"ပါရမီ ၁၀ပါး"
“မြင့်မြတ်သူတို့ရဲ့ လုပ်ငန်း” လို့ မြန်မာလို အနက်သဘောရှိတဲ့ “ပါရမီ”ဟူသော ဝေါဟာရ စကားကိုလူသားတိုင်း ပြောဖူးကြမည်ဖြစ်သလို၊ ကြားဖူးကြမည်လည်းဖြစ်ပါတယ်။ “မြင့်မြတ်သူ” ဖြစ်ဖို့ဆိုတာ အတ္တဆန်ပြီး ကိုယ့်အကျိုးသာကြည့်တတ်တဲ့ သူများကို ဆိုလိုတာ မဟုတ်ပါဘူး။ “လောကအကျိုး၊ သူတစ်ပါးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပြီး မိမိကိုယ်တိုင် သံသရာဝဋ်ဒုက္ခကနေ ထာဝရ လွတ်မြောက်ဖို့အတွက် ပြုလုပ်တတ်တဲ့ သူကိုမှ “မြင့်မြတ်သောသူ” လို့ခေါ်ဆိုရတာပါ။
.
လောကလူသားများအနေနဲ့ ရခဲလှတဲ့ လှု့ဘ၀ကို ရရှိနေတဲ့အချိန်မှာ ကိုယ်ကျိုးသက်သက်မငဲ့ကွက်ဘဲ လောကကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုးကို တတ်နိုင်သလောက် ပြုလုပ်အားထုတ်သင့်ပြီး ဘ၀လွတ်မြောက်ရာ လမ်းကို ရှာဖွေကာ အရောက်လှမ်းသင့်တာပါ။ ဒါမှလည်းပဲ “မနုဿတ္တဘာဝ ဒုလ္လဘ=လူ့ဘ၀ဟာ အလွန်တရာမှ ရခဲလှတဲ့ တရား” ကို ရရှိနေတဲ့သူ ပီသပြီး ရရှိဖို့ထိုက်တန်တဲ့ လူသားတစ်ယောက်ဖြစ်မှာပါ။ လူသားတစ်ယောက်အဖြစ် လောကထဲကို ရောက်ရှိလာခဲ့ပြီဆိုရင် လူသားတစ်ယောက်အနေနဲ့ လူသားတို့ ကျင့်ရမယ့် ကျင့်စဉ်များကို မမေ့အပ်ပါဘူး။ အမြဲသတိ အစဉ်ရှိကာ ထိုကျင့်စဉ်များကို ကျင့်ကြံပြုလုပ်နေသင့်ပါတယ်။ လူသားတို့ကျင့်ရမယ့် ကျင့်စဉ်သုံးမျိုးကို မြတ်ဗုဒ္ဓက ရတနာ့သုတ်တော်မှာ ဟောကြားထားတာလေးကို ပြန်ပြီး အာရုံပြုကာ ကြည်ညိုကြည့်ရအောင်ပါ။
ဗုဒ္ဓမြတ်စွာက မြင့်မြတ်သော လူတစ်ယောက်ဖြစ်ဖို့ မြင့်မြတ်သော အလုပ်သုံးခုကို လုပ်ရပါမယ်လို့ ရတနာသုတ်တော်မှာ အခုလိုဟောထားပါတယ်။
၁။“လောကတ္ထစရိယ=လောကအတွက် ကောင်းကျိုးတရားကို ပြုလုပ်ရမယ်။”
၂။”ဥာတတ္ထစရိယ=မိမိဆွေမျိုးများအတွက် ကောင်းကျိုးတရားများကို ပြုလုပ်ရပါမယ်၊ မိမိဆွေမျိုးများအတွက်ဆိုတာ စာရေးသူ အကျဉ်းအားဖြင့် နားလည်လွယ်အောင် ဆိုလိုက်တာပါ၊ တကယ်တိကျတဲ့သဘောက မိမိ၏နိုင်ငံနှင့် မိမိ၏ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ကောင်းကျိုးတရားများကို လုပ်ရပါမယ်။”
၃။”အတ္တတ္ထစရိယ=မိမိအတွက် ဘ၀လွတ်မြောက် ချမ်းသာဖို့အတွက် ပြုလုပ်ရပါမယ်။” ဆိုတဲ့ လောကလူသားတို့ မြင့်မြတ်တဲ့လူသားတစ်ယောက်ဖြစ်ဖို့အတွက် ကျင့်ဆောင်ရမယ့် ကျင့်စဉ်သုံးခဲပါပဲ။
မိမိအတွက်လို့ ဆိုပေမယ့်လည်း လောကအကျိုး၊ မိမိ၏ နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားများ၊ ဆွေမျိုးများအတွက်ပါ အကျူံးဝင်ပြီးသားဖြစ်ပါတယ်။
လောကအကျိုး၊ နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားများအကျိုးကို ဆောင်ရွက်နိုင်ဖို့ကတော့ ဦးစွာပထမ မိမိကိုယ်ကို မြင့်မြတ်သော လုပ်ငန်းများကို လုပ်ဆောင်မှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို မြင့်မြတ်သော သူဖြစ်အောင်၊ ကံ၊ ဥာဏ်၊ ၀ီရိယ တွေအားကောင်းလာအောင် မြင့်မြတ်တဲ့ လုပ်ငန်းတွေကို လုပ်ရပါမယ်။ မိမိရဲ့ သန္တာန်မှာ ထိုသို့သော ကာယအား၊ ဥာဏအားတွေပြည့်စုံတည်ရှိနေမှ လောကတ္ထစရိယနဲ့၊ ဥာတတ္ထစရိယ ဆိုတဲ့ တရားနှစ်ပါးကို ဆောင်ရွက်တဲ့နေရာမှာ အရာရောက်ပါတယ်။ အောင်မြင်ပါတယ်။
မြင့်မြတ်သူတွေရဲ့ အလုပ်ဖြစ်တဲ့ မြင်မြတ်သောသူ တစ်ယောက်ဖြစ်ဖို့အတွက် ပြုလုပ်ရမယ့် တရား ၁၀ ရှိပါတယ်။ အထက်က ဆိုခဲ့တဲ့ လောကတ္ထစရိယ=လောကကောင်းကျိုး၊ ဥာတတ္ထစရိယ=မိမိရဲ့ နိုင်ငံသားများနဲ့ ဆွေမျိုးများအကျိုး၊ အတ္တတ္ထစရိယ=မိမိအတွက် ဘ၀လွတ်မြောက် ချမ်းသာခြင်းကို ရရှိစေမယ့် အကျိုးတရားတွေကို ပြုလုပ်ဖို့အတွက် ဒီ မြင့်မြတ်တဲ့ အလုပ် ၁၀မျိုးကို ပြုလုပ်ခြင်းဖြင့်ပင်သာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
“မြင့်မြတ်သူတို့ရဲ့ အလုပ် ၁၀မျိုး ဆိုတာဟာ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ဘုရားအဖြစ်ကို ရရှိပြီး သတ္တ၀ါအများကို သံသရာယဉ်ကြောမှာ ကယ်တင်ဆောင်မပြီး ချမ်းသာခြင်းများကို ပေးစွမ်းနိုင်ဖို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ ၁၀ပါးပဲ ဖြစ်ပါတယ်။” ထို ၁၀ပါးသော တရားများကတော့
၁။ စွန့်လွှတ်လှုဒါန်းခြင်း= ဒါန၊
၂။ ကိုယ်ကျင့်တရားကောင်းခြင်း= သီလ၊
၃။ တက်မက်မှု့ကင်းပြတ်ခြင်း= နေက္ခမ္မ၊
၎။ အမှန်အတိုင်း သိမြင်ခြင်း= ပညာ၊
၅။ ဇွဲလုံ့လရှိခြင်း= ၀ီရိယ၊
၆။ သည်းခံခြင်း= ခန္တီ၊
၇။ မှန်ကန်ခြင်း= သစ္စာ၊
၈။ ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း= အဓိဋ္ဌာန်၊
၉။ မေတ္တာတရား ထားရှိခြင်း= မေတ္တာ၊
၁၀။ လျစ်လျူရှု့ခြင်း= ဥပေက္ခာ။ ဟူသော မြင့်မြတ်သူများရဲ့ အလုပ်များဖြစ်တဲ့ ပါရမီ ၁၀ပါးပါပဲ။
ဒီ တရား ၁၀ပါး သည် မြင့်မြတ်သူများသာ ပြုလုပ်တဲ့ အလုပ်များ ဖြစ်ပါတယ်။ လောကလူသားများ အနေနဲ့ ရခဲတဲ့ လှု့ဘ၀ကို ခဲယဉ်းစွာ ရရှိနေတဲ့အချိန်မှာ မြင့်မြတ်တဲ့ လူသားတစ်ယောက်အဖြစ် ခံယူနိုင်အောင် ပါရမီ ၁၀ပါးကို တတ်နိုင်သလောက်၊ ကျင့်ဆောင်နိုင်သလောက် ပြုလုပ် ကျင့်ဆောင်သင့်ပါတယ်။ ၁၀ပါးသော ပါရမီကို ဖြည့်ကျင့်နိုင်ရင်တော့ သိပ်ကောင်းပါတယ်။ ဒါမှလည်း “မနုဿတ္တဘာဝ ဒုလ္လဘ=ရခဲလှတဲ လှု့ဘ၀ကို ရရှိတဲ့” လူသားတစ်ယောက် အဖြစ်ခံယူထိုက်မှာ ဖြစ်ပါတယ်။
(ဥယျာဉ်မှုးလေး).

0 comments:
Post a Comment