* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, July 25, 2010

စင်ကာပူမှ ရူပီးနှစ်သိန်းအလှူရှင်

အလှူငွေပေးပို့လှူဒါန်းခြင်း

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးသို့ စင်ကာပူနိုင်ငံမှ အလှူ့ရှင် ဦးကျော်ညွန့်+ဒေါ်ယုယုလှိုင် မိသားစုက

  1. ပညာရေးကော်မတီသင်တန်းများအတွက် အိန္ဒိယရူပီးငွေ တစ်သိန်း
  2. ကျန်းမာရေးပဒေသာပင်အလှူတော်အတွက် အိန္ဒိယရူပီးငွေ တစ်သိန်း

အိန္ဒိယရူပီးငွေ နှစ်သိန်းတိတိပေးပို့လှူဒါန်းခဲ့ပါသည်။ နတ်လူသာဓု ခေါ်စေသော်။

(အမေရိကန် ၁ ဒေါ်လာ=၄၆ ရူပီး)

ပညာရေးကော်မတီသင်တန်းများ

အဖွဲ့ကြီးအနေဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၅-၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ဒသမနှစ်ပတ်လည်အစည်းအဝေးကြီးတွင် အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ကြားနေကြသော အဖွဲ့ဝင်မြန်မာရဟန်းတော် ၃၁၂ ပါး၏ ပညာရေး လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပညာရေးကော်မတီတစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့ ပါသည်။ ယခု ဧကာဒသမနှစ်ပတ်လည်အခါသမယတွင် တက္ကသိုလ်ပေါင်း ၁၄ ခုတွင် ၀ိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းနှင့် ပါရဂူတန်းတို့တွင် တက်ရောက်သင်ယူလျက်ရှိသော အဖွဲ့ဝင်မြန်မာရဟန်းတော် (၄၀၀) ၀န်းကျင်ခန့်ရှိနေပြီဖြစ်ရာ အနာဂတ်မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့မျက်နှာစာအတွက် အားတက်ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

အဖွဲ့ကြီး၏ ပညာရေးကော်မတီအနေဖြင့်လည်း အဖွဲ့၏ မဂဓ၊ နာလန္ဒာနှင့် ဗာရာဏသီ ဌာနကြီးသုံးခုတွင် အဖွဲ့ဝင်ရဟန်းတော်များအတွက် သင်တန်းများ အဆက်မပြတ်ဖွင့်လှစ်ကာ ပို့ချပေးလျက်ရှိပါသည်။ လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် အဖွဲ့ဝင် ရဟန်းတော်များအနေဖြင့် နိုင်ငံတကာဘာသာရေးခေါင်းဆောင်များနှင့် ရင်ဘောင်တန်း သာသနာပြုနိုင်ရန် အင်္ဂလန်နှင့် မြန်မာနိုင်ငံမှ ရဟန်းပညာရှင်၊လူပုဂ္ဂိုလ် ပညာရှင်များကို ဖိတ်ကြားလျက် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ် ပညာသင်တန်းများ၊(Management and Leadership Courses) အသုံးချအဘိဓမ္မာနှင့် ၀ိပဿနာသင်တန်းများ (Applied Abhidhamma and Vipassana Courses) ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

အလှူရှင်များလှူဒါန်းသော ပညာရေးကော်မတီအလှူတော်ငွေများကို အဖွဲ့ကြီး၏ မြန်မာဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးတွင် ဖွင့်လှစ်မည့် ထိုအထူးသင်တန်းများတွင် အကျိုးရှိစွာ သုံးစွဲသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးပဒေသာပင်သုံးစွဲမှု

အဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်သစ်ရဟန်းတော်များထံမှ အဖွဲ့ဝင်ကြေး ကောက်ခံခြင်း၊ အဖွဲ့ဝင်ဖြစ်ပြီးသော ရဟန်းတော်များထံမှ နှစ်စဉ်ကြေးကောက်ခံခြင်းဖြင့် ကျန်းမာရေး ပဒေသာပင်ကို ထူထောင်ကာ ဘဏ်တွင် အပ်နှံထားရှိပါသည်။ တက္ကသိုလ် အသီးသီးရှိ အဖွဲ့ဝင်ရဟန်းတော်များ နာမကျန်းဖြစ်လျှင် ကျန်းမာရေးပဒေသာပင်မှ ဆေးကုသမှု ကုန်ကျစရိတ် သုံးပုံနှစ်ပုံကို ထောက်ပံ့လှူဒါန်းလေ့ရှိပါသည်။ အချို့နှစ်များတွင် ကောက်ယူရရှိသော နှစ်စဉ်ကြေးထက် ပိုလွန်အောင် ကျန်းမာရေးပဒေသာပင်မှ လှူဒါန်းရလေ့ရှိပါသည်။

ယခုအခါ အဖွဲ့ကြီး၏ ပညာရေးကော်မတီနှင့် ကျန်းမာရေးပဒေသာပင်အတွက် လှူဒါန်းကြသည့် စင်ကာပူနိုင်ငံမှ အလှူရှင် ဦးကျော်ညွန့်+ဒေါ်ယုယုလှိုင် မိသားစုအနေဖြင့် ဤမွန်မြတ်လှသော ပညာဒါနနှင့် ဇီဝိတဒါနကုသိုလ်ကို အခြေခံဥပနိဿယပြုကာ အသက်ရှည်စွာ အနာမဲ့ကင်း ရန်ဘေးရှင်းလျက် လောကီ လောကုတ္တရာ နှစ်ဖြာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် အိုနာသေခြင်းကင်းရာ နိဗ္ဗာန်တိုင်အောင် သစ္စာသိမြင်ရေး ၀ိပဿနာ အကျင့်ကောင်းများ အားထုတ်နိုင်ပါစေကြောင်း အဖွဲ့ဝင်ရဟန်း သံဃာတော်များ၏ ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP