
ပဋိသန္ဓေ အသစ်။ ။ ဆရာ့အထံ၌ သားငယ်ကို အပ်နှံခြင်းသည် ဘ၀သစ်၌ ပဋိသန္ဓေအသစ် ယူစေခြင်းနှင့်တူ၏။ လူ့ဘ၀၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာ အမျိုး၏ ရိုးရာလိုက်၍ စာသောက်နေထိုင် ကျင့်ကြံလေ့ရှိသကဲ့သို့ ဆရာကောင်းထံ၌ အပ်နှံမိယင် ဆရာကောင်း၏ အတုလိုက်၍ ဆရာ မကောင်းထံအပ်နှံမိယင်လည်း ထိုဆရာ မကောင်း၏ ထုံးစံကိုသာ လိုက်မိတော့သည်။ ထို့ကြောင့် ကျနစွာ သင်ပြမပေးတတ်သော ဆရာအထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ ပဋိသန္ဓေနေမိခြင်းနှင့် တူ၏။ ကျနစွာ သင်ပြပေးတတ်သော ဆရာအထံ၌ နေမိခြင်းကား အမျိုးကောင်းမိဘထံမှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူသည်။
အဋ္ဌကထာ။ ။ ပဗ္ဗဇ္ဇာ ဟိ နာမေသ ပဋိသန္ဓိဂ္ဂဟဏသဒိသာ။ ယထာ မနုဿာ ယတ္ထ ပဋိသန္ဓိံ ဂဏှန္တိ၊ တေသံ ယေ၀ ကုလာနံ အာစာရံ သိက္ခန္တိ။ ဧ၀ံ ဘိက္ခူပိ (သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံ ယေ၀ အာစာရံ ဂဏှန္တိ။
(သဠာယတနသံယုတ်၊ အာသီဝိသ၀ဂ္ဂ စတုတ္ထသုတ်)
တင်ပြစရာ အဖြာဖြာ။ ။ ဤနေရာဝယ် ကမ္ဘာပတ်ဝန်းကျင်နှင့် ပြည်တွင်းမငြိမ်မသက် ဖြစ်နေမှုများကို အရေးကြီးသော်လည်း "မိုးပြို အများနှင့်" ဖြစ်ရမည့် ကိစ္စဖြစ်၍ မစိစစ်လိုပါ။ သာသနာတော်နှင့် သက်ဆိုင်သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြ လိုပါသည်။
(၁) များစွာသော ကျေးရွာနယ်ပယ်တို့၌ သီးတင်းသုံးနေတော်မူကြသော ဘုန်းတော်ကြီးများ၏ သြဇာအာဏာ သည် မြန်မာဘုရင်များ၏ လက်ထက်ကို မဆိုထားဘိ အင်္ဂလိပ်စိုးခိုက်ဖြစ်သော အနှစ်လေးဆယ်ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန်အ၀ါမရှိ၊ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ၊ ဤအချက်၌ ရှေးလက်ထက်က သြဇာရှိ၍ ယခု ဘာကြောင့် မရှိရသလဲဟု လေးလေးနက်နက် စဉ်းစားရပေမည်။
(၂) ရှေးအခါက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် အနေအထိုင်အားဖြင် ရပ်ရွာသူ ရပ်ရွာသားလူအများတို့ လေးစားကျေနပ် လောက်အောင် ဣနြေ္ဒသိက္ခာကို ဆောင်တော်မူနိုင်ကြပေသည်။ ယခုသော်ကား အများအားဖြင့် ထိုသို့လေးစား ကျေနပ်လောက်ပါ သေးသလော။
(၃) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူ ရွာသားကလေးများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမ၍ အတက်ပညာကိုလည်း (လုံးလုံးအခမဲ့ တကဲ့မေတ္တာ စေတနာဖြင့်) သင်ပေးတော်မူကြ၏။ ယခုအခါ၌ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူမည့် ကလေးများပင် ရှားပါး၍ နေတော့သည်။
(၄) ဘုန်းတော်ကြီးကျောင်း၌ စာသင်ယူမည့် ကလေးသူငယ်များ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းတော်ကြီးများက သင်မပေးလိုကြ၍ မဟုတ်။ "ဘုန်းတော်ကြီးကျောင်းမှ ထွက်လာသော ကလေးများသည် များသောအားဖြင့် အောက်ကျနောက်ကျ ရှိကြ၏"ဟု ယူဆ၍ ဘုန်းကြီးကျောင်းထွက် မိဘများကိုယ်တိုင်က မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန်တူလေသည်။ (၀မ်းနည်ဘွယ်ကောင်းလေစွ)။
(၅) တစ်ဖန် မြို့ကြီးငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီးများ၏ သြဇာအာဏာကို စဉ်းစားကြည့်ကြပါစို့၊ အနည်းငယ်သော ဆရာတော်များမှ တစ်ပါး အများအပြားအားဖြင့် ဘုန်းတော်ကြီးတို့မှာ သြဇာအာဏာများကို မဆိုထားဘိ လူကြီးလူကောင်းဆိုသူ များ၏ လေးစားရိုသေခြင်းမျှကို ခံရဖို့ ခဲယဉ်းလေတော့သည်။ ထိုသို့ဖြစ်ရာ၌ အကြေားကား အသို့ပါနည်း..
(က) ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန်သည်များနှင့် အစိုးရအမှုထမ်းတို့သည် များသောအားဖြင့် ဘုန်းကြီးကျောင်း ထွက်များ မဟုတ်ကြချေ။ တချို့ကမူ ဘာသာခြားစာသင်ကျောင်းထွက်လည်း ဖြစ်ကြလေသေး၏။
(ခ) ထိုဘာသာခြား စာသင်ကျောင်းထွက်များသည် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာတရားဓမ္မ လုပ်ငန်းကိစ္စဟူသမျှနှင့် မျက်နှာစိမ်း ခဲ့ကြခြင်း သူတို့ဆရာကြီးများ၏ မေတ္တာ ကရုဏာကိုခံယူခဲ့ရခြင်းတို့ကြောင့် ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း ဗုဒ္ဓဘာာသာဝင် အရှင်ကောင်း အရှင်မြတ်များကို ဆည်းကပ်မိဖို့မှာ လွန်စွာပင် ခဲယဉ်းတော့သည်။ ကြုံကြိုက်သော သာမန် ဘုန်းကြီးကျောင်းများကိုသာ ကိုးကွယ်ဆည်းကပ်ရသည့်အတွက် ဗုဒ္ဓဘာသာအပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြ တော့ချေ။
(ဂ) ယခုလွတ်လပ်ပြီးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ကား ထိုဘာသာခြားစာပေကို သာ၍ပင် အားကျပါးကျ သင်ယူနေကြပါသေးသည်။ ပစ္စည်းဥစ္စာ အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထားများလေလေဖြစ်၏။ လက်ရှိအခြေအနေကို စဉ်းစားရလျှင် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ထိုဘာသာခြား ပညာတတ်တွေသာ ဖြစ်ဖွယ်ရှိနေပေသည်။ (သို့ဖြစ်၍ ဘာသာခြား စာပေကို သင်သည့်အတွက် အပြစ်မဆိုသာ အများဆုံးနှင့် အမြန်ဆုံး တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးသီး ရှာဖွေရပေမည်)။
(၃) တစ်ဖန် မိမိတို့ဘက်သို့ လှည့်၍ ကြည့်ပြန်သော် အထိုက်အလျောက် ကြည်ညိုခံရသော ဆရာတော်များ လည်း သက်တော်ရွယ်တော် ရင့်ညောင်း၍ ဘ၀ပြောင်းဖို့အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့မည်။ ဤအတိုင်းသွားခဲ့ပါသော် ကျေးလက်ရော မြို့ပါ သာသာနအရေး စိတ်လေးစရာပင် ဖြစ်နေပါတော့သည်။
(၄) တစ်ဆင့် စဉ်းစားဖွယ်ရှိသေး၏။ ဤသာသနာတော် အချိန်မှေးမှိန်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာတော်၏ ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သာ ခံကြဖို့ပင် ဖြစ်ပါပေသည်။ သို့သော် လက်တွေ့အားဖြင့် ထိုသို့ဟုတ်နိုင်မည်မထင်ပါ။ အနော်ရထာမင်းစော လက်ထက်မှ စ၍အရာအရာယဉ်ကျေးမှု တိုးတက် ခြင်းသည် သာသနာတော်ကြောင်းဖြစ်ရကား သာသနာတော် မှေးမှိန်လျှင် တိုင်ပြည်လည်း ကိုယ်ကျင့်တရားမှစ၍ သေးသိမ်ဖို့ လမ်းကသာများနေပါသည်။ သို့ဖြစ်လျှင် သာသနာရေးနှင့် တိုင်းပြည်အရေးကို သွေးခွဲသင့်ပါဦးမည်လော။
(၅) "သာသနာတော်၏ အရှိအ၀ါ သြဇာအာဏာ ဆုတ်ယုတ်ခြင်းသည် နိုင်ငံတော်ဆုတ်ယုတ် ကြောင်းပင်" ဖြစ်ပါသည် ဟူသော ၀ါဒကိုလက်ခံနိုင်ကြပါမူ သာသနာတော်ဆုတ်ယုတ်ခြင်း၏ အကြေားများကို ဖယ်ရှားဖို့ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို ရှေးစနစ်အတိုင်း ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစားသင့်ပါ သည်။ ၀ိနည်းတော်နှင့် မဆန့်ကျင်သော သိပ္ပ ၀ိဇ္ဇဟူသမျှ ကိုလည်း ရဟန်းတော်များ ကိုယ်တိုင်ငွေကြေးအထောက်အပံ့မယူဘဲ ရှေးမူအတိုင်း သင်ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့် ပါသည်။ (ဤကိစ္စ၌ နည်းအမျိုးမျိုးရှိသောကြောင့် အသေးစိတ် မပြလိုတော့ပါ)။
(၆) ထိုအတိုင်း ကြိုးစားသောအားဖြင့် (ယောက်ျားကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်းကလေး များကို သီလရှင် ဆရာများက သင်ပြပေးနိုင်ပါမူ) ဤမြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း။ သာသနာအရှိအ၀ါသည် အဘယ်မှာလျှင် ဤနိုင်ငံတော်နှင့် ကွဲကွာနိုင်ပါတော့နည်း။
(၇) ဤသို့ နိုင်ငံတော်နှင့် သာသနာတော်တိုးတက်ရာ တိုးတက်ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာတည်တံ့ ခိုင်မြဲရေးလည်း အပါအ၀င်ဖြစ်သောကြောင့် ရှေးဆရာတော်ကြီးများသည် သာမဏေကိုရင်ဖြစ်သည်မှ စ၍ကျင့်ကြရမည့် သိက္ခာစုကို ရှင်ကျင့်ဝတ်ဟု အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြတော်မူခဲ့ကြပေသည်။
(မှတ်ချက်) အမရပူရမြို့ ဆရာတော်ဘုရားကြီး၏ ရုပ်ပုံရှင်ကျင့်ဝတ် ကျမ်းစာအုပ်မှ ဆရာတော်၏ သာသနာနှင့် နိုင်ငံတော်ပေါ် ထားရှိသော နှလုံးသားကို သိရှိနိုင်ရန် ကူးယူ ဖေါ်ထုတ်ပေးခြင်းဖြစ်ပါသည်။)
0 comments:
Post a Comment