* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 2, 2009

သန်လျင်တောရ ၀ိပဿနာ မိတ်ဆက် (၁)

4:01 PM | Author: Dhamma Yanant


ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဆိုပြီး လမ်းသုံးသွယ် ရှိပါတယ်။ ဒါနနဲ့ သီလဟာ ကံလမ်းပါ။ လူ့ပြည်၊ နတ်ပြည် ရောက်စေနိုင်ပါတယ်။ သမထက ဈာန်လမ်းပါ။ ဗြဟ္မာ့ပြည်ထိ ရောက်စေနိုင်ပါတယ်။ ၀ိပဿနာကတော့ ဉာဏ်လမ်းပါ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်မက နိဗ္ဗာန်အထိ ရောက်စေနိုင်ပါတယ်။ ရုပ်နာမ်သင်္ခါရ တရားတွေဆိုတာ အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြပါတယ်။ မပျက်တဲ့ အမြဲထာဝရ အေးငြိမ်း ချမ်းသာမှုသဘော အသင်္ခတဓာတ် နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ မျက်မှောက်ပြုနိုင်ဖို့အတွက် အပျက်သင်္ခတတွေဖြစ်တဲ့ စိတ်၊ စေတသိက်၊ ရုပ်ဆိုတဲ့ ရုပ်နာမ်သင်္ခါရတွေကို သိမြင်ဖို့ လိုအပ်ပါတယ်။ ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတဲ့ ရုပ်၊ နာမ်ဓမ္မ သင်္ခါရတရားတွေကို ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတဲ့အတိုင်း မြင်အောင်၊ ထင်အောင်၊ သိအောင် အားထုတ်ရှုပွားတာကိုပဲ ဝိပဿနာရှုတယ်လို့ ခေါ်ပါတယ်။ ၀ိပဿနာလို့ ဆိုလိုက်တာနဲ့ သတိပဌာန်က တွဲပါပြီးသားပါ။ သတိပဌာန် မပါဘဲ ၀ိပဿနာ အားထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ သတိပဌာန်လေးပါး ဒေသနာစည်းကမ်းနဲ့ အညီပဲ ၀ိပဿနာ ရှုပွါးရပါမယ်။ သတိပဌာန်မှ လွတ်တဲ့ ၀ိပဿနာရှုနည်းဆိုရင်လည်း အဓမ္မ၀ါဒပဲ ဖြစ်ပါလိမ့်မယ်။

(တရားတစ်ပုဒ်နာရုံနဲ့ အပါယ်ပိတ်မယ် ဆိုတာကို ယုံကြည်ကြသူများ စဉ်းစားကြည့်စေချင်ပါတယ်။ တကယ်တမ်း အပါယ်ပိတ်တယ်ဆိုတာ သောတာပတ္တိမဂ်ဉာဏ် ရမှပါ။ သောတာပတ္တိမဂ်ဉာဏ် ရဖို့ဆိုတာကလည်း ၀ိပဿနာအားထုတ်ပြီး ဖြစ်ပျက်မြင်မှပါ။ ၀ိပဿနာရှုပွါးမှုမပါ တရားနာရုံသက်သက်ကတော့ ဗဟုသုတပဲ ရပါလိမ့်မယ်။ ပိဋကတော်ထဲမှာ ဂါထာတစ်ဂါထာဆုံးတာနဲ့ အရိယာဖြစ်သွားကြတယ်ဆိုတာ ဟေတုသမ္ပတ္တိ (အကြောင်းရဲ့ ပြည့်စုံခြင်း = ဘ၀ ဘ၀က ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေရဲ့ ပြည့်စုံခြင်း) ကြောင့်ပါ။ ဒါတောင်မှ အဲဒီ့လို ဂါထာတော်ကို နာနေရင်း အချိန်တိုလေးမှာပဲ ၀ိပဿနာရှုပွါးလိုက်လို့ပါ။ မိမိတို့က နေ့စဉ်နဲ့အမျှ လောဘ၊ ဒေါသ၊ မောဟတွေ များ၊ ငရဲကျမှာတော့ ကြောက်။ ပါရမီက ဘယ်ဆီမသိ၊ အပါယ်ပိတ်ချင်ဇောနဲ့ အပြေးအလွှား သွားတရားနာ။ ဗဟုသုတရရုံဆိုရင်တော့ ကိစ္စမရှိပါ။ တရားလည်းဆုံး ငါတော့ အပါယ်ပိတ်ပြီ။ သောတာပန်ဖြစ်ပြီ။ လုပ်ချင်တာ လုပ်လို့ရပြီ ဆိုပြီး ထင်ရာတွေ စိုင်းကုန်မှာ စိုးရပါတယ်။ ကြားဖူးတာလေး ပြောချင်ပါတယ်။ ဒကာကြီးတစ်ယောက် အဲဒီ့လို တရားသွားနာပြီး အပါယ်ပိတ်ပြီလို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါသတဲ့။ တစ်နေ့တော့ သူ့အိမ်ကို ဧည့်သည်တစ်ယောက် ညကြီး အချိန်မရှိမှ ရောက်လာပါတယ်။ ဧည့်သည်ကလည်း ဧည့်ကောင်း၊ ထမင်းကလည်း မစားခဲ့ရသေးဘူးပြော၊ ဆိုင်တွေကလည်းပိတ် ဘာမှဝယ်လို့မရတဲ့ အခြေအနေဆိုတော့ ဒကာကြီးက သူ့အိမ်ကမွေးထားတဲ့ ကြက်တွေကို မျက်စောင်းထိုးကြည့်ပြီး မိန်းမနဲ့ သားသမီးတွေကို ဆိုလိုက်တာကတော့ - ကဲ..ကဲ မင်းတို့ ဝေးရာသွားနေကြ။ တော်ကြာ အသံဗလံတွေ ကြားနေရလို့ အကုသိုလ် ဖြစ်နေရဦးမယ်။ အဖေကတော့ အပါယ်တံခါး ပိတ်ပြီးသားဆိုတော့ ပြဿနာ မရှိဘူး။ ဒီကြက်ကို အဖေ့ဘာသာ ကြည့်လုပ်လိုက်ပါမယ် တဲ့။ အင်း.... ဆရာမှားလို့ တစ်သံသရာလုံး မှောက်ရတော့မှာပဲနော်။)

ရုပ်နာမ်ကို ၀ိပဿနာရှုပွါးတဲ့အခါ သတိနဲ့လည်း အဖန်တလဲလဲ ရှုပွါးရပါတယ်။ သမာဓိနဲ့လည်း အဖန်တလဲလဲ ရှုပွါးရပါတယ်။ ပညာနဲ့လည်း အဖန်တလဲလဲ ရှုပွါးရပါတယ်။ အဲဒီ့လို ရှုတဲ့အခါမှာလည်း ရှုရှုချင်း ၀ိပဿနာပညာ ဖြစ်တာမဟုတ်ပါဘူး။ ရှုပွါးစမှာတော့ သတိနဲ့ပဲ အထပ်ထပ် ပွါးရပါမယ်။ သတိအားကောင်းလာတဲ့အခါ သမာဓိ ဖြစ်လာပါတယ်။ သမာဓိအားကောင်းလာတဲ့အခါ ပညာ ဖြစ်လာပါတယ်။ စပြီးရှုစဉ်မှာ သတိနဲ့စရတဲ့အတွက်၊ သတိပြည့်စုံမှ သမာဓိ၊ ပညာရနိုင်တဲ့အတွက်‌၊ သတိသာလျှင် အဓိကပြဌာန်းတဲ့အတွက် သမာဓိပဌာန်၊ ပညာပဌာန်ရယ်လို့ မရှိဘဲ သတိပဌာန်သာ ရှိရတာပါ။ သတိအားကောင်းမှ သမာဓိ၊ ပညာ အဆင့်ဆင့် ရနိုင်တဲ့အတွက် ၀ိပဿနာနဲ့ သတိပဌာန် ခွဲလို့မရဘူးလို့ ဆိုခဲ့တာပါ။

သတိပဋ္ဌာန် (၄)ပါးရှိတဲ့အနက် ကာယာနုပဿနာ သတိပဌာန်မှာလည်း ကာယ (၆)မျိုး ရှိပါတယ်။
(၁) အာနာပါနကာယ
(၂) ဣရိယာပထကာယ
(၃) သမ္မဇညကာယ
(၄) ပဋိကူလမနသိကာရကာယ
(၅) ဓာတုမနသိကာရကာယ
(၆) န၀သိဝထိကကာယ တို့ပဲ ဖြစ်ပါတယ်။
အဲဒီ့မှာလည်း ၀ိပဿနာသက်သက် ကာယက (၃)မျိုး၊ သမထအခြေခံ ကာယက (၃)မျိုးဆိုပြီး ရှိပါတယ်။ ဣရိယာပထ၊ သမ္မဇညနဲ့ ဓာတုမနသိကာရကာယတို့က ၀ိပဿနာသက်သက် ကာယတွေဖြစ်ပြီး အာနာပါန၊ ပဋိကူလမနသိကာရနဲ့ န၀သိဝထိကကာယတို့က သမထအခြေခံ ကာယတွေ ဖြစ်ပါတယ်။ သန်လျင်တောရနည်းမှာတော့ ဓာတုမနသိကာရကာယ ကို အဓိကထားပြီး ရှုပါတယ်။ ဘာလို့လဲဆိုတော့ ဣရိယာပထမှာ သွားတယ်၊ ရပ်တယ်၊ ထိုင်တယ်၊ လျောင်းတယ်။ သမ္မဇညမှာ ကွေးတယ်၊ ဆန့်တယ် စတာတွေဟာ အားထုတ်သူရဲ့စိတ်မှာ ခြေထောက်၊ လက်၊ ကိုယ်ဆိုတဲ့ ပညတ်တွေ အထင်များနေတဲ့အတွက် စစချင်း ပျောက်အောင်ရှုဖို့ မလွယ်လို့ပါ။

သတိပဌာန်လေးပါးမှာ ကာယာနုပဿနာ သတိပဌာန်ဆိုတာက ရုပ်ကမ္မဌာန်းသက်သက်၊ ဝေဒနာနဲ့ စိတ္တာနုပဿနာက နာမ်ကမ္မဌာန်းသက်သက်၊ ဓမ္မာနုပဿနာက ရုပ်နာမ်ရောတဲ့ မိဿကကမ္မဌာန်း ဖြစ်ပါတယ်။ အကျဉ်းချုံးတော့ ရုပ်ကမ္မဌာန်း၊ နာမ်ကမ္မဌာန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ သုတ်မဟာဝါ အဌကထာ (၃၁၄) အရ ဘုရားရှင်ဟာ ရုပ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဆိုရင် ဓာတ်ကြီးလေးပါး ရုပ်ကမ္မဌာန်း၊ နာမ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဆိုရင် နာမ်ကမ္မဌာန်း၊ နတ်တွေဆိုရင် နာမ်ကမ္မဌာန်း ပေးပါသတဲ့။ လူသားတွေအတွက် ရုပ်နဲ့ နာမ်မှာလည်း ရုပ်က ကြမ်းတမ်းတယ်။ ပေါ်လွင် ထင်ရှားတယ်။ သိလွယ်၊ မြင်လွယ်တယ်။ နာမ်က နူးညံ့ သိမ်မွေ့တယ်။ ရုပ်လောက် မထင်ရှားဘူး။ ရုပ်မှာလည်း စက္ခုပသာဒ၊ သောတပသာဒ၊ ရူပါရုံ၊ သဒ္ဒါရုံ စတဲ့ ဥပါဒါရုပ်တွေထက် ဓာတ်ကြီးလေးပါးဆိုတဲ့ မဟာဘုတ်ရုပ်တွေက ပိုထင်ရှားပြီး သိလွယ်ပါတယ်။ ဒါ့ကြောင့် သန်လျင်တောရနည်းမှာ ပေါ်လွင်ထင်ရှားလွန်းတဲ့ ဓာတ်ကြီးလေးပါး မဟာဘုတ်ရုပ်တွေကို စပြီး အရှုခံထားပြီး ရှုခိုင်းပါတယ်။

ဓာတ်ကြီးလေးပါးမှာလည်း ဝါယောဓာတ်ကို စရှုပါတယ်။ ၀ါယောဓာတ်က ကိစ္စကျယ်ပြန့်လွန်းလို့ ဖြစ်ပါတယ်။ ဝါယောဓာတ်ဆိုတာ တွန်းတဲ့သဘော၊ ထောက်ကန်ပေးတဲ့သဘောတွေပါပဲ။ တွန်းအား၊ ဆွဲအား၊ ထိန်းအားတွေပေါ့။ အဲဒါတွေ မပါဘဲနဲ့ ဘာမှ လုပ်လို့ မရပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကြည့်မယ်ဆိုရင် လှုပ်ရှားမှု မှန်သမျှ ဝါယောဓာတ်ကြောင့်ချည်း ဖြစ်ရတာကို သတိထားမိပါလိမ့်မယ်။ ဝါယောဓာတ်ဖောက်ပြန်ပြီး လေဖြတ်သွားရင် မလှုပ်နိုင်တော့ပါဘူး။ စကားပြောတယ်။ ပါးစပ်လှုပ်တယ်။ မျက်စိတွေ ဟိုဘက်ဒီဘက် စောင်းကြည့်မယ်။ အားလုံး ဝါယောဓာတ်တွန်းအားကြောင့်ပါ။ ကိုယ့်ကိုယ်ကို လေဖြတ်နေသူ တစ်ယောက်အဖြစ် သဘောထားပြီး လက်လေးတစ်ချောင်းကို ဖြည်းဖြည်းလေး ကွေးကြည့်ပါ။ တွန်းအား အထပ်ထပ်ကို သတိထားမိပါလိမ့်မယ်။ ဒါက တွန်းဝါယောသဘောပါ။ ထိန်းဝါယောလည်း အတူတူပါပဲ၊ ဝါယောဓာတ် အားနည်းနေတဲ့ မွေးကင်းစ ကလေးလေးဟာ သူ့ခေါင်းကို ထောင်နေအောင် မထိန်းနိုင်သေးပါဘူး။ ကိုယ့်ဇက်ကို မတ်နေဖို့၊ ကိုယ့်ခါးကို မတ်နေဖို့၊ တစ်ကိုယ်လုံး မတ်နေဖို့ သတိထားပြီး ထိန်းကြည့်ပါ။ ခန္ဓာကိုယ် ပြင်ပမှာလည်း လှုပ်ရှားသွားလာနေတာတွေ အားလုံး တွန်းဝါယောကြောင့်ပါ။ ကားတွေလည်း တွန်းအားနဲ့ သွားတာပဲ။ လေယာဉ်ပျံတို့ ဒုံးပျံတို့ အာကာသယာဉ်တွေဆိုတာလည်း သိပ်ကို ကြီးမားတဲ့ တွန်းအားနဲ့ ရွေ့လျားနေကြတာပါ။ ဝါယောဓာတ်ဆိုတာ တကယ်တော့ FORCE ပါပဲ။

ဝါယောဓာတ်ကို ပိုင်ပိုင်နိုင်နိုင် ရှုပွါးနိုင်ပြီဆိုရင် လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပထ၊ ကွေး၊ ဆန့်၊ ရှေ့တိုး၊ နောက်ဆုတ် စတဲ့ သမ္ပဇည တွေဟာလည်း ၀ါယောဓာတ် ဦးစီးတဲ့အတွက် လွယ်လွယ်ကူကူ ရှုနိုင်ပါပြီ။ ဓာတ်တစ်ပါးကို ပရမတ် အနိစ္စထင်အောင် ပိုင်ပိုင်နိုင်နိုင် ပွါးနိုင်ရင် ကျန်တဲ့ဓာတ်သုံးပါးကလည်း မခက်ခဲတော့ပါဘူး။ ကျန်တဲ့ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာနုပဿနာတွေလည်း ခဲယဉ်းခြင်း မရှိတော့ပါဘူး။ ဒါကြောင့် လွယ်လွယ်ကူကူ အနိစ္စ ထင်စေဖို့ ၀ါယောဓာတ်ကနေ စရှုပွါးပါတယ်။

သန်လျင်တောရနည်းမှာ ကာယာနုပဿနာ သတိပဌာန် ၀ါယောဓာတ်ကစပြီး သတိပဋ္ဌာန် (၄)ပါးလုံးကို ရှုတဲ့အခါ ရှုကွက်တွေက အများကြီးပါ။ တစ်ခုတည်းကို မူတည်ပြီး ရှုတာ မဟုတ်ပါဘူး။ စရိုက်အမျိုးမျိုး ရှိတဲ့အတွက် ရှုကွက်တွေ အများကြီး ဖြစ်နေရတာပါ။ တစ်ယောက်တည်းအတွက်ကတော့ ကိုယ်နဲ့ သင့်လျော်တာ တစ်မျိုးဆိုရင် လုံလောက်ပါတယ်။ ဘုရားရှင်မှတစ်ပါး သတ္တ၀ါတွေရဲ့ ဣနြေ္ဒစရိုက်ကို အတိအကျမှန်အောင် သိနိုင်တဲ့သူ မရှိတဲ့အတွက် ကိုယ်တိုင်ပဲ အားထုတ်ကြည့်ပြီး ရုပ်နာမ်ကို သိလွယ်မြင်လွယ်ရင် ကိုယ့်စရိုက်နဲ့ ကိုက်တယ်လို့ ဆုံးဖြတ်ချက်ချရမှာပါပဲ။

အပိုင်း(၂)ကို ဆက်ဖတ်ပါဦး။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP