* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 9, 2009

ဒါနပြုရာမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်သင့်မသင့်

အမေး။ ။အရှင်ဘုရား…တပည့်တော်မေးလျှောက်ပါရစေ… ဒါနပြုတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီးမှ လှူရမယ် လို့ ဘုရားရှင် ဟောတော်မူချက်အရ လူအများဟာ သီလရှိတဲ့ သံဃာတော်များကိုသာ လှူဒါန်းကြတော့ ရဟန်းတော်များမှာ လှူဖွယ်ပစ္စည်းများနဲ့ အလျှံပယ်ဖြစ်နေပါတယ်ဘုရား။ ပစ္စည်းလဘ်လာဘပေါများနေတဲ့ ရဟန်းတော်များကိုသာ လူတွေက ထပ်တလဲလဲ လှူနေကြတာကို တွေ့မြင်နေရတယ်။ ဒါပေမဲ့ သီလမရှိဘူးထင်ရတဲ့သူများမှာကျတော့ လှူမဲ့သူ ပေးမဲ့ကမ်းမဲ့သူ မရှိ ချို့တဲ့လွန်းလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက သီလမရှိဘူးထင်ရတဲ့ ချို့တဲ့နေတဲ့ သူများကိုလည်း ပေးလို့ရမှာလားဘုရား၊ အဲဒါလေး တပည့်တော် ဘ၀င်မကျ ဖြစ်နေလို့ အဖြေပေးစေချင်ပါတယ်ဘုရား…..
ဒေါ်စန္ဒ၀တီ
ဗုဒ္ဓသာသနာ့ရိပ်သာ-မြိတ်

အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ။ အလှူ ပြုလုပ်တဲ့အခါ သီလ ရှိတဲ့သူကို ပေးလှူသင့်သလို သီလမရှိဘူးလို့ ထင်ရတဲ့ ချို့တဲ့နေသူများအားလည်း ပေးလှူလို့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာ တင်ပြစရာတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ကိုပဲ နားလည်သဘောပေါက်အောင် ပြောပေးသွားပါ့မယ်။
စာရေးသူလည်း တစ်ခါက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘ၀င်မကျခဲ့ပါဘူး။ ဦးဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ မဟာဗုဒ္ဓ၀င်ကို ဖတ်လိုက်ရတဲ့အခါမှ ဘ၀င် ကျ ခဲ့ရပါတယ်။
(၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထ ဒိန္နံ မဟပ္ဖလံ) အလှူကို လှူလျှင် အကျိုးကြီးမြတ်အောင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်လို့ ကျမ်းဂန်တို့မှာ လာရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါသေးတယ်။
တစ်ခါက အင်္ကုရနတ်သား ဖြစ်မဲ့သူက သာသနာပမှာ သီလမရှိတဲ့သူများကို ထမင်းရေချောင်းစီး လှူဒါန်းခဲ့ဖူးတယ်၊ ဣန္ဒကနတ်သား ဖြစ်မဲ့သူက သာသနာတွင်းမှာ ရဟန္တာအရှင်မြတ်တစ်ပါးကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့ဖူးတယ်။ သေလွန်တဲ့အခါ နတ်ပြည်မှာ အင်္ကုရနတ်သားနဲ့ ဣန္ဒကနတ်သား သွားဖြစ်ကြတယ်။ ဘုရားရှင်က တာဝတိံသာမှာ အဘိဓမ္မာတရားဟောကြားတဲ့ အခါမှာ တရားနာယူဖို့အတွက် အင်္ကုရနတ်သားနဲ့ ဣန္ဒကနတ်သားတို့က ဘုရားရှင်ရဲ့အနီးမှာ နေရာယူကြတယ်။ နောက်တန်ခိုးကြီးတဲ့ နတ်တွေလာတဲ့အခါကျတော့ သာသနာပအလှူကြောင့် နတ်ဖြစ်လာတဲ့ အင်္ကုရနတ်သားက အနောက်ကို ဆုတ်ပေးရတယ်၊ဒီလိုနဲ့ တဖြေး ဖြေး ဆုတ်လိုက်တာ ဘုရားရှင်နဲ့ ၁၀ယူဇနာအထိကွာဝေးသွားတယ်တဲ့။ သာသနာတွင်း လှူတဲ့အလှူကြောင့် နတ်ဖြစ်လာတဲ့ ဣန္ဒက နတ်သားကတော့ နေမြဲနေရာကနေ လုံးဝ မဆုတ်ပေးလိုက်ရဘူးတဲ့။ ဒါကြောင့် အလှူပြုလုပ်ရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရင် အကျိုးများတယ် ဆိုတဲ့အကြောင်းကို ဥပရိပဏ္ဏာသပါဠိတော်၊ ဒက္ခိဏ၀ိဘင်္ဂသုတ် မှာ ဟောကြားထားပါတယ်။
ဗုဒ္ဓ၀င်ပါဠိတော်မှာကျပြန်တော့ အလှူခံပုဂ္ဂိုလ်တို့ကို အယုတ်အလတ်အမြတ်မရွေး ပေးလှူရမယ် လို့ ထင်ရှားစွာ ဟောတော်မူထားပါ တယ်။ ဒီလိုဟောကြားထားတာကို ကြည့်လျှင် အလှူကို လှူတဲ့အခါ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စရာ မလိုဘူး လို့ အဓိပ္ပါယ်ရနေပါတယ်။
ဒါဖြင့်ရင် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်မှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ် ရမည်လို့ ဟောတော်မူပြီး၊ ဗုဒ္ဓ၀င်ပါဠိတော်မှာတော့ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ် ရွေးချယ်စရာမလို ပေးလှူသင့်တယ် လို့ ဟောထားပါတယ်။ ဒီတရားနှစ်ခုဟာ မညီညွတ် ဆန့်ကျင်နေတာ တွေ့ရပါတယ်။ “ဒါက ဘယ်လိုဖြစ်ရတာလဲ” ၊ ဒီအမေးကို ဖြေရမယ်ဆိုပါက…ဒီလို
သမည လူနတ်တို့ရဲ့ ရည်ရွယ်ချက်က အလိုရှိရာ အကောင်းဆုံး လောကီစည်းစိမ်ချမ်းသာကို တောင့်တကြတာဖြစ်တဲ့အတွက် အကောင်းဆုံး အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသိပါဠိတော်မှာ ဟောထားတဲ့ နည်းလမ်းက သာမညနတ်လူတို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်းဖြစ်တယ်လို့ မှတ်ယူရပါမယ်။
ဗုဒ္ဓ၀င်ပါဠိတော်မှာ ရှေးဘုရားလောင်း သူတော်ကောင်းများဟာ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ရာ ရည်ရွယ်ပြီး ပေးလှူကြပါတယ်၊ ဒါနကုသိုလ်အကျိုးကို ကြည့်ပြီးပေးလှူတာ မဟုတ်ပါ။ ဘုရားရှင်တို့ရဲ့ ဥာဏ်တော်(သဗ္ဗညုတဥာဏ်တော်)မှာ ပုဂ္ဂိုလ် အယုတ်အလတ်အမြတ် ဟူ၍ မရှိပါ။ ဒါနတစ်ခု မြောက်ဖို့အတွက် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း မရှိဘဲ ပေးလှူလေ့ရှိတာဟာ သဗ္ဗညုတဥာဏ်တော် လိုလားတော်မူကြတဲ့ ဘုရားအလောင်းတော်တို့ရဲ့ဓလေ့ပဲ ဖြစ်ပါတယ်။
ဂေါတမမြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းဖြစ်စဉ်အခါက သားသမီးများဖြစ်ကြတဲ့ ဇာလီနှင့်ဂဏှာစိန်တို့ကို သီလမရှိတဲ့ ဇူဇကာ ပုဏ္ဏားအား လှူဒါန်းလိုက်ပါတယ်။ ဒီမှာလည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်းမရှိ၊ ဒါနပါရမီမြောက်ဖို့သာ လိုရင်းဖြစ်တယ် ဆိုတာပါပဲ။
အချူပ်ဆိုရသော် ဥပရိပဏ္ဏာသပါဠိတော်မှာ လာတဲ့ ဒါနပြုနည်းက သမည နတ်လူတို့အတွက်ဖြစ်ပြီး၊ ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောတဲ့ ဒါနပြုနည်းက ဘုရားအလောင်းတော်တို့အတွက် ဖြစ်တယ်။
ဆိုလိုတာက အလှူပြုတဲ့အနေရာမှာ ဘယ်လိုပဲပြုပြု အလှူဒါနမြောက်သွားဖို့သာ အဓိကလိုရင်းဖြစ်တဲ့အတွက် သီလမရှိတဲ့အလှူခံပုဂ္ဂိုလ် ကိုလည်း ပေးလှူကောင်းပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP