိုး… ဘက်ခြမ်း တောင်ကုန်းထိပ်က ဘုန်းကြီးကျောင်းကို ပြန်ကြွကုန်တာလေ”
“ဒါဆိုရင် ဒီ ဘုန်းကြီးကျောင်းမှာက ဘယ်ဘုန်းကြီးတွေ သီတင်းသုံးကြတုန်း?”
“ဒါက ဘုန်းကြီးကျောင်း မဟုတ်ပါဘူး။ သီလရှင်ကျောင်းပါ လားမားကြီး”
စာရေးသူလည်း အံ့သြပြီး စိတ်ပျက်သွားရပြီ။ ဘုန်းကြီးကျောင်း ဆိုရင်တော့ စာရေးသူအတွက် သီတင်းသုံးဖို့ အဆင်ပြေမှာပဲလို့ တွေးခဲ့တာလေ။ အခုတော့ ဘယ်ကိုသွားရမှန်း မသိတော့ဘူး။
“ဟေ… ဒါဆိုရင် ဦးပဉ္ဇင်းက ဘယ်မှာများ သီတင်းသုံးလို့ အဆင်ပြေနိုင်မှာလဲကွဲ့?”
“တပည့်တော်တို့ရဲ့ ကျောင်းမှာ လားမားကြီးအတွက် အဆောင် အခန်း ရှိတယ်လေ။ အဲဒီမှာ သီတင်းသုံးလို့ ရပါတယ်”
“ဟူး…. တော်ပါသေးရဲ့”
စာရေးသူလည်း သက်ပြင်းရှည်ကြီးကိုချရင်း နေစရာပေးတဲ့ သီလရှင်တွေကိုပဲ ကျေးဇူးတင်နေမိတော့တယ်။

ဘုန်းကြီးကျောင်း လားမားကြီးတွေနဲ့ အတူ
လေအေးတွေကလည်း တောင်ထိပ်မှာ တော်တော်ကို တိုက်တာ။ နွေရာသီမှသာ ဒီ ချန်ဂိုမှာ သီလရှင်တွေက လာပြီး နေထိုင်ကြတယ်။ ဆောင်းရာသီ ဆိုရင်တော့ အေးလွန်းအားကြီးတော့ သီလရှင်တွေ အကုန်လုံးနီးပါး သိပ်မအေးတဲ့ တခြားမြို့ကို ပြောင်းနေကြရတာ တဲ့။
ညနေ နေ၀င်ပြီ ဆိုတာနဲ့ အအေးက အရမ်းကို ကြမ်းလာပြီ။ ရွာက ပင်လယ် ရေမျက်နှာပြင် အထက် ၃၆၅၈ မီတာ ရှိတယ်။ ပေနဲ့ ဆိုရင်တော့ ၁၂၀၀၁.၃၁ ပေ မြင့်တယ်။ ဒါကြောင့် နွေရာသီလည်း အေးနေတာပဲ။ ရွာတစ်ရွာလုံးလည်း တိတ်ဆိတ်။ သီလရှင် ကျောင်းလည်း တိတ်ဆိတ်လို့ သွားပြီ။

ဒါကတော့ ကျေးရွာလားမားကြီးနဲ့ အတူ
နံနက်ခင်း သူရိန်နေမင်းကြီး မပေါ်လာခင် အရုဏ်ဦး လင်းရောင်ခြည် အောက်မှာ ပန်းသီးစိုက်ခင်းတွေက စိမ်းစိုပြီး လန်းဆန်းနေတာကို တွေ့လိုက်ရတယ်။ နွေရာသီ ဆိုပေမဲ့လည်း မြူတွေကတော့ အုံ့ဆိုင်းနေတာပဲ။ စာရေးသူလည်း နံနက်ခင်းမှာ ကုဋီ (အိမ်သာ) လိုက်ရှာရတော့တယ်။ မနေ့ကလည်း ကုဋီ ဘယ်မှာ ရှိလဲ ဆိုတောကို မေးမထားလိုက်မိဘူး။
သီလရှင်လေး တစ်ပါးကို တွေ့တော့ မေးလိုက်တယ်။ သီလရှင်လေးကတော့ ဟိုးဘက်မှာ ရှိတယ် ဆိုပြီး စာရေးသူကို လမ်းညွှန်ပြလိုက်တာပဲ။ ဒါနဲ့ စာရေးသူလည်း ကုဋီ ရှိရာကို ခပ်သုတ်သုတ်လေး သွားမိတာပေါ့။
ဟောဗျာ… သူတို့ အိမ်သာက ဘယ်လိုပါလိမ့်။ လေဟာပြင်ကုဋီ ဖြစ်နေပါလား။ အကာအရံလည်း မရှိ။ သီလရှင်လေးတွေလည်း ဒီအတိုင်း အိမ်သာတက်နေကြတယ်။ စာရေးသူလည်း အိမ်သာနား ခပ်လှမ်းလှမ်းကို ရောက်နေပြီ။ ဒုက္ခပါပဲ… စာရေးသူလည်း အိမ်သာဆီကို ဆက်မသွားတော့ဘဲ အမြန် ပြန်လှည့် လာခဲ့ရတော့တယ်။
ကျောင်းအထဲကို ရောက်တော့ သီလရှင်လေးတွေကို တွေ့တာနဲ့
“ဆရာလေးတွေရဲ့ အိမ်သာက လေဟာပြင်မှာ ဒီလိုပဲလား? ဦးပဉ္ဇင်းက ဘယ်လို သွားလို့ ရမှာတုန်း?”
အခုမှ သီလရှင်လေးတွေလည်း ပြုံးစိစိ ဖြစ်နေကြပြီး အကာအရံ ပါတဲ့ အိမ်သာကို ညွှန်းပေးလိုက်တော့တယ်။
“အောင်မယ်လေးလေ ငါ့နှယ် တော်ပါသေးရဲ့။ အကာအကွယ်ပါတဲ့ ကုဋီ ရှိနေသေးလို့သာပေါ့” လို့ စိတ်ထဲမှာ တွေးမိတော့တယ်။ ကျောင်းက အခိုင်အမာ အုတ်ကျောင်းကြီး ဆောက်ထားပြီးတော့ အိမ်သာကျတော့ လေဟာပြင် လုပ်ထားကြတယ်။ လူနေမှု အဆင့်အတန်း လိုနေသေးတာပဲ။ မြန်မာနိုင်ငံမှာတောင် ကျေးလက် တောရွာတွေမှာ ဟိုတုန်းက အိမ်သာတွေ အစား၊ အခု ရေလောင်း ယင်လုံအိမ်သာတွေ သုံးစွဲလာကြတာကို တွေ့နေရပြီ။ ကျန်းမာရေး ဗဟုသုတတွေ တိုးပွားလာတယ်လို့ ပြောရမှာပဲ။

ရွာသားတွေရဲ့ အကျွေးအမွေး
ကိုယ်လက်သန့်စင် ကိစ္စ၀ိစ္စ ပြီးတာနဲ့ အရုဏ်ဆွမ်း ဘုဉ်းမယ် လုပ်တော့ စာရေးသူရဲ့ နှုတ်ခမ်းတွေ အအေးဒဏ်ကြောင့် ကွဲနေပြီး အရေခွံတွေ ကွာထွက်နေတယ်။ ဆွမ်းဘုဉ်းဖို့တောင် နှုတ်ခမ်းက သိပ်မလွယ်ဘူး။ ဒါနဲ့ lip-care ဆိုတဲ့ နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းကွဲတာ ကာကွယ်တဲ့ ဆေးကို နှုတ်ခမ်းမှာ လိမ်းထားရတော့တယ်။
နံနက်ပိုင်းမှာ ဘုရားခန်း ဓမ္မာရုံ အထဲကို ၀င်ပြီးတော့ လေ့လာမိတယ်။ ဘုရားခန်းမှာလည်း ရုပ်တုတော်တွေက စုံလို့ ပါပဲ။ နောင်ပွင့်မယ့် ဘုရားအလောင်း အရိမေတ္တယ ထိုင်တောင်မူ ရုပ်တုတော်ကလည်း ဘုရားခန်း အလယ်မှာ အကြီးဆုံး တည်ထားတယ်။ ဦးခေါင်းတော်မှာလည်း အချွန်အတက်တွေနဲ့လေ။
ဘုရားခန်း မှန်ပုံးလေးတွေ အထဲမှာလည်း နတ်ဘုရားတွေရော၊ နတ်ဘုရားမတွေနဲ့အတူ လာမားကြီးတွေရဲ့ ရုပ်တုတော်တွေရော စုံနေတာပဲ။ လာမားကြီးတွေရဲ့ ရုပ်တုတော်တွေမှာလည်း အချွန်အတက်တွေ ပါတာပဲ။ သူတို့ကိုယ် သူတို့ကလည်း ဘုရားအလောင်းတော်တွေ ဆိုပြီး အမည်ခံနေကြတာကိုး။

နံနက်ခင်း နေခြည်အောက်က ပန်းသီးစိုက်ခင်းများ
မဟာယာန ဗုဒ္ဓဘာသာက ဘုရားအလောင်း ကို ကိုးကွယ်တဲ့ ၀ါဒပါ။ ဂေါတမမြတ်စွာဘုရားရဲ့ ပုံတော်ကိုတော့ မတွေ့ဘူး။ အမှန်တော့ အခုခေတ်မှာ ပွင့်ပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေက အကုန် ရှိနေတုန်းပဲ။ အဲဒီ အတိုင်း ကျင့်ကြံအားထုတ်သွားရင် နိဗ္ဗာန်ဆိုတာ ရောက်ကို ရောက်မှာ။ နောင်ပွင့်မယ့် ဘုရားလည်း သစ္စာလေးပါး မြတ်တရားတွေကိုပဲ ဟောမှာ။ တရားကတော့ အားလုံး အတူတူပဲလေ။ မဟာယာန ဗုဒ္ဓဘာသာက မပွင့်သေးတဲ့ ဘုရားကို ပဲ အလေးတယူ ပြုနေကြတယ် ဆိုတော့ တမျိုးတော့ ဖြစ်နေတာပဲ။အခုလက်ရှိ ဆေးဆရာက ဆေးညွှန်းပေးထားတဲ့ ဆေးတွေကို မသောက်ချင်ဘဲ ဘယ်အချိန်မှ ရောက်လာမယ်မှန်း မသိတဲ့ ဆေးဆရာကို စောင့်နေသလို ဖြစ်နေပြီ။ အဲဒီတော့ ရောဂါက ပိုဆိုးလာဖို့ပဲ ရှိတယ်။ လက်ရှိ ရှိနေတဲ့ ရောဂါကိုသာ လက်ရှိဆေးနဲ့ ပျောက်အောင် ကုထားနိုင်မှသာ စိတ်အချရဆုံးပါပဲ။ နောက်လာမယ့် ဆေးဆရာလည်း ဒီဆေးညွှန်းကိုပဲ ပေးမှာလေ။
ဘုရားခန်းက အရိမေတ္တယ ဘုရားအလောင်း ထိုင်တော်မူပုံတော်
ဘုရားခန်း အထဲက ရုပ်တုတွေ အထဲမှာ နတ်ဘုရားတစ်ပါးက အမျိုးသမီး တစ်ဦးနဲ့ ကာမယှက်စပ်နေတဲ့ ရုပ်တုကိုလည်း တွေ့လိုက်ရတယ်။ ဘယ့်နှယ့်… ဘုရားခန်းထဲမှာ အဲဒါတွေလည်း လာထားရတယ်လို့။ စာရေးသူ ရောက်ဖူးတဲ့ တချို့ တိဗက် ဘုန်းကြီးကျောင်းတွေ မှာ ဆိုရင် အဲဒီ လိုမျိုး ရုပ်တုကို အကြီးကြီး ထုလုပ်ထားတာ။ မမြင်အပ်တဲ့ နေရာကိုတော့ ပိတ်စပိုင်းလေးနဲ့ ဖုံးအုပ်ထားတာ တွေ့ရတယ်။ အခု စာရေးသူ ရောက်နေတဲ့ ကျောင်းမှာတော့ ရုပ်တုက နည်းနည်း သေးလို့လား မသိဘူး။ ဘာနဲ့မှ မဖုံးထားဘူး။ သူတို့ရဲ့ ဗုဒ္ဓဘာသာက ဘယ်လိုမှန်းကို ပြောလို့တောင် မတတ်တော့ဘူး။
နေ့ပိုင်းမှာ သီလရှင်လေးတွေလည်း တစ်နေကုန် ဗုဒ္ဓစာပေတွေကို သင်နေကြရတာ။ သူတို့သင်ယူနေတဲ့ ဗုဒ္ဓစာပေကို တိဗက်ဘာသာ စာပေနဲ့ လေ့လာ သင်ယူရတယ်။ ဒါကြောင့် အဲဒီ သီလရှင်တွေက တိဗက် ဘာသာစကားကို ကောင်းကောင်း ပြောနိုင်ကြတယ်။ လောကီရဲ့ အာရုံတွေကို အတတ်နိုင်ဆုံး စွန့်လွှတ်ပြီးတော့ သာသနာ ပြုနေကြရတာပဲ။ လေးစား ကြည်ညိုမိပါတယ်။
သူတို့လေးတွေကို ကြည့်ပြီး စာရေးသူလည်း မြန်မာပြည်ကို မြင်ယောင်မိတယ်။ မြန်မာပြည်မှာလည်း ဗုဒ္ဓစာပေတွေကို ရဟန်းတွေ၊ သီလရှင်တွေက အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်နိုင်အောင် အားထုတ်နေကြတာဟာ ဗုဒ္ဓရဲ့ တရားတော်တွေကို မပျောက်မပျက်အောင် သာသနာပြု လုပ်ငန်း လုပ်နေကြတာပါပဲ။ သိပ်ကို ကြည်ညိုစရာ ကောင်းပါတယ်။

တောင်စောင်း နံဘေးက လေဟာပြင် ကုဋီ
သီဟိုခေတ်တုန်းက ဆိုရင် ရဟန်းတွေဟာ ဆွမ်းအခက်အခဲ ကြုံတော့ မြစ်ကမ်းနံဘေး သဲသောင်ပြင်မှာ ရေပါတဲ့ သဲတွေကို ၀မ်းဗိုက်ပေါ် တင်ပြီး ဗုဒ္ဓတရားတော်တွေကို ရွတ်ဖတ်ရင်း မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြတာ။ ဆွမ်းက သိပ်မဘုဉ်းပေးရတော့ ၀မ်းက ပူတဲ့ အပူကို သက်သာအောင် လုပ်ရတာပါ။ တကယ့် သာသနာ့ အာဇာနည် ရဟန်းတွေ ပါပဲ။
အခု ချန်ဂိုရွာက သီလရှင်လေးတွေက ညနေဆိုရင် ကျောင်းဝင်း ပတ်ပတ်လည်က ပန်းသီးစိုက်ခင်းထဲမှာ ရေလောင်းတဲ့သူက လောင်း၊ မြက်ရှင်းတဲ့သူက ရှင်းနဲ့ စိုက်ခင်းအလုပ်ကို လုပ်ကြရပြန်တယ်။ အဲဒီ ပန်းသီးစိုက်ခင်းက ထွက်လာတဲ့ ပန်းသီးကို ရောင်းချပြီး ရလာတဲ့ ၀င်ငွေကို ကျောင်းအတွက် လိုအပ်တာကို စီမံကြရတယ်။ မဟာယာန ဗုဒ္ဓဘာသာ နိုင်ငံတွေမှာက သီလရှင်တွေက ဈေးရောင်းပြီး ၀င်ငွေ ရှာနေကြရပြီး ဘ၀ရပ်တည် နေကြရတာကိုလည်း ကြားသိရတယ်။

မြူနှင်းတွေကြားက တာဝန်ကျေပြွန်နေတဲ့ ဖိုးလမင်းကြီး
မြန်မာနိုင်ငံ အပါအ၀င် သီရိလင်္ကာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား စတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံကျတော့ ရဟန်းနဲ့ သီလရှင်တွေ စီးပွားရှာစရာ မလိုပါဘူး။ ဒကာ၊ ဒကာမတွေရဲ့ လှူဒါန်းကြတဲ့ အင်အားနဲ့ပဲ သာသနာကို တည်ဆောက်နိုင်ကြတယ်။ ရဟန်းတွေ ဆိုတာက လောဘ အလိုကို လိုက်နေလို့ ဘယ်ဖြစ်မလဲ။ ရှိတာလေးနဲ့ တင်းတိမ်ပြီး ရဟန်းတရားကို အားထုတ်နိုင်ကာမှ ရဟန်း ပီသမှာပေါ့။
တကယ်လို့ ရဟန်းနဲ့ သီလရှင်တွေသာ စီးပွားရေး လုပ်ကြတော့မယ် ဆိုရင် လူတွေနဲ့ တန်းတူ စီးပွားရှာတာ ဖြစ်တဲ့အတွက် လူတွေရဲ့ အကြည်အညို ပျက်စရာတွေ ဖြစ်ကုန်မှာပါ။ စီးပွား အပြိုင် ဖြစ်လာကြပြီကိုး။ ပြီးတော့လည်း စီးပွားရှာနေကြရတဲ့ အတွက်လည်း ဗုဒ္ဓစာပေတွေကို လေ့လာကျက်မှတ် ဖို့ အချိန်ဆိုတာ ဘယ်ပေးနိုင်ပါတော့မလဲ။ ရဟန်းတရား အားထုတ်ဖို့ ဆိုရင်တော့ ဝေလာဝေးပဲ။
အဲဒါဆိုရင် သာသနာ ပျက်နေပြီလို့ ပြောလို့ ရနေပြီ။
ရဟန်းကလည်း ရဟန်းအလုပ်လုပ်၊ လူတွေကလည်း လူအလုပ်တွေလုပ် ဆိုရင် ပြဿနာ ရှိမှာ မဟုတ်ဘူး။ ရဟန်းက လူတွေရဲ့ အလုပ်တွေမှာ ၀င်ပြီး လိုက်ပါ၊ လိုက်လုပ် နေရင်တော့ လူတွေက ရဟန်းတွေကို အကြည်ညိုပျက်ပြီး သာသနာ ပျက်ဖို့ပဲ ရှိတယ်။ ရဟန်းကလည်း ရဟန်းတာဝန်၊ လူကလည်း လူ့တာဝန် သာသနာအတွက် တာဝန် ကိုယ်စီ ယူထားကြမယ် ဆိုရင် ဗုဒ္ဓသာသနာတော်ဟာ ဆက်ပြီး ရှင်သန်နေမှာပါ။
ကောင်းကင်က လမင်းကြီးလည်း ည မြူနှင်းမှုံတွေ ကိုထိုးဖောက်ရင်း အင်အားအပြည့်နဲ့ ချန်ဂို ရွာလေးကို အလင်းရောင်တွေ ပေးပြီး အကျိုးပြုနေတယ်။ လမင်းကြီးလည်း သူ့ရဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေဆဲပဲ။
စာရေးသူလည်း သာသနာတော်အတွက် လုပ်ဆောင်စရာ ရဟန်းတာဝန်တွေကို နိုင်တဲ့ဘက်က ဆက်ပြီး လုပ်ဆောင်ရမယ်။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပြေမှာ သာသနာ ဆက်ပြီး ထွန်းတောက်နေဖို့ ဒီထက်ပိုပြီး ကြိုးစားရဦးမယ်။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေကို ဖြည့်ဆည်းခဲ့ပြီး သတ္တ၀ါတွေ အကျိုးကို ဆောင်ရွက်ပေးခဲ့တဲ့ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်တွေကို တတ်စွမ်းတဲ့ဘက်က ဆပ်ရဦးမယ်လေ…..

0 comments:
Post a Comment