မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၈) နိဂုံးပိုင်း
January 4, 2010 at 1:33 pm (ဘာသာရေးဆိုင်ရာ ဆောင်းပါးများ, လူငယ်နှင့် ဘာသာရေး)
ဒီအပိုင်းဟာ မြတ်ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်နှင့် လူငယ်လူလတ်ဆိုတဲ့ ဆောင်းပါးရှည်ရဲ့ နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။
ဒီအပိုင်းမှာတော့ -
လူငယ်လူလတ်တွေရဲ့ စွမ်းအားတွေ မြင့်တက်လာအောင်
စိတ်ချမ်းသာမှုကို ရရှိလာအောင်၊ အမှန်နဲ့ အမှားကို တိတိကျကျ ခွဲခြားသိမြင် နိုင်တဲ့ဉာဏ်ပညာကို
ဧကန်အမှန် ဖော်ဆောင်ပေးနိုင်မဲ့ ၀ိပဿနာတရား အားထုတ်နည်းကို တင်ပြပြီး နိဂုံးချုပ်မှာ ဖြစ်ပါတယ်။
ဉာဏ်ပညာနှင့် အလေ့အကျင့် (အသိနှင့်အကျင့်) မှန်ကန်မှ ပြည့်စုံတဲ့ ၀ိပဿနာ ဖြစ်မှလည်း အကျိုးများမှာပါ။
မှန်တာ မလုပ်မိလို့ ကောင်းကျိုးမရတာသာ ဖြစ်နိုင်ပြီး၊ မှားတာ လုပ်မိရင်တော့ ဆိုးကျိုးရနိုင်တာမို့ ဘာမှ မလုပ်တာက ခပ်ကောင်းကောင်း ဖြစ်ဦးမှာပါ။
ဒါကြောင့် မိမိဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးပြီး လျှောက်မိဖို့ လိုပါတယ်။
အဲ့ဒီအတွက်လည်း လူငယ်လူလတ်တို့ ဘာမျှပူပန်စရာ မရှိပါဘူး။
ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓက အပြည့်အစုံ ညွှန်ပြထားပြီး ဖြစ်ပါတယ်။
x x x
မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ သဘာဝတရားတွေကို စေ့စေ့စပ်စပ် ထိုးထိုးထွင်းထွင်း သိအောင် ကိုယ် ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီးမှ ရလာတဲ့ ဉာဏ်ပညာနဲ့ လူသားတွေ သူသိသလို သိအောင်၊ သူချမ်းသာသလို ချမ်းသာအောင်၊ သူလွတ်မြောက်သလို လွတ်မြောက်အောင် အနှိုင်းမဲ့တဲ့ စေတနာတွေနဲ့ ဟောကြားထားခဲ့တာတွေပါ။ သဘာဝတရားတွေပါ။
သဘာဝတရားကို ဆန့်ကျင်ချင်ရင်တော့ လွယ်လွယ်လေးပါ၊ ကိုယ့်လက်ကြီး မီးပုံထဲ ထိုးထည့်ထားပြီး အေးတယ် အေးတယ် ကောင်းလိုက်တာလို့ အော်နေရုံပါပဲ။
နောက်ဆုံး ပြောရရင် ကျွန်တော်တို့ သိတဲ့ မြတ်ဗုဒ္ဓသာမက ရှေးအစဉ်အဆက်က ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓအဆူဆူရဲ့ အနှစ်ချုပ် တရားက-
ကြားဖူးဖတ်ဖူးကြပြီး ဖြစ်မယ်ထင်ပါတယ်။
သဗ္ဗပါပဿ အကာရဏံ (မကောင်းမှု အလုံးစုံမှ ရှောင်ပါ)
ကုသလဿ ဥပသမ္ဗဒါ ( ကောင်းမှု မှန်သမျှ ပြုပါ )
သစိတ္တ ပရိယောဓပဏံ ( စိတ်ကို ဖြူစင်အောင် ထားပါ)
ဧတာ ဗုဒ္ဓါန သာသနံ ( အထက်ပါ အကြောင်းသုံးပါးတို့ကား ဗုဒ္ဓအဆူဆူတို့၏ သာသနာအဆုံးအမ ပေတည်းလို့) လို့ အတိအလင်း ဆိုခဲ့ပါတယ်။
ဘာမှ အမှား ရှာမတွေ့ပါဘူး၊ ကောင်းမွန် မြင့်မြတ်တဲ့ လမ်းညွှန်ချက်တွေပါပဲ။
ကိုယ်ထင်တာကို မှန်တယ်လို့ တဇွတ်ထိုး လုပ်တတ်တဲ့ လူတွေ ကမ္ဘာအစ ကမ္ဘာအလယ် ကမ္ဘာအဆုံးထိ ရှိနေမှာပါပဲ။
ဘယ်လို ခေတ်ကာလ အချိန်အခါတွေမှာ လူတွေဟာ ဉာဏ်ပညာကြီးတတ်ပါသလဲဆိုတော့-
အဓမ္မ၀ါဒတွေ မှေးမှိန်နေတဲ့ ကာလတွေ၊
လူသားတစ်ဦးချင်း တစ်ဦးချင်းစီရဲ့ စိတ်တွေတည်ငြိမ်(စွမ်းအားတက်) နေတဲ့အချိန်တွေဟာ ဉာဏ်ပညာ ကြီးတတ်ပါတယ်။ ဉာဏ်ပညာကြီးတဲ့သူတွေကလည်း လက်ညှိုးကို ထိုးချင်ရာထိုးပေမယ့် ဘယ်တော့မှ သူများနှာခေါင်းပေါက်ထဲကို ကိုယ့်လက်ညှိုး ထိုးမထည့်တတ် ကြပါဘူး။
အခု ဖော်ပြမယ့် မြတ်ဗုဒ္ဓရဲ့ ၀ိပဿနာ တရားတော်ဟာ ဒုတိယအခြေအနေဖြစ်တဲ့ လူသားတစ်ဦးချင်းစီရဲ့ စိတ်တွေ တည်ငြိမ် (စွမ်းအားတက်) လာအောင် ကောင်းစွာ အထောက်အကူ ပြုမယ့် နည်းပညာလို့ ယုံကြည်စိတ်ချ ထားပါ။
ကျွန်တော် ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်ပြမှုလေးကို ပြန်သတိရပါ။
ဝိပဿနာတရား အားမထုတ်သေးခင် ပုဂ္ဂိုလ်ဟာ “သမာဓိဌိ” နဲ့ အရင်စရပါမယ်။ ယုံကြည်မှုနဲ့ သွားရမယ်ပေါ့လေ။
ကဲ … လိုရင်း ရောက်အောင် ဆက်ကြပါဦးစို့။
x x x
ဝိပဿနာတရား စတင် အားထုတ်တော့မယ့် ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန်ကို သိထားဖို့ လိုပါတယ်။ အကျင့်လည်း မှန်ရပါမယ်။
ဒီနေရာမှာ ကျေးဇူးတော်ရှင် ဝေဘူဆရာတော် ဘုရားကြီးရဲ့ ဥပမာပေး လမ်းညွှန်မှုဟာ အလွန်ပြည့်စုံတာကြောင့် ဖော်ပြ ပါရစေ။
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ကြီးက မန္တလေး သွားချင်တဲ့သူဟာ မန္တလေးသွားမယ့် ရထားကို အရင်တွေ့အောင်ရှာ တတ်ရမယ်၊ (ရထားတွေ့တိုင်း ရမ်းသမ်း တက်မထိုင်လိုက်နဲ့၊ သေချာအောင် အချိန်ယူဆိုတဲ့ သဘောပါပဲ) မန္တလေးထွက်မဲ့ ရထား အမှန်လို့ သိရင်တော့ စိတ်ချလက်ချ ထိုင်နေလိုက်တော့-တဲ့။
- ရထား ရပ်နေလည်းမဆင်းနဲ့၊ ထိုင်နေ၊ ( မတွေဝေနဲ့ )
- ရထားထွက်ရင်းလည်း မဆင်းနဲ့၊ ထိုင်နေ၊ ( ဆက်အားထုတ် )
- ရထား ချောက်ထဲ ဆင်းသွားလည်း မဆင်းနဲ့ ၊ ထိုင်နေ၊ ( အခက်အခဲ ကြုံလည်း ဆက်အားထုတ် )
- ရထား တောင်ပေါ်တက်သွားလည်း မဆင်းနဲ့ ၊ ထိုင်နေ၊ ( အေးချမ်းမှုလေးတွေ့ရုံနဲ့ ရပ်မပစ်လိုက်နဲ့ ဆက်အားထုတ် )
- နောက်ဆုံး ရထားက ရန်ကုန်ပြန်လှည့်လာလည်း မဆင်းနဲ့ ၊ ထိုင်နေ၊ ( တခါတလေ ငါလုပ်ရတာ အလကားပဲလို့ ထင်လာတတ်ကြတယ်၊ သံသရာ တစ်လျှောက်လုံးနဲ့ ပစ္စုပ္ပန်ကြောင့် ကိန်းအောင်းနေတဲ့ ကိလေသာ အကုသိုလ်ဓာတ် တွေကို ဘယ်လိုလုပ် ချက်ခြင်းကုန်အောင် delete လုပ်နိုင်ကြမှာလဲ၊ အားမလျော့နဲ့၊ ဆက်အားထုတ် )
အချိန်တန်တော့ မန္တလေး ရောက်သွားလိမ့်မယ်တဲ့။
ဒါပါပဲ၊ အတို၊အရှင်းဆုံး ဥပမာပေးပါပဲ။
တရားအားထုတ်လိုသူတွေ မဖြစ်မနေ လက်ကိုင်ထားရမယ့် လမ်းညွှန်ချက်လို့ မှတ်ထားပေးပါ။
အဓိပ္ပါယ်က တရားစစ် တရားမှန် တွေ့အောင်ရှာ၊ ပြီးရင် နည်းမှန်လမ်းမှန် အားထုတ်တော့ ဆိုတဲ့ ညွှန်ကြားချက်ပါပဲ။
(သူတော်ကောင်း ပညာရှိကြီးများရဲ့ စကားတွေဟာ အလွန်ကို အလေးအနက်ရှိပါတယ်၊ မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ နားကြီးကြီး- ဆိုတာ ဒါမျိုးကို ဆိုလိုပါတယ်။)
နောက်တစ်ခုကတော့ လောဘလုံးဝ မထားရပါဘူး၊ ( အထူးသတိပြုရမှာပါ)
မြတ်ဗုဒ္ဓက သံသရာ(ဒုက္ခသစ္စာ) လည်ခြင်းရဲ့ တရားခံနှစ်ယောက်ဟာ အ၀ိဇ္ဇာ(မသိမှုနဲ့)၊ တဏှာ(လောဘ)လို့ အတိအကျ ညွှန်ပြထားပြီးသားပါ၊ (လောဘကို အရောင် မချယ်မိ စေဖို့လည်း သတိထားပါ၊ ရှေ့က ပြောခဲ့ပြီးပါပြီ။)
အ၀ိဇ္ဇာကနေ ၀ိဇ္ဇာဖြစ်အောင်ကတော့ မြတ်ဗုဒ္ဓလို သဗ္ဗညုတဉာဏ်တော်ရှင်က ဟောပြထားတာတွေ ရှိနေပြီးဖြစ်လို့ ကျွန်တော်တို့ မှန်မှန်ကန်ကန် လေ့လာ ကြောင့်ကြစိုက်ကြရင် သိလာနိုင်ပေမယ့်-
တဏှာ(လောဘ)ကတော့ အလွန်ကောက်ကျစ်တဲ့ သဘောရှိတယ်လို့ ဦးစွာ ခံယူထားပြီး၊ လောဘကို ပိုသတိထားပါ။
နိဗ္ဗာနဓာတ်ဆိုတာ အလွန်သိမ်မွေ့ပါတယ်၊ နိဗ္ဗာန်ရောက်ချင်နေရင် နိဗ္ဗာန် မရောက်တော့ပါဘူး။
(လူငယ်လူလတ်များကို တိုက်တွန်းပါတယ်၊ မူလပဏ္ဏာသ- မူလပရိယာယသုတ်တော်ကို သေချာစွာ ဖတ်ရှုပြီး၊ လိုရင်းကို သဘောပေါက်အောင် ကြိုးစားကြည့်ကြပါ။ အလွန်မြင့်တဲ့ Logic တွေ ဖြစ်တာကြောင့် သေချာ ဖတ်ဖို့ လိုပါတယ်။)
ဒီနေရာမှာ အလျဉ်းသင့်လို့-အင်္ဂလိပ်စကားပုံလေး တစ်ခု ပြောပြချင်ပါသေးတယ်။
လေးနက်တဲ့ အတွေးအခေါ် ပါနေလို့ပါ။
အဲ့ဒါကတော့-
Humility is the strange thing, if you think that you got it, you lost it. —— တဲ့။
နားလည်ကြမယ် ထင်ပါတယ်။
အင်္ဂလိပ်စာ အားနည်းသူတွေအတွက် ဘာသာပြန်ပေးရရင်တော့-
“နိဝါတ (နှိမ်ချမှု)တရားသည် အလွန်ထူးဆန်းသော အရာဖြစ်ပါသည်။ သင့်တွင် နိဝါတ တရားရှိပြီဟု သင်ထင်လိုက်သည် နှင့် ၄င်း နိဝါတ တရားကို သင်ဆုံးရှုံးသွားပြီ ဖြစ်၏”–တဲ့။
နိဗ္ဗာန်ကို လိုချင်တယ်ဆိုတာလဲ လောဘတစ်မျိုးပါပဲ။
ဒါကြောင့် လောဘ လုံးဝကင်းမှ ရအပ်သိအပ်သော နိဗ္ဗာန်ကို လောဘပါနေရင် မရောက်နိုင် မသိနိုင်တော့ပါ။
တရားလည်း မရချင်ပါနဲ့။
သောတာပန်လည်း မဖြစ်ချင်ပါနဲ့
ဖြစ်ချင်လွန်းလို့ မဖြစ်လာတော့ ဒေါသပါ ထွက်လာတတ်ပါတယ်၊
ဟန်ဆောင်ပန်ဆောင် လုပ်ချင်တာတွေလည်း ဖြစ်လာတတ်တယ်၊
ကောင်းအောင်လုပ်နေရာက၊ အဆိုးတွေကို မထွေးပွေ့မိပါစေနဲ့။
စာရေးရင်း ဆရာတော်ကြီးတစ်ပါးရဲ့ ကျေးဇူးကြီးလှတဲ့ အဆိုအမိန့်လေးတစ်ခု သတိရလာပြန်ပါတယ်။ (သည်းခံနော်)
ဆရာတော်ကြီးက နိဗ္ဗာန်ကို “တလင်း” နဲ့ နှိုင်းယှဉ်ပြီး ပြောပြပါတယ်။ “တလင်း” ဆိုတာ လုပ်ယူရတာ မဟုတ်ဘူးတဲ့။ လုပ်ရတာက ရိုးပြတ်ရှင်းတာ၊ ပတ်ကြားအက်ထဲ မြေကြီးထည့်တာ၊ ဒင်နဲ့ဆောင့်ပြီး မြေညှိတာ၊ ရေဖြန်းတာ၊ တံမြက်စည်း လှည်းတာ တွေက လုပ်ရမယ့် အလုပ်-တဲ့၊ အချိန်တန်တော့ (အားလုံးပြည့်စုံတော့) “တလင်း” ဖြစ်လာတာပါပဲ-တဲ့။
ဒီတော့ ဘာမှ မမျှော်နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုသာ လုပ်နေ၊ မြတ်ဗုဒ္ဓရဲ့ တရားတော် အစစ်အမှန် မှန်သမျှ အကျိုးယုတ်အောင် ဟောတာ တစ်ခုမှ မရှိပါဘူး။
x x x
ဝိပဿနာ လုပ်ငန်းဖက် ပြန်ကောက်ကြရအောင်။
ဝိပဿနာတရား အားထုတ်နည်းများ များစွာ ရှိကြပါတယ်၊ ဘယ်လိုပဲရှိရှိ နောက်ဆုံးတော့ ( တရားစစ်တရားမှန် မှန်ရင်) အတူတူချည်းပါပဲလို့ သိစေလိုပါတယ်။
ဒါပေမယ့် တချို့က နည်းပေါ်လိုက်လို့ လွယ်လွယ်ကူကူ ကျင့်ကြံအားထုတ်လို့ရပြီး (၀ိပဿနာ ယာနိက) တချို့နည်းတွေ ကတော့ တကူးတကန့် အားထုတ်မှကို ရပါတယ် (သမထယာနိက)။
ဒီနေရာမှာ ကျွန်တော်ရည်ညွှန်းနေတဲ့ လူငယ်လူလတ်များဟာ အလုပ်တစ်ဖက်နဲ့ အားထုတ်ကြရမှာ ဆိုတော့ အလုပ်လုပ်ရင်း အားထုတ်လို့ရတဲ့ နည်းလမ်းက ပိုသင့်လျော်မယ်ထင်လို့ ဝေဘူဆရာတော် ဘုရားကြီး လမ်းညွှန်တဲ့ နည်းလမ်းလေးကို ဖော်ပြမှာပါ။
ဟုတ်ပြီ ဓမ္မမိတ်ဆွေ-
လောဘမထားဖို့ မှာပြီးပါပြီ။
နောက်တစ်ခုက ၀ိပဿနာတရား အားထုတ်လိုသူဟာ ရုပ်နဲ့ နာမ်နဲ့ သဘော သိထားရပါမယ်။
လူမှာ ရုပ်ရယ်၊ နာမ်ရယ် လို့ ရှိပါတယ်။
ရုပ်ဆိုရာမှာလည်း ဒီကိုယ်ကြီးကို ပြောနေတာမဟုတ်ပါဘူး၊ (ဒီကိုယ်ကြီးကိုတော့ အရင်းအနှီး လုပ်ရမှာ ဖြစ်ပေမယ့်) ဉာဏ်ထည့်တဲ့အခါ ရုပ်ဆိုတာ ဓာတ်ကြီးလေးပါး မြေ ရေ လေ မီး နဲ့ ဂန္ဓ ၀ဏ္ဏ သြဇ ရသ ဆိုတဲ့ အဋ္ဌကလာပ္ပ အစုအဝေးလို့ သိထားမှ ၀ိပဿနာဉာဏ် ရောက်မှာမို့ ဒီလိုလေးလည်း သိထားရပါမယ်။
နာမ်များကတော့ စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါး ပါဝင်တာကို ၀ိပဿနာရှုလို့ ရအောင် ခန္ဓာ(အစု အဝေး)ဖွဲ့တဲ့အခါ ဝေဒနက္ခန္ဓာ(ခံစားမှုသဘော)၊ သညာက္ခန္ဓာ (မှတ်သားမှုသဘော)၊ သင်္ခါရက္ခန္ဓာ (စေ့ဆော်မှုသဘော)၊ ၀ိညာဏက္ခန္ဓာ (သိမှုသဘော) လို့ သိထားရင် လုံလောက်ပါတယ်။
x x x
ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ငါကောင်ကြီးရယ်လို့ စွဲလန်းနေတဲ့ ဒီခန္ဓာငါးပါး (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်)တို့ရဲ့ သဘော အမှန်ဟာ ဘာလဲ၊
သူတို့ဟာ ဘယ်လိုသဘောရှိသလဲ ?
မြဲတဲ့ အရာတွေလား ?
မမြဲတဲ့အရာတွေလား ?
လက်ဆုပ်လက်ကိုင် ကိုင်ပြလို့ ရတဲ့ အရာတွေလား ?
စွဲလန်းမယ်ဆိုရင် စွဲလန်း အပ်သလား ?
ဆိုတာတွေကို မိမိ ကိုယ်ပိုင်ဉာဏ်မှာ ထင်ရှား ပေါ်လွင်လာအောင် လုပ်တဲ့ နည်းပညာပါ။( ဒါကြောင့် အထူးရှုမှတ်တယ် လို့ ခေါ်တာပါ။)
ဒီလောက် သိရခက်တဲ့ ရုပ်တွေ နာမ်တွေရဲ့ အကြောင်း လေ့လာရမှာဆိုတော့ ၀ိပဿနာတရား အားထုတ်စ ပုဂ္ဂိုလ်ဟာ ကိုယ်ငြိမ် စိတ်ငြိမ်ဖို့ လိုပါတယ်။ စိတ်ဟာ နှလုံးက စတင်တယ်လို့ ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။
စိတ်ငြိမ်အောင် ကိုယ်ငြိမ်ဖို့ (နှလုံးငြိမ်ဖို့) လိုတဲ့အတွက် ထိုင်ပြီး ငြိမ်ငြိမ်ရှုမှတ်ဖို့ လိုပါတယ်။
ရုပ်ရှင်ရုံ လက်မှတ်သိမ်းသူဟာ တစ်နေရာထဲ ရပ်ပြီး၊ စောင့်နေဖို့လိုသလိုပေါ့်။ ဟိုပြေးလိုက် ဒီပြေးလိုက် ဆိုရင် လက်မှတ် မရှိတဲ့ သူတွေလည်း အကုန် ရုံထဲ ၀င်ကုန်ကြမှာပေါ့၊ (လွတ်ကုန်မှာပေါ့) ဒီသဘောပါ။
ထိုင်တာကတော့ ဣရိယာပုတ် မပြောင်းပဲ ကြာကြာလေးထိုင်နိုင်အောင် သက်သက်သာသာ ထိုင်ရပါမယ်။
ညာခြေကိုရှေ့၊ ဘယ်ခြေကို အတွင်းသွင်း ခြေထောက်တစ်ချောင်းနဲ့ တစ်ချောင်း ထပ်မထားပဲ ထိုင်ရင် သင့်လျော်ပါတယ်။
တင်ပလ္လင် ခွေပေါ်မှာ ဘယ်လက်ဖ၀ါးပေါ် ညာလက်ဖ၀ါးလေးတင်၊ ကိုယ်ကို ဖြောင့်ဖြောင့် မတ်မတ်ထား၊
ခေါင်းကို ရှေ့တည့်တည့် မျက်နှာမူ ထားရင် အဆင်ပြေပါပြီ။
ဒွါရခြောက်ပါး ရှိတယ်လို့ အရင်က တင်ပြခဲ့ပြီးပါပြီ။
မျက်စေ့ပိတ်ထားလိုက်တာနဲ့ အာရုံများရာကနေ နည်းသွားပါလိမ့်မယ်။
ပါးစပ်ကိုလည်း နှုတ်ခမ်း ၂ ခု ထိရုံ စေ့ထားလိုက် ရုံပါပဲ။ (တရားအားထုတ်နေစဉ် စကားတွေလည်း ပြောမနေတော့ဘူး၊)
ပြီးရင်
- ဒီ ချမ်းသာရေး (သံသရာဝဋ်က ကျွတ်ရေး) နည်းလမ်းကို ပေးတဲ့ ဘုရား၊ တရား၊ သံဃာ ကျေးဇူးကို အာရုံပြုလိုက်။
- (၃၁)ဘုံမှာ ရှိတဲ့ သတ္တ၀ါအားလုံး ချမ်းသာကြပါစေလို့ မေတ္တာကို ရှေးရှုလိုက်။
- သေခြင်းတရားနဲ့ သတ္တ၀ါတိုင်း မကင်းဘူးလို့လည်း ဆင်ခြင်လိုက်။
- ဒီခန္ဓာကြီးဟာလည်း ချစ်ခင် နှစ်သက်ဖွယ်ရာမရှိ ၊ ရွံစရာ အတိပြီးတဲ့ ခန္ဓာ အမှန်ပဲလို့လည်း စိတ်ထဲက နှလုံးသွင်းလိုက် ပါဦး။
ပြီးရင် စိတ်အာရုံကို နှာခေါင်းပေါက်လေးမှာ စိတ်ညွှတ်ပြီး၊ စောင့်ကြည့်လိုက်ပါ။
ကဲ လက်တွေ့ လုပ်ကြည့်ရအောင်ပါ။
ကွန်ပြူတာရှေ့မှာ ထိုင်ရင်းပဲ မျက်စေ့လေးကို တစ်ချက် မှိတ်လိုက်ပါ။
ဝင်သက် ထွက်သက်လေးတစ်ချက်ကို ပြင်းပြင်းလေး ရှူသွင်း၊ ထုတ် လုပ်လိုက်ပါ။ သက်ပြင်းချတဲ့ သဘောပေါ့။
ပြီးရင် နှာခေါင်းပေါက်ကို အာရုံပြုနေပါ။
ဝင်လေ ထွက်လေလေး ၀င်တာ ထွက်တာကို စိတ် ဘယ်မှ မရောက်စေပဲ သေချာ သိအောင် စိတ်စိုက်လိုက်ပါ။ (ပထမ တစ်ချက် မမိရင် ဒုတိယ၊ မမိသေးရင် တတိယ ၃ ချက်မှာ တစ်ချက်တော့ ပိုင်ပိုင်နိုင်နိုင် မိကောင်းပါရဲ့။)
ပိုင်ပိုင်နိုင်နိုင် တစ်ချက်မိပြီးပြီိဆိုရင် စာရှုသူ မျက်လုံးကို ဖွင့်လိုက်ပါ။
ပြီးရင် ကျွန်တော်မေးတာလေးတွေ ဖြေကြည့်ပါ။
အဲ့ဒီ ၀င်လေ ထွက်လေလေးကို ကောင်းစွာ မိလိုက်တဲ့ အချိန်မှာ-
ခင်ဗျား ကိုယ်ကြီးက သူတပါးကို ထိခိုက်မိစေသလား?
“———————-” ( ဘယ်ထိခိုက်စေမလဲနော် ငြိမ်နေတာ)
ဒီလိုဆို ကာယကံ လုံခြုံနေပါပြီ။
ပါးစပ်ကရော တစ်ခုခု ထုတ်ပြောမိလိုက်သေးလား?
“——————–” (ပါးစပ်စေ့ထားတာ၊ ဘယ်ပြောမိပါ့မလဲ)
ဒီလိုဆို ၀စီကံ လုံနေပါပြီ။
စိတ်ကရော တစ်ခုခု တွေးလိုက် မိသေးလား?
“———————–” ( ၀င်လေ ထွက်လေကို သိလိုက်တဲ့အခိုက်မှာတော့ ဘယ်တွေးမိပါ့မလဲ နော်၊ စိတ်ဆိုတာ တစ်ချိန်မှာ တစ်ခုပဲ ဖြစ်လို့ရတာ မဟုတ်လား)
ဒီလိုဆို မနောကံ လုံခြုံနေပါပြီ။
အလကား အလုပ်လို့ မမှတ်လိုက်ပါနဲ့ ဓမ္မမိတ်ဆွေ။
ဓမ္မမိတ်ဆွေဟာ ရှုမှတ်မှု တစ်ချက်စီ တစ်ချက်စီတိုင်းမှာ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါး လုံနေပြီလို့ သိလိုက်ပါ။
နောက်ထပ် မေးခွန်းလေး ထပ်မေးပါဦးမယ်။
ဝင်လေ ထွက်လေလေး ကောင်းစွာမိလိုက်တဲ့ အချိန်မှာ-
သူတပါး ဒုက္ခရောက်စေမယ့် စီးပွါးရှာမှု လုပ်ဖြစ်လိုက်လား?
“————————-” ( ဘယ်လုပ်ပါ့မလဲနော် )
ဒီလိုဆို သမ္မာအာဇီဝ ဖြစ်နေပါပြီ။
ဝင်လေထွက်လေကို ကောင်းမွန် မှန်ကန်စွာ ပြုလုပ်လိုက်တာလား ?
“—————-” (သတိထားပြီး ရှုမှတ်လိုက်တယ်ဆိုတော့ မှန်ကန်စွာ ပြုတာ ဟုတ်တာပေါ့ )
ဒီလိုဆို သမ္မာ ကမ္မန္တ ဖြစ်နေပါပြီ။
အဲ့ဒီလို သိလိုက်တဲ့ အခိုက်မှာ အတင်းအဖျင်းတွေ သူတပါးကို ထိခိုက်မဲ့စကားတွေရော ပြောလိုက်မိသေးလား?
“———————” (ပါးစပ်ပိတ်ပြီး ရှုမှတ်နေတာလေ)
ဒီလိုဆို သမ္မာဝါစာ ဖြစ်နေပါပြီ။
အဲ့ဒီ ရှုမှတ်မှု တစ်ချက်လေးနဲ့ သင်ဘာတွေကို ကျင့်သုံးပြီးပြီလဲ၊ သင်ကိုယ်တိုင် လက်တွေ့ ခံစားပြီး သင်ကိုယ်တိုင် သိခဲ့ပြီးပါပြီ။
ဓမ္မမိတ်ဆွေ
ပိဋကတ်သုံးပုံကို အနှစ်ချုပ်လိုက်တဲ့ မဂ္ဂင်ရှစ်ပါး၊ တနည်းအားဖြင့် သိက္ခာ ၃ ပါးဖြစ်တဲ့ သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင် ဆိုတဲ့ မဂ္ဂင်သုံးပါးထဲက အခြေခံအကျဆုံး အလိုအပ်ဆုံးဖြစ်တဲ့-
သီလမဂ္ဂင်လမ်းကို အဲ့ဒီ တဒင်္ဂလေးမှာ သင်လျှောက်ခဲ့ပြီးပြီဆိုတာ ၀မ်းမြောက်စွာနဲ့ သိလိုက်ပါ။
ကာယကံ ၀စီကံ မနောကံ ကံသုံးပါးလည်း အဲ့ဒီ အခိုက်အတန့်လေးမှာ လုံခြုံနေပြီ ဆိုတာကို ၀မ်းမြောက်စွာနဲ့ သိလိုက်ပါ။
ဓမ္မမိတ်ဆွေ
သင်လုပ်ခဲ့တဲ့ အလုပ်လေးတစ်ခုအတွက် ရအပ်တဲ့ ကျေးဇူးအပြည့်အစုံ သိရအောင် မြတ်ဗုဒ္ဓကျေးဇူးနဲ့ ကျွန်တော် ထပ်ပြောပြ ပါဦးမယ်။
မြတ်ဗုဒ္ဓဟောကြားတဲ့ စိတ္တနိယာမမှာ စိတ်ဟာ ကုသိုလ်မဖြစ်ရင် အကုသိုလ်သာ ဖြစ်နေပါသတဲ့၊ အကုသိုလ် မဖြစ်ရင်လည်း ကုသိုလ်သာ ဖြစ်နေပါသတဲ့ မိတ်ဆွေ။
သင့် ရှုမှတ်မှု တစ်ချက်မှာ-
လောဘထွက်လာသေးလား?
“——————-” ( ဒီနေရာမှာ သိပ်သတိထား၊ ဘာဖြစ်အောင်၊ ညာဖြစ်အောင် ရှုမယ်ဆိုတာတွေ ဖယ်ထား၊ ဖယ်ထားရင် လောဘမဖြစ်ဘူး)
ဒေါသရော ထွက်နေသေးလား?
“—————–” (သူများတွေ ရကုန်ပြီ၊ ငါမရသေးဘူးဆိုတဲ့ သူတွေ ငါတွေ မထည့်လိုက်နဲ့ )
မသိမှုကြီးနဲ့ရော နေနေသေးလား?
“——————-” (သတိကောင်းစွာ စိုက်ထားဖို့ လိုတယ်၊ ဟိုတွေး၊ ဒီတွေး မတွေးမိစေနဲ့)
ဒါဆိုရင် သင် အကုသိုလ် မဖြစ်ဘူးပေါ့၊ ဟုတ်ရဲ့လား?
ဒါဆိုရင် ဘာဖြစ်နိုင်ပါသလဲ။
ကုသိုလ်ကလွဲလို့ အခြားမရှိပါ။
သင် တဒင်္ဂလေးမှာ ကုသိုလ်စိတ် ဖြစ်သွားပါပြီ။
ဂရုတစိုက် ရှုမှတ်ရင် ရှုမှတ်သလောက်
ဇောကျတဲ့ စိတ်အစဉ် (၀ီထိ)ဖြစ်ပြီး၊ Register လုပ်ပြီးသွားပြီ မိတ်ဆွေ။
သင့်မှာ ကုသိုလ်ဓာတ်ကိန်းသွားပြီ။
ပေါ့သေးသေး ရှုမှတ်မှုလို့ မမှတ်လိုက်ပါနဲ့။
မိုးရေစက်တွေ တစ်ပေါက်ချင်းကျလို့ ပင်လယ် သမုဒ္ဒရာတွေ ဖြစ်လာတယ် ဆိုတာကိုလည်း မမေ့ပါနဲ့။
ငါ ကုသိုလ်ဖြစ်ပြီ-လို့ ၀မ်းမြောက်မှုတော့ ဖြစ်ချင်ဖြစ်၊ မာန မတက်မိစေနဲ့ လမ်းလွဲသွားလိမ့်မယ်။
မာနတက်လိုက်ရင် ကုသိုလ်တပဲ ငရဲ တပိဿာ ဖြစ်သွားလိမ့်မယ်။
ကျွန်တော်တို့ မသိကြလို့၊ ဆုံးရှုံးခဲ့ရတဲ့ အချိန်ပေါင်း များစွာ ရှိခဲ့ဖူးပြီ၊
နောင် အချိန်တိုင်းမှာ အကျိုးရှိအောင် ကိုယ်တွေ့ သုံးတတ်သွားပြီ။ (ကျွန်တော် ရေးပြရကျိုးနပ်အောင် ကြိုးစားနော်)
ဒီ အလေ့အကျင့်ကြောင့် ကုသိုလ်ဓာတ်တွေ ကိန်းကိန်းလာလေ၊ အကုသိုလ်တွေ အားနည်းသွားလေ ဖြစ်လာပြီး-
အတွေးအကြံ၊ အယူအဆတွေ မှန်မှန် လာပါလိမ့်မယ်။
စိတ်ထဲက ဒါလေးတော့ လုပ်ဦးမှဆို ဖြစ်လာလို့ လုပ်ဖြစ်လိုက်ရင် မှန်တာ သင့်တာတွေ ဖြစ်ဖြစ် လာလိမ့်မယ်။
ဒါတော့ မကောင်းဘူး၊ မလုပ်တော့ပါဘူး၊ ဆိုရင်လည်း ဒုက္ခဖြစ်စေမယ့် အရာတွေကို ရှောင်ကြဉ်ပြီးသား ဖြစ်ဖြစ် လာပါလိမ့်မယ်။
အဲ့ဒီ အကျိုး ရလာဒ် အားလုံးဟာ သဘာဝဓမ္မပါ။
အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတွေပါ။
ဘယ်သူကမျှ ရော့၊ အင့် ပေးလို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။
ကိုယ်ကောင်းစွာပြုလို့၊ ကောင်းကျိုးတွေ လာတာပါ။
ဘယ်သူမျှ ကယ်တင်တာ မဟုတ်ပါဘူး။
ကိုယ့်ကို ကိုယ်ကယ်တင်လိုက်တာပါပဲ။
x x x
နောက်တဆင့်တက်မယ် ဓမ္မမိတ်ဆွေ-
ဓမ္မမိတ်ဆွေအနေနဲ့ ကတော့ ကျွန်တော်ပြောပြထားသလို နှာခေါင်းမှာ လာလာထိ နေတဲ့ ၀င်လေထွက်လေလေးကိုပဲ စောင့်ကြည့်နေပါ၊ နည်းနည်းလေး ပိုဂရုစိုက်ပေးပါ။
ပြီးယင် မေးခွန်းလေးလည်း ဖြေကြည့်ပေးပါ။
အလုပ်ပေါ်မှာ သေချာ ဂရုတစိုက် လုပ်နေပါရဲ့လား ?
“——————” (လုပ်မလုပ်ကတော့ ဓမ္မမိတ်ဆွေသာ သိမှာ၊ ဂရုစိုက် လုပ်ရမယ်နော်။)
ဒီလိုဆို သမ္မာဝါယမဖြစ်နေပါပြီ။
ကြိုးစားအားထုတ်မှုကြောင့် အထူးသဖြင့် သတိထား အားထုတ်မှုကြောင့် နှာခေါင်းပေါက်မှာပဲ ဖြစ်ဖြစ်၊ အပေါ် နှုတ်ခမ်း အထက်မှာပဲဖြစ်ဖြစ် လေလေးထိဝင်တိုင်း ထိထွက်တိုင်း သိနေပါသလား?
“——————–” ( သတိမလွတ်မှ ရမှာနော် )
ဒီလိုဆို သမ္မာသတိဖြစ်နေပါပြီ။
ထိတဲ့နေရာလေးမှာ စိတ်ကတည်နေပြီး၊ တပို့တပါးကိုရော စိတ်လွင့်နေပါသေးလား။
“——————–” ( ဟိုတွေး ဒီတွေး လုံးဝ မတွေးနဲ့နော်၊ သတိ၊သတိ)
ဒီလိုဆို သမ္မာသမာဓိ ဖြစ်နေပါပြီ။ ဒီ ဒုတိယအဆင့်ကတော့ ဓမ္မမိတ်ဆွေ ခုချက်ခြင်းတော့ ဘယ်ဖြစ်ပါ့မလဲ။ တဖြည်းဖြည်း လေ့ကျင့်ရင်း ဖြစ်လာမှာပါ။ သမ္မာ ဆိုတဲ့ ပါဠိတော်ရဲ့ အဓိပ္ပါယ်ဟာ စိတ် စေတသိက် ရုပ် ဆိုတဲ့ ပရမတ် တရားတွေ အပေါ်မှာ ရှုမှတ်ခြင်းလို့ တဖြည်းဖြည်းသိလာပါလိမ့်မယ်။ ထိမှု သိမှုဖြစ်စဉ်မှာ
နှာခေါင်းကို လေတိုးတာ ငါသိတာလို့ မဟုတ်စေရပဲ၊ ရုပ်တွေ ထိထိနေတာကို နာမ်ဆိုတဲ့ သိစိတ်က သိနေတာလို့ ရှေးရှုထားဖို့ လိုပါတယ်။
မကောင်းမှု ပြုတာ အလွန်လွယ်ပါတယ်။
ကောင်းမှုဆိုတာက အလွန်ပြုနိုင်ခဲပါတယ်။
အကျိုးပေးခြင်းလည်း လွန်စွာကွာခြားကြပါတယ်။ ဒါကြောင့် ကြိုးစားမယ်လို့ စိတ်ကိုမွေးပါ၊
မြတ်ဗုဒ္ဓက-
သတ္တာနံ ၀ိသုဒ္ဓိယာ၊ သောက ပရိဒေ၀ါနံ သမတိက္ကမာယ၊ ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဥာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ- လို့အတိအလင်းဖွင့်ဆိုခဲ့တဲ့ ထူးကဲလွန်မြတ်တဲ့ ကောင်းကျိုးတွေကို မှန်းဆပြီး ခွန်အားမွေးပါ။
နောက်တော့လည်း လွယ်သားပဲ ဖြစ်လာပါလိမ့်မယ်။
ငါ အမှန် မွန်မြတ်တဲ့ အကျင့်တွေ ကျင့်နေတာပါလားလို့လည်း ယုံကြည်စိတ်ချစွာ ခံယူထားပါ ဓမ္မမိတ်ဆွေ။
× × ×
နောက်ဆုံးအဆင့် ပညာပိုင်း တက်ကြပါစို့။
ဓမ္မမိတ်ဆွေ အနေနဲ့တော့ ထူးထူးဆန်းဆန်း အပိုတွေ လုပ်စရာ မလိုပါဘူး၊ နှာခေါင်းမှာ ထိနေတဲ့ လေကလေး ထိမှုကို သတိကောင်းကောင်းနဲ့ သိနေရုံပါပဲ။
မေးခွန်းလေးလည်း မေးကြည့်ပါရစေဦး။
ဥာဏ်လေးနည်းနည်း ပြောင်းတော့မယ်။
လေဆိုတဲ့ ရုပ်နဲ့ နှာခေါင်းဆိုတဲ့ ရုပ် နှစ်ခု ထိထိသွားတော့ ဓမ္မမိတ်ဆွေ ဘာဖြစ်သွားလဲ။
သိသိမသွား ပါဘူးလား။
“——————–” ( သိရုံတောင်မကပါဘူး၊ ဒီနားမှာ ၊ လှုပ်တာ၊ အေးတာ၊ ပူတာ တွေပါ သိလာတယ်လို့ တဖြည်းဖြည်း ဖြစ်လာဦးမှာ)
ရုပ်နှစ်ခုထိတော့ သိတာပေါ့နော်။
“——————–” ( သိတာပေါ့ဗျာလို့ ပိုင်ပိုင်နိုင်နိုင် ဖြေနိုင်လာရင် )
ဒီနှစ်ခု အပြင် ဘာမှမရှိ၊ ထိတဲ့ရုပ်နဲ့ သိတဲ့နာမ်ဆိုတာပဲ တို့ခန္ဓာမှာ ရှိတာပါလားလို့ မထင်လာဘူးလား။( ခန္ဓာကိုယ်မှာ ဖြစ်သမျှ ကျန်တာအားလုံးလည်း ဒီသဘောူပါပဲ) ဒီသဘောကို နားလည်လာတဲ့အခါ
ငါဆိုတာ——-နာမ်နဲ့ရုပ်မျှပါလားလို့ သိလာပါလိမ့်မယ်။ (သမ္မာဒိဋ္ဌိပါပဲ။)
သေချာ ထပ်ထပ်ပြီး စေ့စေ့စပ်စပ် ရုပ်နဲ့နာမ်ပေါ်မှာပဲ သတိထား သုံးသပ်လာရင်-
ဟင်– ထိ-သိပြီး ပျောက်၊ နောက်တစ်ခါ ထပ် ထိ-သိ-ပြီး-ပျောက်၊ ဒီရုပ်နာမ် ဆိုတာလည်း မမြဲတဲ့သဘော ပါလား။(သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ) ဖြစ်နေပါပြီ။
ငါ ဆိုတာနဲ့ လောဘဖြစ်တာပါပဲ။( ဟုတ် မဟုတ်တော့ မိမိစိတ်ကို ရိုးဖြောင့်စွာ ထားပြီး ဆုံးဖြတ်ပါ) ငါမဟုတ်ပါလား ဆိုတော့ လောဘစိတ်ကလည်း လျော့ လျော့လာတာပါပဲ။
ဒီလုပ်ငန်း(ရှုမှတ်မှု တစ်ချက်စီ တစ်ချက်စီတိုင်းကို) အထူး ဂရုစိုက်ပြီး၊ လုပ်တိုင်း လုပ်တိုင်းဟာလည်း ဗောဓိပက္ခိယ တရား ၃၇ ပါးလုံး ပါဝင်နေတယ်ဆိုတာ ယုံကြည်ထားပြီး အားရှိပါစေ။
ရှုမှတ်မှုတိုင်းဟာလည်း ကုသိုလ်ဓာတ်တွေ ကိန်းကိန်းနေတယ်လို့ သိနေပါစေ။
ရှုမှတ် အားထုတ်မှု ကောင်းလာရင်
ရုပ်နဲ့နာမ်တို့ရဲ့ အကြောင်း ကောင်းကောင်းသိလာမှာပါ။ ( ကျွန်တော်ပြောပြရင် ကျွန်တော်ပဲသိမှာ၊ ခင်ဗျားသိမှာ မဟုတ်ဘူး၊ ဒါဆိုရင် ခင်ဗျား ဥာဏ်မဟုတ်ဘူး၊ ဒါကြောင့် မပြောဘူးနော်)
ဝေဒနာ ပေါ်လာလိုက် ရှုမှတ်လိုက်။ (ကိလေသာ Virus ကို delete လုပ်ပြစ်နေတာလို့ နားလည်ပါ။)
မကောင်းတဲ့ ၊ ကောင်းတဲ့ စိတ်တွေ ပေါ်လာလိုက်၊ ရှုမှတ်လိုက်။ ရှုမှတ်တယ်ဆိုတာ သတိနဲ့ သိတာ၊ မကောင်းတဲ့စိတ်ပေါ် ပေါ်တယ်လို့သိတာ။ (ကိလေသာ Virus တွေကို delete လုပ်ပစ်နေတာလို့ ယုံကြည်ထားပါ)
× × ×
ဓမ္မမိတ်ဆွေ ၀ိပဿနာအစစ်ဟာ ရုပ်နာမ် ဖြစ်ပျက်မှုကိုပဲ ရှုတာပါ၊ တခြား ဘာတစ်ခုမှ မပါပါဘူး။
ရှုတော့ ရှုမှတ်နေပါ။
ရှုမှတ်မှုအားကောင်းလေ အကုသိုလ်ဓာတ် ပါးပါးသွားလေ ဖြစ်လာပြီး၊
ဓမ္မမိတ်ဆွေရဲ့ စိတ်တွေ ပြောင်းလာပါလိမ့်မယ်။
ဓမ္မနဲ့ အဓမ္မတရားဟာ ဘယ်လိုမှ ဆက်စပ်လို့ မရတာကြောင့် ဒီလို မွန်မြတ်တဲ့ သူတော်ကောင်း ဖြစ်စေမယ့် ဓမ္မတွေကို လေ့လာ လိုက်စားလာတဲ့ အခါမှာ
မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို သတိနဲ့ ထိန်းသိမ်းပါ။
အခြေခံ ငါးပါးသီလကို လုံခြုံအောင်လည်း သတိနဲ့ စောင့်ထိန်းပါ။
အရေးအပါဆုံးကတော့ သွားလာ နေထိုင်မှုတွေ အားလုံးမှာ သတိရှိနေခြင်းပါပဲ။
ကျွဲကူးရေပါ ဆိုတဲ့စကားပုံလိုပါပဲ၊ ကျွဲက အမွှေးများတော့ ရေအိုင်ဖြတ်ကူးပြီး ကုန်းပေါ်ရောက်လာရင် အမွှေးတွေမှာ ရေတွေစွပ်စိုပြီး ပါလာသလို-
လောကီကောင်းကျိုးတွေဟာလည်း အလိုလို ရလာမှာပါပဲ။
ပြီးခဲ့တဲ့ အမှားတွေ၊ စိတ်ထဲပေါ်လာရင် ရှုမှတ်ပြစ်လိုက်၊ မလာသေးတဲ့ အနာဂါတ်ကို တွေးမိရင်လည်း တွေးမိတာကို သိပြီး၊ ရှုမှတ်လိုက်၊ ခုတကယ် ပိုင်ဆိုင်နေတဲ့ ပစ္စုပ္ပန် အချိန်တိုင်း အချိန်တိုင်းမှာ ပေါ်လာသမျှ သတိကပ်ပြီး၊ အကောင်းဆုံး ရှုမှတ်နိုင်တာဟာ ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းနေတာပါ၊ လူတစ်ယောက်ဟာ ဒီထက်ပို မလုပ်နိုင်ပါဘူး။
လောဘကြောင့် အောင်မြင်ကြတာ မဟုတ်ပါဘူး။
အလုပ်လုပ်လို့ အောင်မြင်ကြတာပါ။
တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်ကစ အဓိဋ္ဌာန်ထား၊ မဖျက်နဲ့ တတ်နိုင်ရင် တတ်နိုင်သလောက်ကို အလုပ်မသွားမီ တစ်ချိန်၊ ဂရုစိုက် ရှုမှတ် အလုပ်ပြန်ရင် တစ်ချိန် ဂရုစိုက် ရှုမှတ် လေ့ကျင့်ပါများ ထုံပါများလာရင် ၀ါသနာ ညာဉ် စရိုက်အထိ ကူးပြောင်း သွားမှာပါ။ နောက်တော့ လွယ်သွားရော။
ရှုမှတ်တတ်လာရင် သွားရင်းလာရင်းလည်း ရှုမှတ်လို့ ရပါတယ်။
အလုပ်သွား၊ အလုပ်ပြန်ုကားစီးရင် ဟိုဒီ မတွေးနဲ့ စိတ်ကို နှာသီးဝကပ်ထား (ကုသိုလ်တွေ၊ ကုသိုလ်တွေလို့ အားရ) အချိန်ပိုရင် စိတ်ကို ဒီမှာထား ရှုမှတ် (ကုသိုလ်စိတ်တွေ ကိန်းနေတာလို့ ၀မ်းသာ)
မြတ်ဗုဒ္ဓလက်ထက်တော်က သာဝတ္တိမြို့မှာ ကုလားကလည်း လယ်ထွန်ရင်း၊ ကုလားမကလည်း ဆန်ပြာရင်း၊ ထမင်းချက် ရင်း၊ သောတာပတ္တိမဂ်ဥာဏ်တွေ ရကုန်ကြသတဲ့။
ဓမ္မမိတ်ဆွေ တဖြည်းဖြည်း သိလာလိမ့်မယ်။
မကောင်းတာတွေ အကျိုးယုတ်တာတွေကို မလုပ်ချင်တော့ဘူး။
ကောင်းမွန်တာ အကျိုးရှိတာတွေ လုပ်ချင်လာလိမ့်မယ်။
သူတပါးအပေါ်လည်း မေတ္တာတွေ ရှိလာပြီး၊
ကိုယ်နဲ့ ဆက်ဆံရသူတွေမှာလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်လာကြပါလိမ့်မယ်။
Blog ဖတ်သူ ဓမ္မမိတ်ဆွေများခင်ဗျား။ ကိုယ်တိုင် ကျင့်သုံးကြည့်ပါ။
ဝေလည်းဝေမျှပေးကြပါ။
မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန် ၀ိပဿနာ တရားတော်များကို ကိုယ်စီ ကိုယ်စီ ကျင့်သုံးဆောက်တည်ကြပြီး-
မြန်မာဆိုတာ လူဆိုး၊ လူဆင်းရဲဆိုတဲ့ ဘ၀ကနေ မြန်မာဟာ ကမ္ဘာ့ကောင်းကျိုး၊ လူသား ကောင်းကျိုးပြုနိုင်တဲ့ ဥာဏ်ပညာကြီးတဲ့ ဂုဏ်သိက္ခာရှိတဲ့၊ ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေအဖြစ် ပြောင်းလဲသွားအောင် တက်ညီလက်ညီ ကြိုးစားကြပါစို့ခင်ဗျား။
ကဲ ခေတ္တ နားပါရစေတော့။
လွတ်လပ်ရေးသာမကလွတ်မြောက်ရေးကိုပါကြံဆောင်နိုင်ကြပါစေ။
x x x
ကျွန်တော် ဤကဲ့သို့ လူငယ်လူလတ်များအတွက် ကောင်းကျိုးအမှန်ဖြစ်စေမယ့် တရားတော်များနှင့် ဗဟုသုတများကို ဖြန့်ဝေနိုင်ရန်အတွက် ကောင်းစွာ အထောက်အကူ ရခဲ့သော
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား လည်းကောင်း၊
ဤဘ၀တွင် ဤအသိကို ရနိုင်ရန် ဥတုဆုံ၍ ကျွန်တော့်အား မွေးဖွားပေးခဲ့သော မိခင်ဖခင် ကျေးဇူးရှင်တို့အား လည်းကောင်း၊
ဗဟုသုတများ သင်ကြားပေး သိစေခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ အာစရိယ အပေါင်းတို့အားလည်းကောင်း၊
ရိုသေညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏။
Blog နှင့် စတင် မိတ်ဆက်ပေးသော သားကြီး၊ Blog Design Display ပြင်ဆင်ပေးသော သမီးငယ်နှင့်၊ ကျွန်တော်ရေးသမျှ မညီးမညူ ကွန်ပြူတာ စာစီပေးသော ဇနီးသည်တို့အားလည်းကောင်း၊ ဖော်မပြနိုင်သောကျေးဇူးတင်မှု ဖြင့် ကျေးဇူးတင် ပါကြောင်း။

0 comments:
Post a Comment