ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်

အမှတ်တမဲ့မှအမှတ်တရနေ့ရက်များကို ကျော်လွန်ပြီး အဲဒီအမှတ်တရနေ့ရက်များကနေ
ခင်မင်လေးစားစွာနဲ့ ဇွန်မရဲ့ ဘလော့မောင်နှမများ မိတ်ဆွေများကို နှုတ်ဆက်ခဲ့ပါတယ်။
ဇွန်မရဲ့ ‘အမှတ်တမဲ့မှ အမှတ်တရနေ့ရက်များ’ ဘလော့လေးကို (၁၄-၈-၂၀၀၈)မှာ စတင်ခဲ့ပြီး ဒီကနေ့ (၁၈-၁၁-၂၀၁၀)ရက်နေ့မှာတော့ ပို့စ်တင်တာကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အသိမပေးဘဲ တိတ်တဆိတ် ထွက်ခွာသွားရမှာထက်စာရင် အခုလို နှုတ်ဆက်ပြီးသွားရတာကို ပိုနှစ်သက်လို့ပါရှင်။
တကယ်တော့ ဇွန်မစာမရေးတတ်ပါဘူး။ တစ်နေ့တစ်နေ့ ရတဲ့အချိန်လေးတွေမှာ ဘလော့များစွာကို လည်ပတ်ရင်း အနည်းအကျဉ်း တတ်လာခဲ့တာပါ။ ဒါကြောင့်လည်း အကယ်၍သာ အရေးအသားတွေမှာ အမှားအယွင်းလေးများ ရှိခဲ့ရင် နားလည် ခွင့်လွှတ်ပေးဖို့ ကြိုတင်ပြီး တောင်းပန်ပါရစေနော်။
နှုတ်ဆက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ မကြာမီအချိန်မှာ မပြီးဆုံးသေးတဲ့ ပညာရေးကို ဆက်လက်သင်ကြားရတော့မှာဖြစ်ပါတယ်။ ဒီဘလော့မှာ ဇွန်မအချိန်ပေးပြီး ပို့စ်တင်နိုင်တော့မှာ မဟုတ်တော့တဲ့အတွက် နှုတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်ရှင်။ ဘယ်လိုအခြေအနေဖြစ်ပါစေ ဇွန်မရဲ့ ဟောဒီဘလော့လေးကို အချိန်ကြာမြင့်စွာ အသုံးမပြုတော့ရင် အလိုအလျောက် ပျောက်ကွယ်သွားတော့မယ်ဆိုတာ သိနေတဲ့အတွက် ဝမ်းနည်းစွာနဲ့ကြိုတင် အခုလို နှုတ်ဆက်ရခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ခြင်းများစွာဖြင့်-
ဇွန်မရဲ့ ဒီဘလော့လေးကို စတင်ဖန်တီးပေးခဲ့တဲ့ ဇွန်မရဲ့ အမြဲတန်းချစ်သူ၊ ချစ်သူရဲ့ မွေးနေ့မှာ ချစ်သူအတွက်လက်ဆောင်ကဗျာလေးပေးချင်လို့ အကူအညီတောင်းတာကို လက်ခံပြီး ကဗျာလေးစပ်ပေးခဲ့တဲ့ အကိုလင်းကြယ်ဖြူနဲ့ ဒီကဗျာလေးကို ဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ အကို ကိုကိုမောင်(ပန်းရနံ့)။ စတင်ရင်းနှီးခဲ့ပြီး နေ့စဉ်ရက်ဆက်အားပေးခဲ့တဲ့ အမပန်းကဗျာနဲ့ အမမေ။ နောက်ဆုံးရက်အထိ အားပေးခဲ့တဲ့ အမရွှေစင်ဦး။ စီဘောက်စ်နဲ့ မူရင်းပို့စ်တွေမှာ လာရောက်အားပေးခဲ့တဲ့ ဘုန်းဘုန်းများ၊ ဘလော့ဂါများနဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ရှင်။
ဒီအပြင် အားပေးမှုအမျိုးမျိုးနဲ့ တစ်နေ့တစ်ခြား တိုးတက်လာအောင် ပံ့ပိုးပေးခဲ့တဲ့ ဘလော့မောင်နှမ မိတ်ဆွေများ၊ ဘလော့ရဲ့ လိုအပ်ချက်လေးတွေကို လာလည်ရင်း ပြုပြင်ပေးတဲ့ ဘလော့မောင်နှမများ၊ စိတ်နေစိတ်ထားကို ဒီထက်မက ပိုမိုနူးညံ့အောင် သွန်သင်ဆုံးမပေးတဲ့ ဘာသာရေးဘလော့ဂါများ၊ နည်းပညာများကို ဖြန့်ဝေပေးပြီး လူတိုင်းအပေါ်သိစေတတ်စေချင်တဲ့ စေတနာရှင်ဘလော့ဂါများနဲ့ ဗဟုသုတဆိုင်ရာတွေကို ပိုမိုသိရှိနားလည်အောင် ဖြန့်ဝေပေးတဲ့ ဘလော့ဂါများ။ နိုင်ငံရေးအသိစိတ်ဓာတ်လေးတွေကို ပျိုးထောင်ပေးတဲ့ ဘလော့ဂါများအပြင် ကိုယ့်ဘဝရဲ့ ဆောင်ရန်ရှောင်ရန် အားလုံးကို ကြိုတင်ပြင်ဆင်နိုင်အောင် သင်ပေးတဲ့ ပညာရှင်ဘလော့ဂါများကို ကျေးဇူးတင်ပါတယ်ရှင်။
အချိန်ရတာနဲ့အမျှ ဘလော့မောင်နှမများထံကို လာလည်ပြီးဖတ်ဖို့ ဆန္ဒအပြည့်အဝရှိပြီး လာလည်ဖြစ်တိုင်းလည်း ကွန်မန့်လေးတွေကို ဇွန်မနာမည်နဲ့ပဲ ဆက်ပေးသွားပါ့မယ်ရှင်။
အစရှိသလို ဆန့်ကျင်ဖက် အဆုံးဆိုတာရှိတယ်။
တွေ့ဆုံခြင်းရှိသလို ဆန့်ကျင်ဖက် ခွဲခွာခြင်းလည်းရှိတယ်။
အသက်ရှင်နေသမျှကာလပတ်လုံး တစ်ချိန်ချိန် တစ်နေရာရာမှာတော့
ခွဲခွာခြင်းရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ ဆုံဆည်းခြင်းဆိုတာ ရှိလာအုံးမယ်လို့ မျှော်လင့်ရင်း-
ဇွန်မရဲ့ ချစ်သူ၊ ဘလော့မောင်နှမများ နဲ့ မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး မိသားစုအကျိုး၊ သာသာနာ့အကျိုးနဲ့ တိုင်းပြည်အကျိုး သည်ပိုးနိုင်ကြပါစေလို့ ဆုတောင်းခဲ့ပါတယ်ရှင်။
အခုလိုနှုတ်ဆက်ခြင်းရဲ့ တန်ပြန်ကွန်မန့်လေးတွေကိုတော့ ဇွန်မရဲ့ချစ်သူ၊ ချစ်ခင်လေးစားရသော ဘလော့မောင်နှမများနဲ့ ပြင်ပမိတ်ဆွေများရဲ့ အမှတ်တရကွန်မန့်လေးတွေဖြစ်လို့ ဇွန်မ ဖတ်ခွင့်ရရင်ဖြင့် ပျော်ရွှင်ကြည်နူးမိမှာအမှန်ပါရှင်။
အစဉ်ချစ်ခင်လေးစားစွာဖြင့်-
ဇွန်မ


0 comments:
Post a Comment