* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 19, 2010

ဖန္တြတြ

Tuesday, 18 May 2010 17:33 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အရှင်ဉာဏိကာဘိဝံသက မိမိရဲ့ ၀က်ဘ်ဆိုက်ထဲမှာ ရဝေနွယ်ရဲ့ “ ဂတိချိုချို ဂတိခါးခါး “ကို ဓာတ်ပုံလေးများနဲ့အတူ ကြည့်ရှု ဖတ်ရတဲ့အကြောင်း ပြောလာပါတယ်။ အဲဒါနဲ့ မိမိက “ ရဝေနွယ်ကတော့ အချို နဲ့ အခါး ရေးပြီးသွားပြီ၊ အရသာ ခြောက်ပါးစုံ သွားအောင် အရှင်ဘုရားက ဖန်တာလေး ရေးဦးလေ “ လို့ စလိုက်မိတယ်။ အရှင်ဉာဏိကက “ ရေးရင်တော့ အဖန်ကတော့ မရေးဘူး၊ တပည့်တော်က အစပ်ကြိုက်သူ ဆိုတော့ ခပ်စပ်စပ်ဘဲ ရေးမယ် “ လို့ သူကလည်း မိမိကို ပြန်စတယ်။ ဒါနဲ့ အဲဒီညနေ နာရီပိုင်း အတွင်းမှာပဲ မိမိဆီကို အရှင်ဉာဏိကက “ ဂတိမစပ်စေဘို့ သတိကပ်လို့ နေကြတာပေါ့ “ ဆိုတဲ့ ဆောင်းပါးလေး ရေးပို့လာတယ်။

Resized_Munomoma fall

ဒါနဲ့ မိမိက အဲဒီ ဆောင်းပါးလေးကို ၀က်ဘ်ဆိုက်ပေါ်မှာ တင်ဘို့ ပြင်ဆင်နေတုန်း အရှင်နေမိန် နဲ့ အရှင်ရဝေနွယ်တို့ အနားရောက်လာတဲ့အခါ “ ကိုယ်တော်တို့ရေ အရသာ တွေကတော့ စုံသလောက် ရှိသွားပြီ၊ ဖန်တာလေးဘဲ လိုတော့တယ်လို့” ပြောမိတယ်။ ဦးနေမိန်က “ အရှင်ဘုရားကလဲ ဖန်တာများ ခက်လို့ ရဝေနွယ် ဖန်ထားတာ ရှိတယ်လေ၊ အဲဒါလေး တွဲတင်လိုက်ပါလား “ လို့ အကြံပြုတာနဲ့ ဆရာတော်ရဝေနွယ်ရဲ့ “ဖန်တွတွ” လေးကို ရောစပ်ပေး လိုက်တာပါ။ အရှင်ရဝေနွယ်ကတော့ ဘေးကနေ ကြည့်ပြီးတော့ မျက်နှာက ပြုံးစိစိနဲ့ ပြုံးပြီးနေလေရဲ့၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုံးတယ် ဆိုတာကတော့ ထိုအရှင်ဘဲ သိမှာပါလေ။

ဖန်တွတွ

မနေ့က ၀ယ်ခဲ့တဲ့ Panasonic ကက်ဆက်လေးကို ကြည့်ပြီး သူငယ်ချင်းကို သတိရနေဖြစ်ပါတယ်၊ အမှန်တော့ အရင်သုံးနေကျ ကက်ဆက်ကလေးက အခိုးခံလိုက်ရလို့ နောက်တစ်လုံး ထပ်ဝယ်ရတာပါ။ အဲဒီ သူခိုးနောက် ပါသွားတဲ့ Panasonic ကက်ဆက်ကလေးက စာမေးပွဲအောင်စဉ်က ဆရာဟိန်းလတ်က ဓမ္မလက်ဆောင်အဖြစ် ပေးခဲ့တဲ့ ကက်ဆက် ကလေးပါ။ (ဆရာဟိန်းလတ်လည်း လက်ဆောင်ရခဲ့တာလား မသိပါဘူး။) ကက်ဆက်က အစဉ်သဖြင့် သုံးနေရတာဆိုတော့ နောက်တစ်လုံး သွားဝယ်ရပါတယ်။ သူငယ်ချင်းက အဖော်အဖြစ် လိုက်ပေးပါတယ်။Resized_View 3

သိတဲ့ အတိုင်းပါဘဲ အရောင်းပြခန်းမှာက အမျိုးအစားစုံသလို ဈေးလည်း မျိုးစုံပါ။ အဲဒီနေ့က ဈေးမြင့်မြင့် ကက်ဆက် ကလေးကို အကြိမ်ကြိမ် ကိုင်ကြည့်ပြီးမှ (စာအုပ်ရိုက်ဖို့ ငွေလည်း ကုန်စရာ ရှိနေသေးတာဆိုတော့) ဈေးခပ်သင့်သင့် ကက်ဆက်လေးကိုပဲ ၀ယ်ဖြစ်ခဲ့ပါတယ်။ လမ်းတစ် လျှောက်လုံး လိုချင်ရက်နဲ့ ထားခဲ့ရတဲ့ ဈေးမြင့်မြင့် ကက်ဆက် ကလေး အကြောင်း မိမိက တဗျစ်တောက်တောက် ပြောလာခဲ့တာဆိုတော့ သူငယ်ချင်းဖြစ်သူက အောက်ပါ ပုံဝတ္ထုလေးကို ပြောပြပါတယ်။

ကိုယ်ပြောပြမဲ့ ပုံဝတ္ထုကလေးက စကားလုံးအရ နည်းနည်းတော့ ရိုင်းနေမလား မသိဘူး၊ ရိုင်းနေရင်ရင်လည်း နားနဲ့မနာ ဖ၀ါးနဲ့ နာပေါ့ကွာ၊ ဒါပေမဲ့ ကိုယ်ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးမှာတော့ တော်တော်လေး အသုံးဝင်ခဲ့တဲ့ ပုံဝတ္ထု ကလေးပဲ။

+++++++++++++

တစ်ခါတုန်းက အမတ်ကြီး တစ်ယောက်က မိဖုရားကြီး တစ်ပါးဆီကို အခစား ၀င်ရင်း မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွှေ့မှာ မမြင်သင့်တဲ့အရာကို မြင်သွားတယ်တဲ့။ အဲဒီနေ့ကစပြီး အမတ်ကြီးက သူ့ရဲ့အမတ်ကတော် ကြီးကို စိတ်မ၀င်စားတော့ဘူးတဲ့။ စိတ်က မိဖုရားကြီး ဆီမှာပဲ ရောက် ရောက်နေတယ်တဲ့။ ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင် တထွေထွေနဲ့ ဖြစ်ပြီး ဘာအလုပ်မှလည်း ကောင်းကောင်း လုပ်လို့ မရတော့ဘူးတဲ့။ ကြာလာ တော့အစားပျက် အအိပ်ပျက်ပါ ဖြစ်လာပြီး လူက ပိန်ချုံးလာတယ်။

နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။ မိဖုရားကြီးကလည်း ပညာရှိပုံရတယ်။ ဒါ့ကြောင့် မိဖုရားကြီးက ရွှေခွက်ရယ်၊ ငွေခွက်ရယ်၊ ကြေးခွက်ရယ် ခွက် သုံးခွက်ထဲကို ပုန်းရည် အနည်းငယ်စီကို ထည့်ပြီး ခုံတစ်လုံးပေါ် တင်ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို အခစားဝင်ဖို့ ခေါ်လိုက်တယ်။ အမတ်ကြီး ရောက်လာတော့ ပထမဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်တယ်။ အမတ်ကြီး သောက်ပြီးသွားတော့ မိဖုရားကြီးက “ အမတ်ကြီး ဘယ်လိုနေလဲ “ လို့ မေးတယ်။ အမတ်ကြီးက “ ဖန်တွတွပါဘုရား “ လို့ ဖြေလိုက် တယ်တဲ့။

နောက်ငွေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်တဲ့။ ပြီးတော့ရှေးက မေးခွန်းအတိုင်း ‘ အမတ်ကြီး ဘယ်လိုနေလဲ ‘ လို့ မေးတယ်။ အမတ်ကြီးကလည်း ရှေးကအဖြေအတိုင်းပဲ ‘ ဖန်တွတွပါဘုရား’ လို့ ဖြေတယ်။ နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်။ ရှေးက အတိုင်းပဲ ‘ အမတ်ကြီး ဘယ်လိုနေလဲ ‘ ပေါ့။ အမတ်ကြီး ကလဲ ရှေးကအတိုင်းပဲ ‘ ဖန်တွတွပါဘုရား ‘ ပေါ့။ ခွက် သုံးခွက်နဲ့ ပုန်းရည်တိုက်ပြီးသွားတော့ ခေတ္တခဏတော့ အသံတွေ အပြုအမူတွေ တိတ်ဆိတ်သွားတယ်။

အမတ်ကြီးကလည်း ခေါင်းကို ငုံ့ပြီ မိဖုရားကြီးဆီက ဘာဆက်မိန့်မယ်ဆိုတာ စောင့်နေတယ်။ မိဖုရားကြီးကလည်း ရှေ့ဆက်ပြီး ပြောမယ့် စကားလုံးအတွက် စကားလုံး ရွေးချယ်နေပုံရတယ်၊ တအောင့်လောက် ကြာမှ မိဖုရားကြီးဆီက အသံထွက်လာတယ်။ “အမတ်ကြီးရယ် ပုန်းရည်ဆိုတာ ခွက်သာ ပြောင်းသွားတာ အရသာကတော့ ဖန်တွတွပါပဲ” တဲ့။

အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်း မာမာနဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ် သွားနိုင်တယ်တဲ့။ ပုဏ္ဏေးမကြီး ကိုလည်း စိတ်ပြန်ညွှတ်သွားပါသတဲ့။ ကိုယ်ပြောပြတဲ့ ပုံဝတ္ထုလေးက အလင်္ကာ သဘောအရ ဂါမ္မဒေါသများ သင့်နေ မလားမသိဘူး။ ဒါပေမယ့် ကိုယ့်ဘ၀ တစ်လျှောက်လုံးမှာတော့ တော်တော် အသုံးဝင်ခဲ့တဲ့ ပုံဝတ္ထုလေးပဲ။ လူသားတွေ ရှိနေသရွေ့ စွဲမက်စရာ အာရုံသစ် တွေကတော့ ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။ အဲဒီအာရုံသစ်တွေနဲ့အတူ လူတွေရဲ့ အလိုဆန္ဒ သစ်တွေကလည်း ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။

အာရုံသစ်နဲ့ အလိုဆန္ဒသစ်ကြားမှာ ဖြေဆည်ရာ နှလုံးသွင်းတစ်ခုခု မရှိခဲ့ရင် ကိုယ်တို့ဟာ အလိုဆန္ဒသစ်ရဲ့ သားကောင်တွေ အဖြစ်နဲ့ပဲ လောကဇာတ်ခုံပေါ်မှာ တစ်သံသရာလုံးက, သွားကြရလိမ့်မယ်။ အဓိကကတော့ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ မဖြစ်ဖို့ဘဲ။

စာရေးဆရာ ခုဝယ်ခဲ့တဲ့ ကက်ဆက်က အသံလည်း ကြည်တယ်၊ အသံဖမ်းကြည့်တော့လည်း ကျေနပ်တဲ့အသံကို ရတယ်။ ဒီတော့ ဘာလိုသေးလို့လဲ။ စာရေးဆရာရယ် တချို့အရာတွေဟာ ဖန်တွတွတွေပါ။

ကက်ဆက်ကလေးကို အသုံးပြုဖြစ်တိုင်း သူငယ်ချင်းကို သတိရနေဖြစ်တော့မှာပါ။ သူငယ်ချင်းကို သတိရ ဖြစ်တိုင်းလည်း သူပြောပြတဲ့ ‘ ဖန်တွတွ ‘ ပုံဝတ္ထုလေးကိုပါတွဲပြီး သတိရနေဖြစ်မှာပါ။

ဘာပဲပြောပြော သူငယ်ချင်းရဲ့ ပုံဝတ္ထုလေးက အာရုံသစ်တွေနဲ့ အလိုဆန္ဒသစ် တွေရဲ့ ကြားထဲမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုအနေနဲ့ တစ်ထောင့် တစ်နေရာက အကျိုးပြုနေတော့မှာပါ။

ကျမ်းကိုး။ ။ ရဝေနွယ်(အင်းမ)

အခြေပြုပဋ္ဌာန်းတရားတော် စာမျက်နှာ-၃၇၃။

အရှင်ဇနကာဘိဝံသ။

ပေါ်ပြုလာဂျာနယ်

၂၄-၉-၂၀၀၂။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP