* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 7, 2010

မသေချင်ရင် မြန်မြန်ထ

(၁)

သိတာလေးတွေ မျှဝေပေးလိုက်၊ မသိသေးတာလေးတွေ လိုက်နာမှတ်သားလိုက်၊ မိတ်ဆွေရဟန်းတော်တွေနဲ့ စာဆွေးနွေးလိုက်နဲ့ ဗာရာဏသီနေ့ရက်တွေဟာ အလွယ်တကူကုန်ဆုံးသွားတတ်ပါတယ်။ ရာသီဥတုကလည်း ဆီးနှင်းတို့လွင့်ပြယ်စပြုပြီမို့ မဇ္ဈိမရဲ့ အကောင်းဆုံးအချိန်လို့ ပြောနိုင်ပါတယ်။ သူကိုယ်တိုင်ဖောက်လုပ်ခဲ့တဲ့ ဓမ္မဂင်္ဂါစီးကြောင်းထဲမှာ ဗြဟ္မစိုရ်စကားလုံးတွေကို ကြည်နူးစွာ ဖက်တွယ်ကူးခတ်နေသူအတွက် မုဒိတာ ပွားနေမိ ပါရဲ့။ အဲဒီဓမ္မဂင်္ဂါစီးကြောင်းထဲမှာပဲ သူ့အတွက် မုဒိတာနဲ့အတူ မျောလာတတ်တဲ့ညောင်းညာကိုက်ခဲခြင်းတွေ ကိုလည်း ပျော်ပျော်ပဲ ဆယ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘုတ်အုပ်အထူအပါးတွေ တွေ့သမျှထိုင်ဖတ်လိုက်၊ အင်တာနက်ကွန်ရက်ကြီးထဲမှာ အကြာကြီး စူးစိုက် လိုက်နဲ့ ပိတ်မိနေတုန်း ၂၀၁၀ ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ် အိန္ဒိယတိုင်းမ်သတင်းစာကြီးရဲ့ စာမျက်နှာ ၁၂ မှာ ထင်းထင်းကြီးဖော်ပြထားတဲ့ စာလုံးမဲကြီးတွေက သူ့ကို ထခုန်စေပါတော့တယ်။ Get up, sitting long can kill you. ထကြဗျို့ ၊ ကြာကြာထိုင်ရင် သေလိမ့်မယ် တဲ့။ လေ့ကျင့်ခန်းပုံမှန်လုပ်နေပေမယ့်လည်း ကြာကြာ ထိုင်သူတွေဟာ အဆီပိတ်ရောဂါ။ နှလုံးထိခိုက်ခြင်းနဲ့ သေဆုံးမှုအထိ ကြုံရတတ်ပါသတဲ့။


(၂)

အင်း အထိုင်သက်သာအောင် ခရီးထွက်ဦးမှ။
ဗုဒ္ဓအရှင်ကလည်း “ ခရီးထွက်ကြ၊တရားဓမ္မကိုဟောပြောကြ” (Go forth and preach the Dhamma)လို့ သာသနာပြုကြေငြာချက်ထုတ်ပြန်တော်မူခဲ့သကိုး။ လွန်ခဲ့တဲ့တစ်ပတ်က ကမ္ဘာ့ဆက်သွယ်ရေးနေ့ မင်္ဂလာ သမယမှာ ဗာတီကန်သာသနာပိုင်ပုပ်ရဟန်းမင်းကြီးကလည်း “ခရီဆက်ကြ။ဘလော့ကြလော့ (Go forth and blog )” ဆိုပြီး ခရစ်ယန်သာသနာဝင်ဘုန်းတော်ကြီးတွေကို ပညတ်တော်အသစ်မိန့်မြွက်တော်မူခဲ့ပါသေးတယ်။

ဗုဒ္ဓအရှင်က ကမ္ဘာမြေကြီးပွားဖို့ ကမ္ဘာမြေချမ်းသာဖို့ ဆိုတဲ့ ဦးတည်ချက်တွေအတွက် ခရီးသွားလမ်းညွှန်ပေးခဲ့ သလို ပုပ်ရဟန်းမင်းကြီးကလည်း လူသားထုတစ်ရပ်လုံးချမ်းသာရေးလက်ဆောင်မွန်အဖြစ် ဘလော့ခရီး ဆက်ကြဖို့ ပညတ်တော်မူပါသတဲ့။ လွန်ခဲ့တဲ့ ဗုဒ္ဓသာသနာနှစ် နှစ်ဆယ့်ငါးရာစုအလွန်က ပုဂ္ဂိုလ်သူမြတ်ကြီးရဲ့ စကားတော်ဟာ ခရစ်နှစ်နှစ်ဆယ့်တစ်ရာစုက ထိပ်တန်းပုဂ္ဂိုလ်ကြီးရဲ့နှလုံးသားနဲ့ ဆက်စပ်နေခဲ့ပါရောလား။

ပုပ်ရဟန်းမင်းကြီးရဲ့ သ၀ဏ်လွှာမှာ “ သာသနာဝင်များအနေနဲ့ မီဒီယာမှန်သမျှကို သမ္မာတရားပြန့်ပွားရေးနဲ့ အခြားဘာသာတရားများ၊ ယဉ်ကျေးမှုများနဲ့ နှီးနှောချိတ်ဆက်ဆွေးနွေးကြရေးအတွက် အသုံးပြုကြစေ”တဲ့။ ကောင်းလေစွ ဒိုင်ယာလော့ခ်လမ်းကြီးကို ဘလော့ခြင်းဖြင့် ခင်းကြလော့။

(၃)

မင်္ဂလာရှိစွာပဲ သူခရီးထွက်ဖြစ်ခဲ့ပါတယ်။ အင်္ဂတိုင်း စမ္မာမြို့လေးကိုပါ။ အဲဒီခရီးမှာ ဗုဒ္ဓဘာသာဝင် ဘာသာခြား ကြီးလို့ ပြောရမလား၊ ဘာသာခြားဗုဒ္ဓဘာသာဝင်လို့ ပြောရမလား၊ ပါမောက္ခကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ရတာ တော့ အမြတ်ပါပဲ။ ပါမောက္ခကြီးနဲ့ ပြောဖြစ်ခဲ့တဲ့ ဒိုင်ယာလော့မှတ်တမ်းလေးကို မျှဝေချင်ပါသေးတယ်။
အိုကေ ဒီနေ့တော့ ဒါလေးပဲ ပြောပါရစေတော့။
Get up, sitting long can kill you. ထကြဗျို့ ၊ ကြာကြာထိုင်ရင် သေလိမ့်မယ်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP