ကျန်းမာစေဖို့အားထုတ်စို့
အိနွိယနိုင်ငံ၏ နွေနှောင်းကာလာနေ့လည်ခင်းသည် ပူလောင်လွန်းလှသည်။ ကျွန်တော်တို့ ဇနီးမောင်နှံသည် ဗုဒ္ဓဂါယာအရပ်သို့ ဒုတိယအကြိမ်ခြေချမိခဲ့ကြပြန်ပြီဖြစ်သည်။ နယူးဒေလီမှတစ်ညနေ့နှင့် တစ်ည ခုတ်မောင်းလာခဲ့သော “မဟာဗောဓိ” ရထားကြီးသည် နောက်ဆုံးသက်ပြင်းရှည်ကြီးကို မှုတ်ထုတ်၍ ဂါယာ ဘူတာတွင်ရပ်နားလိုက်သည်။ အလုအယက်တိုးဝှေ့ရွေ့လျားနေသော လူအုပ်ကြီးအကြားတွင် “ ပညာသင်မြန်မာရဟန်း တော်များ ဗုဒ္ဓဘာသာပညာရေးဗိမာန်” မှ ဆရာတော် ဦးဂန္တသာရနှင့်အဖွဲ့သည် ကျွန်တော်တို့အား ဝှေ့ယမ်းလက်ပြရင်း စောင့်မျော်နေကြသည်။
ဒီတစ်ခေါက်အလာတွင် ရဟန်းတော်များ၏ကျန်းမာရေးကို ကြည့်ရှုပေးနိုင်ရန် စဉ်းစားမိသမျှ ဆေးဝါးများစုဆောင်းလာခဲ့သည်။ သဒ္ဒါတရားအားနည်းသော ရေခြားမြေခြားတွင် သာသနာတော် အဓွန့်ရှည်တည်တန့်ခိုင်မြဲ့ရေးအတွက် ပြင်းထန်သော ဇွဲလံ့လနှင့် ကြိုးစားပညာသင်ယူနေကြသော မြန်မာရဟန်းတော်များ၏ စိတ်ဓာတ်နှင့် ရည်မှန်းချက်ကို အထူးပင်လေးစားကြည်ညိုမိပါသည်။
ရောက်လျင်ရောက်ခြင်း ခရီးမဆိုက်ပင် အထုပ်အပိုးများကိုချ၍ ဗောဓိပင်နှင့် ရွှေပလ္လင်ပေါက်ရာ ဘူမိန်ာသန်နေရာမှန်သည့် မြေမွန်မြေမြတ်သို့ အပြေးအလွှားသွား ရောက်ဦးခိုက်လိုက်သည်။ နောက်တစ်ရက်တွင် ဒုလ္လဘရဟန်းဝတ်မည်ဖြစ်ပြီး ရဟန်းတော်များကို ပါလာသမျှဆေးဝါးများလှူဒါန်းရင်း ကျန်းမာရေးကို ကြည့်ရှုပေး မည်ဖြစ်သည်။
၂၀၀၉ ဇွန်လ ၂၄ရက်နေ့ နံနက် မိုးသောက်အလင်းရောက်အချိန်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ကူးပြောင်းရောက်ရှိခဲ့သည်။ နေ့ဆွမ်းစားပြီးအချိန်တွင် ဥပဇ္ဇျာယ်ဆရာတော် ဒေါက်တာအရှင်အင်္ကုရနှင့် ကျန်းမာရေးအကြောင်းဆွေးနွေးမိကြသည်။
ဆရာတော်။ ။ ကျန်းမာဖို့ဟာ အဓိကဖြစ်တယ်ဆိုတာသိပေမဲ့ သံဃာများ ဘယ်လိုနေထိုင်စားသောက်ရမယ် ဆိုတာ သိပ်မသိကြဘူး။ နဲနဲလောက်ရှင်းပြပေးပါဦး။
ကျွန်ုပ်။ ။ မှန်ပါ၊ မျက်မှောက်ခေတ်ဆေးပညာအရရော တရားတော်အရပါ ကျန်းမာစေဖို့ အခြေခံအကြောင်းကြီးလေးချက်ရှိပါတယ် ဘုရား။ အဲ့ဒါတွေကတော့
၁။ဗီဇဓာတ်
၂။စိတ်ဓာတ်အခြေအနေ
၃။ရေမြေတောတောင်နှင့် ပတ်ဝန်းကျင်ရာသီဥတု
၎။ စားသောက်ရသော အဟာရတို့ဖြစ်ပါတယ် ဘုရား။
ဆရာတော်။ ။ ဗီဇဓာတ်ရဲ့ကျန်းမာရေးအပေါ်လွမ်းမိုးပုံကို ပြောပြပါဦး။
ကျွန်ုပ်။ ။ ဗီဇဓာတ်ဆိုတာ သတ္တဝါတစ်ခုစတင်ဖြစ်ပေါ်ဖွဲ့စည်းစဉ်က ရုပ်ပိုင်းနဲ့ စိတ်ပိုင်းကို ဆုံးဖြတ်ပြဋ္ဌာန်းလိုက်တဲ့ စွမ်းအင် သတ္တိတစ်မျိုးဖြစ်ပါတယ် ဘုရား။ တစ်ချို့လူတွေမှာ မွေးရာပါ နှလုံးရောဂါပါလာကြတယ်၊ မွေးရာပါသွေးတိုး ရောဂါပါလာကြတယ်၊ မွေးရာပါ သွေးကြောအဆီပိတ်တဲ့ရောဂါ ပါလာကြတယ်၊ အဲ့ဒါတွေဟာ ဗီဇဓာတ်ရဲ့ ပြဋ္ဌာန်းချက်တွေပါပဲ။
ဆရာတော်။ ။ အဲ့ဒီလိုဆိုရင် ဗီဇကြောင့်ရတဲ့အားနဲချက်ကို ပြုပြင်လို့မရတော့ဘူးလား။
ကျွန်ုပ်။ ။ ဒီလိုလဲ မဟုတ်ပါဘူးဘုရား။ ကံကို ဉာဏ်နဲ့ဝီရိယတို့က စောင့်ရှေက်နိုင်ပါတယ်။ ဥပမာ ဗီဇကြောင့် ရတဲ့သွေးတိုးရောဂါကို ဉာဏ်ဝီရိယစိုက်ထုတ်ပြီး သွေးတိုးစေမဲ့အစားအသောက်များကို ရှောင်ကျဉ်မယ်၊ သွေးတိုးစေမယ့် စိတ်အာရုံများကို သတိနဲ့စောင့်ရှောက်မယ်၊ ခန္ဓာကိုယ် အလေးချိန်ကိုထိမ်းသိမ်းစောင့်ရှောက်မယ် ဆိုရင် ကျန်းမာအောင်နေနိုင်ပါတယ်။ ဆိုလိုတာက ကံကဖန်တီးခဲ့တဲ့ မိမိရဲ့ ကမျန်းမာရေးအားနဲချက်ကို သိရှိပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာ သိရှိဖို့ပါပဲ။ ယခုခေတ်ဆေးပညာမျာ သန္ဓေသားဖြစ်တည်စကတည်းက ဗီဇကိုပြောင်းလဲနိုင်တဲ့ ‘ဗီဇအင်ဂျင်နီယာ’ နည်းပညာတွေပေါ်ထွန်းနေပါပြီဘုရား။
ဆရာတော်။ ။ အားရှိစရာပါပဲ၊ စိတ်ရဲ့ ကျန်းမာရေးအပေါ်လွှမ်းမိုးပုံကိုပြောပြပါဦး။
ကျွန်ုပ်။ ။ မှန်ပါ၊ မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ စိတ်ကိုဆုံးမဖို့၊ စောင့်ရှောက်ဖို့၊ လုံခြုံစေဖို့၊ ဆို့ပိတ်တားဆီးဖို့ အကြိမ်ကြိမ်အဖန်ဖန်ဟောကြားဆုံးမထားပြီးသားပါဘုရား။ အရှင်ဘုရားတို့လို မြတ်စွာဘုရားရဲ့သားတော်ရဟန်းသံဃာများအနေနဲ့ကတော့ ဝိနည်းအသွယ်သွယ် သိက္ခာပုဒ်အဖုံဖုံနဲ့ စိတ်ကိုစောင့်ရှောက်ထားပြီးသားဖြစ်လို့ စိတ်ပိုင်းဆိုင်ရာဟာ ကျန်းမာရေးအတွက် ပြဿနာသိပ်မရှိဘူးလို့ ထင်ပါတယ် ဘုရား။ တပည့်တော်တို့ လူတွေမှာတော့ စိတ်ပိုင်းဆိုင်ရာဟာ အလွန်ကြီးမားတဲ့ ပြဿနာကြီး တစ်ခုပါဘုရား။ အခြေခံငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းပြီး၊ လောဘ ဒေါသ မာနတရားတွေကို သတိနဲ့စောင့်ရှေက်နိုင်ရင် ကျန်းမာစွာအသက်ရှည်နိုင်တယ်လို့ ထင်မြင်ပါတယ်ဘုရား။
ဆရာတော်။ ။ မှန်ပါပေတယ်၊ ဒါကြောင့်လဲ မြတ်စွာဘုရားက အင်္ဂုတ္တရနိကယ်၊ အဒန္တဝဂ်မှာ “ရဟန်းတို့ ဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာဖြစ်သကဲ့သို့ ဤအတူများစွာ အကျိုးရှိခြင်းငှာဖြစ်သော အခြားတစ်ခုသော တရားကိုမျှငါမမြင်” လို့ ဟောကြားတော် မူခဲ့တာပဲ။ ဆက်ပြီးတော့ ပတ်ဝန်းကျင်ရာသီဥတုနဲ့ကျန်းမာရေးဆက်စပ်ပုံကို ပြောပြပါဦး။
ကျွန်ုပ်။ ။ အရေးကြီးတဲ့ ကိစ္စပါဘုရား။
ပတ်ဝန်းကျင်နဲ့ ရာသီဥတု တစ်ခုစီခွဲပြီး တင်ပြချင်ပါတယ် ဘုရား။
ပတ်ဝန်းကျင်ဆိုတာ နေထိုင်တဲ့ကျောင်း သင်္ခန်း၊ သောက်သုံးတဲ့ရေတို့ ပါဝင်ပါတယ်။ နေထိုင်တဲ့ပတ်ဝန်းကျန်ဟာ ကိုယ့်ကိုမလေးစားတောင်မှ အနှောက်အယှက်ပေးမဲ့ ပတ်ဝန်းကျင်မျိုး မဖြစ်ဖို့လိုပါတယ် ဘုရား။ အာရုံပျက်လောက်အောင်ဆူညံတဲ့ ပတ်ဝန်းကျင်မျိုး မဖြစ်ဖို့လဲ လိုပါတယ်ဘုရား။
ဆရာတော်။ ။ မှန်ပါပေတယ်။ ယခုကျောင်းကြီးမပေါ်ပေါက်မီကဆိုရင် ပညာသင်ရဟန်းများနေထိုင်ရ အလွန်ဆင်းရဲပါတယ်။ ရရာအရပ်ဒေသမှာ ဖြစ်သလို သီတင်းသုံးရတာမျိုးရှိပါတယ်။ မြန်မာပြည်လို သဒ္ဒါတရားထက်သန်တဲ့နေရာမျိုးဆိုရင်တော့က အကြောင်းမဟုတ်ပေဘူးပေါ့။ ယခုကျောင်းတော်ကြီးပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ရဟန်းများအတွက် များစွာ အဆင်ပြေသွားပြီဖြစ်ပါတယ်။ ကျောင်းတော်ကြီဖြစ်မြောက်အောင် လှူဒါန်းခဲ့ကြတဲ့ ဒကာ ဒကာမများအားလုံးရဲ့ စေတနာကို သာဓုအနုမောဓနာခေါ်ပါတယ်။
ဆက်ပြောပါဦး။
ကျွန်ုပ်။ ။ နေထိုင်ရတဲ့ကျောင်းသင်္ခန်းပါဘုရား။ မိုး၊ရေ၊လေ လုံခြုံဖို့၊ ပစ္စည်းပစ္စဝ လုံခြုံဖို့၊ လျှပ်စစ်၊ရေ အလွယ်တကူရရှိဖို့ - ဒါတွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကိစ္စတွေပါဘုရား။
နောက်တစ်ခုက သောက်သုံးတဲ့ရေပါဘုရား။ အိန္ဒိယနိုင်ငံရဲ့ ရေပေးဝေတဲ့စနစ်ဟာကျန်းမာရေးနဲ့ ကိုက်ညီမှုရှိမရှိ မသိရပေမယ့် အိန္ဒယလူမျိုးတွေရဲ့ နေရာတကာမှ အလွယ်တကူ အပေါ့စွန့်တဲ့အလေ့အထဟာ သောက်သုံးရေအတွက် စိုးရိမ်ရပါတယ် ဘုရား။ ရထားလမ်းတလျှောက် နံနက်မိုးလင်းအချိန်မှာ လယ်ကွင်းစပ်တစ်လျှောက်လုံး တောထိုင်နေတဲ့ လူများစွာကိုလဲ ယိုသူမရှက် မြင်သူရှက်နဲ့တွေ့ခဲ့ရပါတယ် ဘုရား။ ဒါကြောင့် ရေကိုအနည်ထိုင်ပြီး ကြိုချက်သောက်နိုင်ရင် အကောင်းဆုံးပါပဲ ဘုရား။ နောက်ပြီး ပူပြင်းတဲ့ ယခုလိုရာသီမျိုးမှာ ရေ၊ဓာတ်ဆားရည်ကို တစ်နေ့အနည်းဆုံး ၂လီတာ သို့မဟုတ် ၃ လီတာ သောက်သင့်ပါတယ်ဘုရား။
ဆရာတော်။ ။ သင့်တော်ပါပပေတယ်။ နောက်ဆုံး အချက်ဖြစ်တဲ့ စားသောက်တဲ့အဟာရကိုပြောပါဦး။
ကျွန်ုပ်။ ။ အရေးအကြီးဆုံးပါပဲ ဘုရား။ ဖြစ်သလိုဆွမ်းဘုန်းပေးလို့ မဖြစ်ပါဘူးဘုရား။ တပည့်တော်လဲ အခုသံဃာတွေထဲမှာ အဟာရမပြည့်မှီတဲ့အချက်ကလေးတွေ တွေ့ရပါတယ်ဘုရား။ နေ့စဉ်ဘုန်းပေးတဲ့အထဲမှာ
၁။ အသားဓာတ်
၂။ အဆီဓာတ်
၃။ ကစီဓာတ်
၎။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံဓာတ် တွေ့ပါဝင်ဖို့လိုပါတယ်ဘုရား။
အသားဓာတ်အနေနဲ့ကတော့ ကြက်၊ဝက်၊အမဲ၊ငါး နေ့တိုင်းစားရမယ် မဟုတ်ပါဘူး ဘုရား။ ဒီအရပ်ဒေသမှာပေါများတဲ့ နွားနို့၊ နို့ခဲ၊ ဒိန်ချဉ် နေ့စဥ ကော်ဖီပန်းကန်တစ်လုံး နှစ်လု့းစားမျှ ဘုန်းပေးဖို့လိုပါတယ် ဘုရား။ ဒီအရပ်ရဲ့ နို့ခဲဟင်းကလဲ အလွန်ထမင်းမြိန်ပါတယ် ဘုရား။ မဟုတ်လဲ ပဲကို နှစ်မျိုးသုံးမျိုး (ကုလားပဲ၊ မတ်ပဲ၊ ပဲနောက်) ရောပြီး ချက်စားဖို့ လိုပါတယ် ဘုရား။
အဆီဓာတ်အနေနဲ့ကတော့ ဟင်ျးက်ရင်းထည့်တဲ့ဆီဆိုရင် လုံလောက်ပါတယ်ဘုရား။ ဒီအရပ်ဒေသရဲ့ မုံညင်းဆီဟာတပည့်တော့တို့ မြန်မာပါးစပ်နဲ့တော့သိပ်အရာသာမတွေ့ပါဘူး။ စားနိုင်ရင်ကောင်းပါတယ် ။ စားအုန်းဆီထက်တော့ အန္တရယ်ကင်းပါတယ်။
ကစီဓာတ်ကတော့ ဆွမ်း၊ထမင်းပါဘုရား။
နောက်ဆုံး အရေးကြီးတာကတော့ ဟင်းသီးဟင်းရွက်နှင့်အသီးအနှံဓာတ်ပါဘုရား။ နေ့စဉ် ဆွမ်းထဲမှာ ဟင်းသီးဟင်းရွက်တစ်မျိုး ၊ နှစ်မျိုး ပါသင့်ပါတယ်လုရား။ ဟင်းနုနွယ်၊ မုန်လာဥ၊ ခရမ်းသီး၊ ပဲသီးတောင့်၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုပ် ဒီမှာအလွန်ပေါပါတယ်ဘုရား။ အသီးအနှံဆိုတာကတော့ အစိမ်းစားနိုင်တဲ့အသီးအနှံကို ဆိုလိုပါတယ်ဘုရား။ ငှက်ပျော်သီး၊ သရက်သီး၊ သခွားသီး၊ သလဲသီး၊ ရှောက်ချိုသီး စသဖြင့် နေ့စဉ် တစ်မျိုးမျိုး စားသင့်ပါတယ် ဘုရား။
ဆရာတော်။ ။ ဒါတွေကို နေ့စဉ်နေ့တိုင်းသတိထားပြီးစားသောက်နေဖို့လက်တွေ့လွယ်ပါ့မလား။
ကျွန်ုပ်။ ။ လွယ်ပါတယ်ဘုရား။ ဥပမာအားဖြင့် နေ့စဉ်ဆွမ်းကို
၁။ ပဲဟင်းတစ်ခွက်
၂။ ပဲသီးတောင့်ပြုတ်နဲ့ငါးပိကြော်
၃။ ဒိန်ချဉ်နှင့်ငှက်ပျောသီး
(ဒါမှမဟုတ်)
၁။ ကြက်ဥ၊ဘဲဥကြော်
၂။ ရွှေဖရုံသီးချက်
၃။ သရက်သီးမှည့်
(ဒါမှမဟုတ်)
၁။နို့ခဲဟင်းတစ်ခွက်
၂။ ဟင်းနုနွယ်ဟင်းချို
၃။ သခွားသီးတို့စရာ တို့ဆိုရင် အဟာရပြည့်နိုင်ပါတယ်ဘုရား။
ဆရာတော်။ ။ ဒီလိုဆိုတော့လဲ လွယ်သားပဲ။ နောက်ထပ်ေ၇ာ ကျန်းမာအောင်နေထိုင်နည်းများရှိသေးလား။
ကျွန်ုပ်။ ။ ရှိပါတယ်ဘုရား။ အဲ့ဒါကတော့ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့ပါပဲ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးဟာ တစ်စတစ်စ သိသာထင်ရှားလာပြီ ဖြစ်တဲ့အတွက် အနောက်တိုင်း နိုင်ငံသူ နိုင်ငံသားတွေဟာ ပုံမှန်လေ့ကျင့်ခန်းကို လက်မလွှတ်ကြတော့ပါဘူး။
ဆရာတော်တို့ တပည့်တော်တို့အတွက်တော့ ဒီကိစ္စဟာအထူးအဆန်းမဟုတ်ပါဘူး။ မြတ်စွာဘုရားဟောကြားထားခဲ့ပြီးသားပါ။ အဲဒါကတော့ စင်္ကြန်လျှောက်ခြင်းပါပဲ။ ခရီးဝေးသွားနိုင်ခြင်း (အပင်ပန်းခံနိုင်ခြင်း)၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းခြင်း၊ အနာရောဂါကင်းစင်ခြင်း၊ အစာကြေညက်ခြင်း၊ သမာဓိရရှိခြင်းစသော အကျိုးကျေးဇူးများရရှိစေတယ် လို့ဟောကြားထားခဲ့ပါတယ်။ ဒါကြောင့်နေ့စဉ်အနည်းဆုံး နာရီဝက်၊ လေးဆယ့်ငါးမိနစ်ခန့် စင်္ကြန်လျှောက်ဖို့လိုပါတယ်။ ငွေကုန်ကြေးကျမများပဲ ထိရောက်သောလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
ဆရာတော်။ ။ အဖိုးတန်ပါပေတယ်။ သာဓု… သာဓု… သာဓု…။ ဦးပဉ္ဇင်းလဲ ဒုလ္လဘဝတ်ခိုက်မှာ ကြိုးစားပြီး တရားဘာဝနာများ အားထုတ်နိုင်ပါစေ။
ကျွန်ုပ်။ ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား…။
အပြင်ဘက်ကျောင်းဝန်ကျင်ရှိ လယ်ကွင်းများသည် နွေနေ့လည်ခင်းအောက်တွင် လောင်မြိုက်လျက် ရှိကြသည်။ လေပူဝှေ့ယမ်းရာမှ သဲ့သဲ့ပျံ့လွင့်လာသော ဗုဒ္ဓဂါယာ စေတီတော်ကြီးဆီမှ သရဏဂုံသုံးပါးပူဇော်သောတေးသံ တစ်ချက်တစ်ချက်ကိုကြား နေရသည်။ အတုမရှိသောမြတ်စွာဘုရား၏ ဂုဏ်တော် သည် ကြီးမားလှပါပေသည်။ တရားတော်ကို နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တိုင်အောင် စဉ်ဆက်မပြတ် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ၏ဂုဏ်တော် သည်လည်းကြီးမား လှပါပေသည်။ အိန္ဒိယနိုင်ငံရှိ မြန်မာပညာသင်ရဟန်းများ၏ သာသနာပြုရန် ရည်မှန်းသောစိတ်ဓာတ်နှင့် ဇွဲနဘဲတို့ကိုလဲ များစွာ ကြည်ညိုလေးစားမိပါသည်။
မြန်မာပညာသင်ရဟန်းများကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်သာသနာအကျိုးကိုသယ်ပိုး နိုငကြပါစေဟုဆုမွန်ကောင်းတောင်းရင်းဤဆောင်းပါးဖြင့်ဦးခိုက်ကန်တော့လိုက်ရပါသည်။
တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်အေး
Associate Professor. Faculty of Medicine and Health Science. University Putra Malaysia. 43400. UPM. Serdang. Kuala Lumpur. Malaysia.
(ဒသမနှစ်ပတ်လည်စာစောင်မှ ကူးယူဖော်ပြပါသည်)

0 comments:
Post a Comment