* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 7, 2010

ကောင်လေးနဲ့ခွေးလေး

စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။ ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည် တဲ့။

သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။

"ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ" သူကမေးသည်။

"ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ်" ဆိုင်ရှင်ကဖြေသည်။

ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။

"ကျွန်တော့်မှာ ၂ ဒေါ်လာ နဲ့ ၃၇ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ ရမလားခင်ဗျ"

ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေး ငါးကောင် တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွှေးကသိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည်။ အဲသည်အထဲမှာ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူက ထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။

ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်း စိတ်ဝင်စားသွားသည်။

"ဒီခွေးလေးက ဘာဖြစ်တာလဲဟင်"

ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက် မပါလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်က ရှင်းပြသည်။

ကောင်လေး ပို၍စိတ်ဝင်စားသွားသည်။

"ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ" သူက ဆိုသည်။

"ဟာ... မ၀ယ်ပါနဲ့ကွ၊ မင်းတစ်ကယ်လိုချင်ရင် ငါ ပေးပါ့မယ်"

သည်စကားကြားတော့ ကောင်လေး မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။

"အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ။ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်တူ တန်ဖိုးရှိတာပဲ။ တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော် တန်ဖိုးအပြည့်ပဲ ပေးမယ်၊ ဒါပေမယ့် ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့် ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါမယ်။"

သို့သော် စတိုးပိုင်ရှင်က အလျှော့မပေး။

"မ၀ယ်ပါနဲ့ ကလေးရ၊ နောက်တော့ မင်း စိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး"

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီ အောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။

"ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့" တဲ့။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော် ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။

မူရင်း။ Dan Clark ၏ Puppies for Sale - ဘာသာပြန်သူ ဖေမြင့်
Printer Friendly

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP